AB News – ဇူလိုင် ၂၂၊ ၂၀၂၅
နွယ်စိုး
ထိုင်းနိုင်ငံ၊ ထာ့ဆောင်ယန်းမြို့နယ်ထဲတွင် စစ်ကောင်စီ အသုံးပြုသော ရုရှားထုတ် Shahed Drone နှင့် ပုံစံတူ အသေခံဒရုန်းတစ်စင်း ပျက်ကျနေခြင်းကို ထိုင်းစစ်တပ်က သိမ်းဆည်းရရှိခဲ့သည်ဟု ထိုင်းသတင်းဌာနများက ယနေ့ ဇူလိုင်လ ၂၂ ရက် တွင် ဖော်ပြထားသည်။
ထာ့ဆောင်ယန်းမြို့နယ်၊ ဘန်ခွန်မဲရွာအနီးရှိ တောအုပ်ထဲသို့ ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ၏ ရုရှားထုတ် ကာမီကာဇေဒရုန်း တစ်စင်း ပျက်ကျခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဆိုထားသည်။
ထိုင်းသတင်းများ၏ ဖော်ပြချက်တွင် အဆိုပါဒရုန်းသည်မြန်မာစစ်တပ်မှ နယ်စပ်ရှိ KNU တပ်မဟာ ၇ ဌာနချုပ်အား တိုက်ခိုက်သော ဒရုန်းဖြစ်နိုင်ခြေရှိပြီး ထိန်းချုပ်မှုအောက်က လွတ်ထွက်ကာ နယ်မြေကျော်ကျလာနိုင်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း ပါရှိသည်။
ပျက်ကျသော ဒရုန်းသည် ရုရှားက ယူကရိန်းစစ်မြေပြင်အတွင်း အသုံးပြုနေသော အသေခံဒရုန်း အမျိုးအစားတစ်ခုဖြစ်သည့် Shahed Drone ၏ ပုံစံကွဲဖြစ်နိုင်ကြောင်း ယူဆရသည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယခုလိုမျိုး ရုရှားထုတ် ပုံစံကွဲဒရုန်းများ အသုံးပြုလာမှုသည် စိုးရိမ်စရာဖြစ်သည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများအကြောင်းနှင့် လက်နက်များအကြောင်း ဖော်ပြလေ့ရှိသော TNISO အဖွဲ့မှ ပြောဆိုထားသည်။

