သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ရေးပြင်းထန်နေတဲ့ စစ်တွေမြို့မှာ သင်္ကြန်ပွဲကျင်းပဖို့ စစ်ကောင်စီ စီစဥ်နေ

AB News – မတ် ၁၉ ၊ ၂၀၂၅

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသော မြို့တော် စစ်တွေတွင် သင်္ကြန်ရေသဘင်ပွဲကျင်းပရန် စီစဥ်နေကြောင်း စစ်ကောင်စီ ပြန်ကြားရေတာဝန်ခံ ဦးလှသိန်းက ၎င်း၏ ဖေ့စ်ဘုတ်လူမှုစာမျက်နှာတွင် ရေးသားပြောဆိုထားသည်ကို တွေ့ရှိရသည်။

”ဒီနှစ် စစ်တွေမှာ သင်္ကြန်ကျမှာလား။ ရိုးရာသင်္ကြန် ဒြပ်မဲ့ကမ္ဘာအသိအမှတ်ပြု ရခိုင်တို့သင်္ကြန်၊ မြန်မာတို့သင်္ကြန် ၊ တိုင်းရင်းသားတို့သင်္ကြန်၊ အရေးပါတဲ့သင်္ကြန်ပွဲကို စစ်တွေမှာ နွှဲကြရအောင်။ နံ့သာသွေးပွဲ ၊ သက်ကြီးပူဇော်ပွဲတွေလဲ ပါဝင်ပါမယ် ။ပြည်နယ်အစိုးရအဖွဲ့က ၁၈၊၃၊၂၅ နေ့လုပ်ငန်းညှိနှိုင်း မှုများ စတင်ဆောင်ရွက်နေပါပြီ ” ဟု ၎င်း၏ လူမှုကွန်ယက်တွင် ဖော်ပြ ပြောဆိုထားသည်။

၂၀၂၅ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့က ယခုနှစ် သင်္ကြန်ပွဲကျင်းပနိုင်ရန် စစ်ကောင်စီ အဖွဲ့ဝင်များသည် စစ်တွေမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညိုနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ယမန်နှစ်က ပြုလုပ်ခဲ့သည့် သင်္ကြန်ပွဲနှင့် ယခုနှစ်တွင် ဆောင်ရွက်သွားမည့် အစီစဥ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး သင်္ကြန်ပွဲကျင်းပရန် စီစဉ်နေခြင်းမှာ သူတို့ရဲ့ ယန္တရားလည်ပတ်နေသေးကြောင်း ပြသရန် ဟန်ပြလုပ်နေခြင်းသာ ဖြစ်သည်ဟု စစ်တွေဒေသခံ အမျိုးသမီး ၁ ဦးက AB News သို့ ပြောသည်။

” ဒီလောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာ တိုက်ပွဲကြား သင်္ကြန်ပွဲကျင်းပဖို့က အဆင်မပြေနိုင်ဘူး။ တိုက်ပွဲကြောင့် စစ်ကောင်စီက သင်္ကြန်ပွဲကို ဟန်ပြအနေနဲ့ ပြုလုပ်တာသာ ဖြစ်နိုင်တယ်။ နောက်ပြီးတော့ စစ်ကောင်စီဟာ ရက္ခိုင်မှာ ရှိနေသေးတာဆိုတာကို ပြသတဲ့ သဘောလည်း ဖြစ်မှာပါ” ဟု ဆိုသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး စစ်ကောင်စီဘက်မှ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

တစ်ဖက်တွင် အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် မြို့နယ်များတွင်ကား သင်္ကြန်ရေသဘင်ပွဲ ကျင်းပမည့် အရိပ်အယောင် မတွေ့ရသေးပေ။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ