
AB News – မတ် ၃၁၊ ၂၀၂၅
တောင်ကုတ်မြို့နယ်တွင် ယနေ့မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းအချိန်က ဒေသခံအမျိုးသမီးတစ်ဦး စစ်ကျန်မိုင်းကို နင်းမိ၍ ဘယ်ခြေ တစ်ဖက် ပြတ်ထွက်သွားပြီး ညာခြေထောက်တွင်လည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။
ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသည့် အမျိုးသမီးမှာ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၆၄ နှစ်အရွယ် ဒေါ်အောင်မြ ဖြစ်ကြောင်း သိရှိရသည်။
ဒေါ်အောင်မြသည် ယနေ့နံနက် ၇ နာရီကျော်အချိန်တွင် ၎င်း၏လယ်တဲအနီး တောင်ပေါ်သို့ ထင်းခုတ်သွားစဥ် မိုင်းနင်းမိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များမှ ပြောသည်။
ပေါက်ကွဲခဲ့သည့် မြေမြှပ်မိုင်းသည် ယခင် စစ်ကောင်စီတပ်သားများ တပ်စွဲခဲ့စဥ် ထောင်ထားခဲ့သည့် မိုင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်စွး ရရှိခဲ့သည့် အမျိုးသမီးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ရန်ခိုကျေးရွာမှ ဦးကျော်မြင့်သည် စာသင်ကျောင်းနှင့် ဆီဆိုင် ကြားရှိ လမ်းတွင် သွားနေစဥ် စစ်ကျန်မိုင်းနင်းမိခဲ့သဖြင့် ညာဖက်ဖြေထောက်နှင့် ဆီးခုံတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ သည်။
အလားတူ မတ်လ ၂၅ ရက်နေ့တွင်လည်း မောင်တောမြို့ သင်္ဘောလှကျေးရွာမှ ဦးပိန်ညိုသည် စစ်ကောင်စီထောင် ထားခဲ့သည့် မြေမြှပ်မိုင်းကို နင်းမိခဲ့သဖြင့် ညာဖက်ခြေထောက်ပြတ်ထွက်ခဲ့ရသည်။
အာရက္ခတပ်တော်က လွတ်မြောက်နယ်မြေများတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်နေသော်လည်း ၎င်းနယ်မြေများတွင် မှိုင်းနှင့်စစ်ကျန်လက်နက်များ ကျန်ရှိနေဆဲဖြစ်သည်။