သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေနှင့် ကျောက်ဖြူကို အာရက္ခတပ်တော်မှ တပြိုင်နက်တည်း အရှိန်မြှင့်တိုက်ခိုက်လာ(မြို့သိမ်းတိုက်ပွဲဖြစ်လာနိုင်သဖြင့် စစ်ကောင်စီအကျပ်ရိုက်နေ)

AB News – ဇန်နဝါရီ ၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို အာရက္ခတပ်တော်(AA)က တပြိုင်နက်တည်း အရှိန်မြှင့်တိုက်ခိုက်လာနေပြီး မြို့သိမ်းတိုက်ပွဲများဖြစ်လာနိုင်ကြောင်း CDM ဗိုလ်မူးကြီး ဇင်ယော်က သုံးသပ်ထားသည်။

အာရက္ခတပ်တော်က မြို့သိမ်းတိုက်ပွဲ စတင်ကြောင်းကို အစောပိုင်းတွင် အထူးတလည် ထုတ်ပြန်လေ့မရှိဘဲ နယ်မြေထက်ဝက်ခန့်ကို စိုးမိုးပြီးမှသာ ထုတ်ပြန်လေ့ရှိသည့် “ခြေလုံလက်လုံ” နည်းဗျူဟာကို အသုံးပြုနေကြောင်း ပြောဆိုထားသည်။

လက်ရှိ စစ်တွေမြို့တိုက်ပွဲတွင် အာရက္ခတပ်တော်က အဓိကခံစစ်စခန်းဖြစ်သည့် ကံကော်ကျွန်းဘက်သို့ ဝါဘိုဘက်မှ ဖိအားပေးတိုက်ခိုက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ တိုက်ပွဲများ ဖြစ်လျက်ရှိသည်။ အဆိုပါ တိုက်ပွဲများကြောင့် မီတာ ၃၀၀ ဝန်းကျင်အထိ အာရက္ခတပ်တော်ဘက်မှ ရှေ့တိုးလာနိုင်သည့် အခြေအနေရှိနေသည်ဟုလည်း သုံးသပ်ထားသည်။

စစ်တွေမြို့အတွင်းတွင် စစ်တပ်ဘက်က လေဆိပ်၊ ရွှေမင်းဂံ ဇက်ဆိပ်နှင့် ပွိုင့်ကမ်းခြေ ရေတပ်စခန်းများကို အဓိက လုံခြုံရေးယူထားရပြီး စစ်ရေယာဉ်များပေါ်တွင်ပါ အင်အားများ ဖြန့်ခွဲထားရသည့် အခြေအနေဟု သိရသည်။ ထို့အပြင် အင်အားတစ်စိတ်တစ်ပိုင်းကို ကျောက်ဖြူဘက်သို့လည်း ပြန်လည် ဖြန့်ခွဲထားရကြောင်းလည်း ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ သစ်ပုတ်တောင်နှင့် ချောင်းမြောင်ဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်လာနေပြီး တိုက်ခိုက်ရေးအရှိန်တိုးမြှင့်လာသောကြောင့် သစ်ပုတ်တောင်ဘက်တွင် အာရက္ခတပ်တော်ဘက်မှ စစ်ရေးအရ အသာစီးရနေကာ စကမတပ်ဖွဲ့ဝင်များအား ဖမ်းဆီးရမိမှုများ ရှိခဲ့ကြောင်းနှင့် ချောင်းမြောင်ဘက်တွင်မူ နှစ်ဖက်စလုံး ထိခိုက်မှုများ ရှိခဲ့နိုင်ကြောင်း ဆိုသည်။

ထို့အပြင် ကျောက်ဖြူမြို့နှင့် ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကြား ဆက်သွယ်ရေး လမ်းကြောင်းအချို့ကို အာရက္ခတပ်တော်ဘက်မှ ပြန်လည် စိုးမိုးထားနိုင်သည့် အခြေအနေတစ်ရပ် ရှိလာနေပြီဟုလည်း သုံးသပ်ထားသည်။

လက်ရှိတွင် စစ်တွေ၊ ကျောက်ဖြူ နှစ်မြို့စလုံးကို တပြိုင်နက်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိုင်မလားဆိုသည်မှာ မသေချာသေးသော်လည်း အာရက္ခတပ်တော်၏ တပ်ဖြန့်ချထားမှု ဧရိယာသည် တဖြည်းဖြည်း ကျယ်ပြန့်လာနေပြီး ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေမှာ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဗိုလ်မှူးကြီး ဇင်ယော်က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ