သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ၃၃ ဦးကို NUG က အကြမ်းဖက်အဖြစ် ကြေညာပြီး ဖမ်းဆီးသွားမည်ဟု ပြောကြား(စစ်ကော်မရှင်ထံ တာဝန်ထမ်းဆောင်နေသည့် ရက္ခိုင်လူမျိုး ၃ ဦး ပါဝင်နေ)

AB News – ဒီဇင်ဘာ ၂၃၊ ၂၀၂၅
ဒေဝီ

စစ်ခေါင်းဆောင်မင်းအောင်လှိုင် အပါအဝင် ၃၃ ဦးကို အကြမ်းဖက်အဖြစ် ကြေညာခဲ့ပြီး ဖမ်းဆီးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပါအဝင် စစ်ကော်မရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်နေသူ ၃၃ ဦးကို အကြမ်းဖက်အဖြစ် ကြေညာထားပြီး ထိုအထဲတွင် ရက္ခိုင်လူမျိုး ၃ ဦးပါဝင်နေသည်။

စစ်ကော်မရှင်လက်အောက်တွင်တာဝန်ထမ်းဆောင်နေပြီး NUG ၏ အကြမ်းဖက်များ ထုတ်ပြန်ကြေညာချက် တွင်ပါဝင်သူ ရက္ခိုင်လူမျိုး ၃ ဦးမှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ) ဗဟိုအကြံပေး ဒေါ်အေးနုစိန်၊ ရက္ခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ အောင်ကျော်မင်းနှင့် ဒေါက်တာ ဘရွှေတို့ ဖြစ်သည်။

ဒေါ်အေးနုစိန်သည် တရားလွှတ်တော်ရှေ့နေဖြစ်ခဲ့ပြီး ယခင်က ရက္ခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယဥက္က ဖြစ်ခဲ့ကာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတော်အဆင့် စစ်ကောင်စီအဖွဲ့ဝင်ဖြစ်ခဲ့ကာ လက်ရှိတွင် အမျိုးသာကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ဗဟိုအကြံပေးဖြစ်သည်။

ဒေါက်တာ အောင်ကျော်မင်းသည် ယခင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က ရက္ခိုင်ပြည် လူမှုရေးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်ထံ ရက္ခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် နာမည်နှင့် ရာထူးမရှိကြောင်း သိရသည်။

အလားတူ စစ်ကော်မရှင်၏ ပြည်ထောင်စုအဆင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သည့် ရက္ခိုင်လူမျိုး ဒေါ်နုမြဇံကိုလည်း NUG က ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် အကြမ်းဖက်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့အနေဖြင့် အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသူများကို ဖမ်းဆီးရမိနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင် ပူးပေါင်းဆောင်ရွက်ကြရန် NUG က တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ