
AB News-ဖေဖော်ဝါရီ ၂၆၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ မုံရွာ-ရေဦးလမ်းမရှိ အကြမ်းဖက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နှင့် အမတ(၅၀၈) တပ်ရင်းကို ရော့ကတ်ဒုံး အလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရသွားကြောင်း ကျောင်းသားလက်ရုံးတပ်တော် (SAF) က ဖေဖော်ဝါရီလ၊ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှု အား ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ ညနေ ၃ နာရီခန့်က နမခ ဌာနချုပ်ကို ရော့ကတ်ဒုံး အလုံး (၇၀) နှင့် အမတ (၅၀၈) တပ်ရင်းကို ရော့ကတ်ဒုံး အလုံး ၃၀ စုစုပေါင်း ရော့ကတ်ဒုံးအလုံး ၁၀၀ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှု အတွင်း နမခဌာနချုပ်တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံး၍ ၁၅ ယောက် ထိခိုက်ဒဏ်ရာရသွားပြီး အမတ (၅၀၈) တွင်းမှ အဆောက်အဦး ၁ ခုမီးလောင်ပျက်စီးသွားကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အား ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ PACMPT၊ ယင်းမာပင်ခရိုင် အမှတ်(၃၇)တပ်ရင်း၊ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း၊ NAA DF (Khin U)၊ ဘုတလင် mobile Team၊ Budalin Guerrilla Force၊ မုံရွာမြို့နယ် ပလဖ တာဝန်ခံ (ပစ်တိုင်းထောင်အဖွဲ့)၊ မုံရွာခရိုင် အမှတ် (၂၅) တပ်ရင်း တပ်ခွဲ (၄) ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တိုက်နယ်-၅) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
SAF အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်အတွက် ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြောဆိုထားသည်။