
AB News – ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ သင်ပုန်းတန်းကျေးရွာကို စစ်ကော်မရှင်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရစ်မြစ်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်သားများသည် သင်ပုန်းတန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် သင်ပုန်းတန်းကျေးရွာမှ အရပ်သားနေအိမ် ၂၃ ဆောင် မီးလောင်ပြာကျခဲ့ရသည်။
စစ်ကော်မရှင်တပ်သည် စစ်တွေမြို့နယ်ရှိ သင်ပုန်းတန်းကျေးရွာအပါအဝင် စစ်တပ်ဆေးရုံနှင့် နီးစပ်သည့်ကျေးရွာများ ဖြစ်ကြသည့် မောင်နီပြင်၊ အောင်တိုင်၊ ပျားလည်ချောင်းနှင့် ရေချမ်းပြင်လမ်းတလျှောက်မှ ကျေးရွာများကို အတင်းအဓမ္မ ပြောင်းရွေးထားခြင်း ဖြစ်သည်။
စစ်ကော်မရှင် ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့နယ်မှ ကျေးရွာများရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို စစ်ကော်မရှင်တပ် အရာရှိကြီးများက ဖြိုဖျက်ကာ စီးပွားဖြစ် ပြန်လည်ရောင်းချနေကြောင်းလည်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်တွေမြို့အတွင်း ထင်းနှင့် မီးသွေး လောင်စာဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကို အခွင့်ကောင်းယူ၍ စစ်ကော်မရှင် တပ်သားများသည် လူမရှိသည့် အိမ်လွတ်များ၊ ခြံစည်းရိုးများနှင့် သစ်အိမ်၊ ဝါးအိမ်များကို ဖြိုဖျက်ကာ မူဆလင်များထံ ထင်းအဖြစ် ရောင်းချမှုများလည်း ရှိနေသည်။
လက်ရှိ စစ်တွေမြို့တွင် စစ်ဘေးရှောင်များအပါအဝင် မြို့ခံများမှာ ကုန်စည်စီးဆင်းမှု၊ ခရီးသွားလာခွင့်များ ပိတ်ဆို့ခံထားရပြီး အများစုမှာ စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြရသည်။
စစ်တွေမြို့နယ်တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်(AA) တို့ကြား စစ်ရေးပြင်းထန်လာမည်ကို စိုးရိမ်နေကြရသည့်အပြင် စစ်ကော်မရှင်၏ နှင်ထုတ်နေမှုကြောင့် စစ်တွေမြို့ပြင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ မြို့တွင်းနှင့် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတို့တွင် ခိုလှုံနေကြသည်။
ယင်းအပြင် စစ်တွေမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှုများဖြင့် မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကော်မရှင်ဖက်မှလည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ကို AA ဝင်ရောက်မလာနိုင်စေရေး အင်အားတိုးချဲ့ကာ စစ်ရေးပြင်ဆင်ထားကြောင်း သိရသည်။