သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရမှုအတွင်း ပြည်သူ ၄ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာပြင်းထန်

AB News- မတ်၂၆၊ ၂၀၂၅

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရမှုအတွင်း ပြည်သူ ၄ ဦးသေဆုံးပြီး ၁၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AB News က စုံစမ်း သိရသည်။

သေဆုံးသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြ လိပ်ကုန်းပြင်အပိုင်းမှ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသန်းမောင် (ဝမ်းဗိုက်အူထွက်ဒဏ်ရာ)၊ ၎င်း၏ဇနီး အသက် ၄၉ နှစ်အရွယ် ဒေါ်မယေ (ဝမ်းဗိုက်အူထွက်ဒဏ်ရာ)၊ ၎င်းတို့၏သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် မောင်သက်ကျော်နှင့် ယိုးတရုတ်၊ ချောင်းဝမှ အဖ မောင်တင်အေး၏သား အသက် ၂၃ နှစ်အရွယ် ရဲလင်းစိုး (ဝမ်းဗိုက်ဒဏ်ရာ) တို့ဖြစ်သည်။

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းတွင် လူအများအပြား သေဆုံး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ မိသားစုဝင် ၃ ဦးအထိ ဆုံးရှုံးခဲ့ရသည်။ အလွန်ထိတ်လန့်တုန်လှုပ်မိကြောင်း သေဆုံးသူများ၏ ဆွေမျိုးတစ်ဦးက AB News သို့ ပြောသည်။

“စစ်ဘေးရှောင် ၄ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း အများကြီးပဲ။ ကျမတို့ မိသားစုဝင် ၃ ဦးပါသွားတယ်။ အရမ်းကြောက်လာပါပြီ။ ပုန်းခိုစရာနေရာတောင်မရှိတော့ဘူး” ဟု ဆိုသည်။

ဒဏ်ရာရရှိသူများမှာ-

( ၁) ဒေါ်မိမိုးချေ (၂၆ နှစ်၊ ဦးခေါင်းဘယ်ဘက်နှင့် ဝမ်းဗိုက်ဒဏ်ရာ)

( ၂) မျိုးမြတ်ကျော် (၆ နှစ်၊ ဘယ်ဘက်ခြေ၊ လက်နှင့် ဦးခေါင်းဒဏ်ရာ)

( ၃) ရွှေယဥ်ဝင်း (၂ နှစ်၊ ဘယ်ဘက်လက်၊ ခြေနှင့် လည်ပင်းဒဏ်ရာ)

( ၄) ဒေါ်မဆန်းယဥ် (၃၅ နှစ်၊ ဘယ်ဘက်ပေါင်နှင့် ကျောကုန်းဒဏ်ရာ)

( ၅) မောင်ဘိုနိုင်ငြိမ်း (၃ နှစ်၊ ဘယ်ဘက်ခြေ ဗုံးဆံဖောက်ဒဏ်ရာ)

( ၆) မဦးဆန်းမေ (၉ နှစ်၊ ဦးခေါင်းဒဏ်ရာ)

( ၇) ဒေါ်ဖြူဖြူအေး (၂၈ နှစ်၊ ဦးခေါင်းဒဏ်ရာ)

( ၈) မအေးမြတ်ဝေ (၁၅ နှစ်၊ ဝမ်းဗိုက်နှင့် ပေါင်ဒဏ်ရာ)

( ၉) ဦးလှနု (၄၈ နှစ်၊ ပါးဒဏ်ရာ)

( ၁၀) ဒေါ်လှလှယီ (၅၃ နှစ်၊ ဒူးနှစ်ဖက်ဒဏ်ရာ)

( ၁၁) ဦးစောနိုင်သန်း (၂၉ နှစ်၊ လည်ပင်းနှင့် ဦးခေါင်းဒဏ်ရာ)

( ၁၂) လှမြင့်ရွှေ (၂၇ နှစ်၊ ပေါင်ဒဏ်ရာ)

( ၁၃) စိုးစိုးလှိုင် (၂၅ နှစ်၊ ဒူးဒဏ်ရာ) တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများအထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ၄ ဦးပါဝင်သည်။

လက်နက်ကြီးကျည် ထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဒေါ်မိမိုးချေမှာ မိသားစုဝင် ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ပြင်းထန်ဒဏ်ရာရရှိခဲ့သူများတွင် ခြေထောက်ဖြတ်ရမည့်သူများလည်း ပါဝင်ကြောင်း တွေ့ရသည်။

ဆေးကုသမှုခံယူသူများအထဲမှ မအေးမြတ်ဝေမှာ ဝမ်းဗိုက်နှင့် ပေါင်တွင် ဒဏ်ရာပြင်းစွာရရှိခဲ့သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေကြောင်း သိရသည်။

ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ၃ ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အရပ်သားပြည်သူ ၁၀၀ ကျော် နေထိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်ဘေးရှောင်စခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူစုလူဝေးရှိသည့် နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ