ABN-နွယ်စိုး
ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်ဘေးကင်းလုံခြုံရေးများကို ရှေးရှုပြီး အိမ်နီးချင်းနိုင်ငံများ၏ လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုခွင့်မပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရက ယနေ့ ဇန်နဝါရီ (၁၇) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ပြီးခဲ့သည် ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းမှ ချင်းအမျိုးသား (CNF) ၏ ဗဟိုဌာနချုပ်ကို စစ်ကောင်စီက Camp Victoria တိုက်လေယာဥ်ဖြင့် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ NUG က ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီအုပ်စုသည် အိန္ဒိယနိုင်ငံ လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သည့် တင်ပြချက်အရ သိရကြောင်း NUG၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုလို တိုက်ခိုက်မှုမှာ ပထမဆုံး အကြိမ်မဟုတ်ဘဲ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့ကြောင်း NUG မှ ထောက်ပြထားသည်။