
AB News-မတ်လ ၆၊ ၂၀၂၅
စစ်တွေမြို့တွင် စစ်ကောင်စီတရားရုံးက “ခိုင်ထူးလေယာဥ်လက်မှတ်အရောင်းဌာန” ပိုင်ရှင်အမျိုးသမီးအား ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း ဆွေမျိုးများမှ သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသည့်အမျိုးသမီးသည် စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် မစောခင်အေး (ခ) အဘုဖြစ်သည်။
စစ်ကောင်စီက ၎င်းအမျိုးသမီးကို နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။
၂၀၂၃ ဒီဇင်ဘာလအတွင်းတွင် စစ်ကောင်စီသည် မခင်စောဝေ၏ နေအိမ်တွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး Facebook လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ဖြန့်ဝေမှု၊ ပြည်သူများအပေါ်အထိတ်တလန့်ဖြစ်စေမှု များဖြင့် ၎င်းအားတရားစွဲဆိုခဲ့သည်။
လက်ရှိတွင် မခင်စောဝေကို စစ်တွေအကျဥ်းထောင်၌ ဖမ်းဆီးထောင်ချထားကြောင်းလည်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် လူမှုကွန်ယက် စာမျက်နှာများတွင် ဝေဖန်ရေးသားခြင်း၊ သတင်းအချက် အလက်များ မျှဝေခြင်းများကြောင့် ဖမ်းဆီးခံရသူ ၁၄၈၀ ယောက်ရှိကြောင်း Data For Myanmar ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။