Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတိုင်း၊ ထုံခါ-မောတောင်လမ်းပိုင်းတွင် ခရီးသည်တင်ကားကို မှားယွင်းပစ်မိသည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ် PDF က တောင်းပန်

ABN-မေအိအိအောင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြိုနယ်ရှိ ထုံခါ-မောတောင်လမ်းပိုင်းတွင် ခရီးသည်တင်ကားတစ်စီးကို မှားယွင်းပစ်မိသည့်အပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) PDF ကတောင်းပန်ကြောင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က တနင်္သာရီတိုင်း လယ်တောင်ရွာနှင့် တမုတ်ချုံးရွာအကြားအတွင်း မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ကားကို PDF အဖွဲ့က မှားယွင်းပစ်မိပြီး ခရီးသည် ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့သည်။

ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ်ကလေး ၁ဦးနှင့် ၄၀ နှစ်အရွယ်အမျိုးသမီး ခရီးသည် ၁ဦးသေဆုံးကာ ရဟန်း ၂ ပါး နှင့် အမျိုးသား ၃ ဦး တို့ ဒဏ်ရာရရှိခဲ့ကြသည်။

ထိုကဲ့သို ဖြစ်ပွားသည့်အပေါ် NUG လက်အောက်ခံ မြိတ် PDFအဖွဲ့က သေဆုံးသူများအပါအဝင် ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်းနှင့် အနူးအညွန့်တောင်းပန်ကြောင်း ယမန်နေ့ ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်သည်ကို တွေ့ရသည်။

ဖြစ်စဉ်မှာ အဆိုပါ ထုံခါ-မောတောင်လမ်းပိုင်းအတွင်း စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာမည်ဟု PDF အဖွဲ့က သတင်းရရှိထားပြီးစောင့်ဆိုင်းနေစဉ် မြတ်မန္တလာထွန်း ခရီးသည်တင်ကား ဖြတ်သန်းလာပြီး ကားရပ်ခိုင်းသော်လည်း မရပ်ဘဲ ဆက်သွားသဖြင့် ၎င်းတို့ကပစ်ရကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အဆိုပါနေရာမှာ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် နှင့် ဒေသကာကွယ်ရေး PDF တို့ တိုက်ပွဲဖြစ်ပွားပြီး ယာယီပိတ်ထားသည့် လမ်းဖြစ်သည်။

ယင်းအပြင် မြိတ်-တနင်္သာရီ-မောတောင်လမ်းရှိ ထုံခါ-မောတောင်လမ်းအတွင်း စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်သောကြောင့် အဆိုပါလမ်းကို သွားလာခွင့်ရသည်ဟု မကြေညာသည့်အထိ ထိုလမ်းအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်)က ပြောထားသည်။

ထိုဒေသတွင် ထိုကဲ့သို အိမ်စီးကားများ၊ ခရီးသည်တင်ကားများ ပစ်ခတ်ခံရမှုဖြစ်ပွားလေ့ရှိကြောင်းနှင့် ဖြစ်ပွားမှုများတွင်လည်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်