သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီနှင့် PNO ​ပြည်သူ့စစ်တို့က စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရသည့် PNLA ရဲဘော် ၄ဦးအား ပစ်သတ်
PLNA တပ်ဖွဲဝင် ၄ ဦးအား စစ်ကောင်စီနှင့် PNO အကြမ်းဖက် အဖွဲတိုက သေနတ်ဖြင့် ပစ်သတ်နေသည်ကို တွေ့ရစဥ်

AB News- ဇွန် ၁၊ ၂၀၂၅
ဒေဝီ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဆုံကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့က စစ်တပ်မှ တိုက်ပွဲအတွင်းဖမ်းမိခဲ့သည့် PNLA ရဲဘော် ၅ဦးအနက် ၄ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က ပစ်သတ်ခဲ့သည့် ရုပ်သံကို PNLA က ထုတ်ပြန်လိုက်သည်။

အဆိုပါ ရုပ်သံမှတ်တမ်းအား တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖမ်းမိထားသည့် စစ်ကောင်စီ စစ်သုံ့ပန်း တပ်သား တစ်ဦး၏ ဖုန်းထဲ၌ တွေ့ရှိခဲ့​ရာ ၎င်းစစ်သုံ့ပန်းများက သက်သေထွက်ဆိုထားကြောင်း သိရသည်။

“သူတို့အရှင်ဖမ်းမိတာက ၅ ယောက် လေးယောက်ကိုပစ်သတ်ခဲ့တယ်။ ဓာတ်ပုံ ထဲ ၅ ယောက်လို့ဖော်ပြတာက တစ်ယောက်ကတိုက်ပွဲတွင်းကျတာ။ အရှင်ဖမ်းမိ ၅ ယောက်မှာ တစ်ယောက်ကခုထိသူတို့ဖမ်းထားတုန်းပဲ ပစ်သတ်တုန်းက ဗီဒီယို ဖိုင်ပြန်ရရှိတာဖြစ်တယ် ”ဟု ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO/PNLA) အထွေထွေ အတွင်း ရေးမှူးဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောထားကြောင်း ​ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် ဖမ်းမိထားသည့် PNLA စစ်သုံ့ပန်း ၄ ဦးအား လက်ပြန်ကြောတုတ်ကာ နောက်ကျောဖက်မှ နေ၍ စစ်ကောင်စီ ယူနီဖောင်းဝတ် စစ်သားတစ်ဦးက ပစ်သတ်နေခြင်းကို တွေ့မြင်ရပြီး စစ်ကောင်စီသုံ့ပန်းများ၏ ထွက်ဆိုချက်အရ စစ်ကောင်စီတပ်သားအပြင် PNO ပြည်သူ့စစ်များကပါ ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်သတ်ခံရသည့် PNLA ရဲဘော်များမှာ ခွန်ကျပ် – ဒုဗိုလ် ၊ ခွန်မွေး – တပ်စိပ်မှူး ၊ ခွန်ထွန်းငွေ – ဒုတပ် စိပ်မှူး၊ ခွန်ဦး – ရဲဘော် တို့ဖြစ်ကြောင်းသိရသည်။

“နိုင်ငံတကာ ဥပဒေကိုက ကျွန်တော်တို့တော်လှန်ရေးဘက်ကလိုက်နာတယ်။ ဖမ်းမိသုံ့ပန်းကို ကောင်း ကောင်းမွန်မွန်ထားတယ်၊ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က တိုက်ပွဲ တွင်းဖမ်းမိသုံ့ပန်းကို ဥပဒေမရှိ မလိုက်နာ သတ်ဖြတ်တာက စစ်ရာဇဝတ်မှု ထင်ထင်ရှားရှားကျူးလွန်နေတာဖြစ်တယ်” ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့က ဆီဆိုင်မြို့နယ်၊ ထီဆုံကျေးရွာအနီး စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနှင့် PNLA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က စစ်​ကြောင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ယင်းအပြင် PNLA ဘက်က ရဲဘော် ၁ဦး ကျဆုံးခဲ့ပြီး ၅ဦး ဖမ်းဆီးခံခဲ့ရကာ ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက် (၈)နာရီအထိ အသက်ရှင်လျက်ရှိနေသေးသည်ဟု ပြောဆိုနေသော်လည်း PNO ဘက်က ညအချိန်တွင် PNLA ရဲဘော် ၅ဦးအား သတ်ဖြတ်ခဲ့သဖြင့် သေဆုံးနေသည့် ရုပ်အလောင်းများကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“အမှန်ကအဲအချိန်မှာ ပအိုဝ်းအချင်းချင်းပဲ ခဏထိန်းထားပြီးဆွေးနွေးတိုင်ပင်လို့ရတယ်။ ဖြေရှင်း လို့ရရဲ့သားနဲ့သူတို့ကမလုပ်ဘဲ ပစ်သတ်လိုက်တာ နိုင်ငံတကာ ဥပဒေလည်း မလိုက်နာဘူး စစ်ရာဇဝတ်မှု ကျူးလွန်ရမှာကိုလည်း ဝန်မလေးဘူးဆိုတာသက်သေ ရှိခဲ့တယ်။” ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

PNLO အနေဖြင့် တော်လှန်ရေး ပြန်လည်စတင်ကတည်းက ပအိုဝ်းအချင်းချင်းကို တိုက်ခိုက်မည်မဟုတ်ကြောင်း စာထုတ်ပြန်ထားရာ လိုက်နာမှုလည်းရှိပြီး ပြည်သူ့စစ် PNO အနေဖြင့် စစ်ကောင်စီနှင့် လက်တွဲ၍ စစ်ကြောင်းမထိုးလျှင် မတိုက်ခိုက်ကြောင်း၊၎င်းတို့ဘက်က စစ်ကောင်စီ နှင့် တွဲပြီးစစ်ကြောင်းထိုးမှုများ ဆက်လက်လုပ်ဆောင်လာသည် ဟုလည်း ၎င်းကပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်