
AB News – မတ် ၁ ၊ ၂၀၂၅
စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်မည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။
ခရီစဉ်အတွင်း သမ္မတပူတင်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဌအပါအဝင် အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများအပါအဝင် ကဏ္ဍပေါင်းစုံ မဟာဗျုုဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ဆိုထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရုရှားစီးပွားရေးဝန်ကြီး၏ မြန်မာခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းထဲက ဆိပ်ကမ်းနှင့် ရေနံချက်စက်ရုံစီမံကိန်းအပါအဝင် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းတချို့ကို ရုရှားနှင့် မြန်မာစစ်ကောင်စီကြား လက်မှတ်ရေးထိုးခဲ့သည် ဟုသိရသည်။
၂၀၂၂ခုနှစ်၊ စက်တင်ဘာလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ကျင်းပသော ၇ ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံခဲ့ကာ ယခုနှစ် ၂၀၂၅ ခရီးစဉ်သည် ရုရှားသမ္မတပူတင်နှင့် ဒုတိယကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။