Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ ညောင်လေးပင်ခရိုင်က အမျိုးသား ၄ဦးထိခိုက်ဒဏ်ရာရပြီး လူနေအိမ်များပျက်စီး

ABN-ထက်မြတ်ခင်

ဩဂုတ် ၂၉ရက်

စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ညောင်လေးပင်ခရိုင်က ပြည်သူ ၄ဦးထိခိုက် ဒဏ်ရာရရှိသွားပြီး နေအိမ်တချို့လည်းပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၄၃၉)တပ်ရင်းမှ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့သည့်အတွက် ငါးမြစ်ချင်းကျေးရွာရှိ ဒေသခံနေအိမ်ကို ထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါထားသည်။

ထိုနေ့ မနက် ၉ နာရီအချိန်ခန့်ကလည်း KNU ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ခလရ(၂၆၄)က ပိန်းဇလုပ်တွင် အခြေချကာ ချုံအင်းကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဝမ်းချိုင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုတွင် ထိခိုက်ပျက် စီးမှုရှိ မရှိကို စုံစမ်းဆဲဖြစ်ကြောင်း KNU ကဖော်ပြထားသည်။

ဩဂုတ် ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်ကလည်း KNU ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေ၊ ကြိုးကြီးကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး၊ ထင်းတဲ ၁ လုံး၊ ကောက်ရိုးပုံ ၁ ပုံ ပျက်စီးခဲ့ကာ နွားတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှ အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားပြီး ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူလူထု သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ