Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတိုင်းတွင် ရွာတစ်ရွာကို စစ်ကောင်စီတပ်မှ အတင်းအဓမ္မရွှေ့ပြောင်းခိုင်း၊ ရွာသားများ ထိုင်းနယ်စပ်တွင် ရာချီ ခိုလှုံနေရ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ (မိုင်း) ရွာကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် နိုဝင်ဘာလက ရွာလုံးကျွတ် အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည့် အတွက်ကြောင့် ဒီဇင်ဘာလ အစောပိုင်းခန့်တွင် ရွာသူရွာသားများ ရာနှင့်ချီပြီး ထိုင်းနိုင်ငံ နယ်စပ်သို့ ပြောင်းရွေ့ ခိုလှုံနေရကြောင်း သိရသည်။

ရတနာပုံ (မိုင်း) ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ နိုဝင်ဘာလ နောက်ဆုံးအပတ်က နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ရွာထဲသို့ဝင်ရောက်ကာ ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ရတနာပုံ (မိုင်း)ရွာမှ ပြည်သူ ၄၀၀ ခန့်မှာ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြန်မာ – ထိုင်း နယ်စပ်ရှိ ပကျွပ်ခရိုင် ဘန်စဲဖန်မြို့နယ် ခေါင်လွဲရွာတွင် စစ်ဘေးရှောင်များအဖြစ် ရောက်ရှိခိုလှုံနေကြရသည်။

ထို့အပြင် စစ်ဘေးရှောင်ဦးရေ ၄၀၀ ခန့်မှာ ထိုင်းအစိုးရ၏ ယာယီအကူအညီကို ရရှိနေပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများစွာ လိုအပ်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ သပြေသာ၊ ဝဲကြီး၊ မူးခံတွင်းနှင့် ရုံးသာရွာများကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဝဲကြီးရွာမှာ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး ယခုဒီဇင်ဘာလအတွင်း ဒီပဲယင်းမြို့နယ်မှ သပြေသာ၊ ဝဲကြီး၊ မူးခံတွင်းနှင့်ရုံးသာရွာများအပါအဝင် ရွာစုစုပေါင်း ၁၄ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး သောင်းနှင့်ချီသည့် အရပ်သားပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့၍ ပြည်သူပိုင်အိမ် ၈၀ ခန့်မှာ မီးလောင်ပြာကျ ပျက်စီးခဲ့ရပြီး ရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ စစ်ကြောင်းနှစ်ကြောင်းမှာ ဝဲကြီးရွာနှင့် မူးခံတွင်းရွာတို့တွင် တပ်စွဲထားကြောင်း သိရသည်။

ရခိုင်ပြည်တွင်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်အခတ်ရပ်ဆိုင်းပြီးသည့် အချိန်မှ စကာ စစ်ကောင်စီတပ်မှ ရခိုင်ပြည်မြို့နယ်အများစုတွင် တပ်အင်အားဖြည့်တင်းမှု၊ မြို့များတွင် နေရာချတပ်ဖြန့်ထားမှုနှင့် ရိက္ခာသယ်ယူပို့ဆောင်မှုများကို ဆက်တိုက်လုပ်ဆောင်နေလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ