Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၉ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုအား KIA ပူးပေါင်းတပ်များက ယမန်နေ့ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဗန်းမော်-ရွှေကူကားလမ်းရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (၆၀၂)အထိုင်တပ်စခန်းနှင့် ခလရ ၅၆ တပ်စခန်းတို့ကို KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ကချင်သတင်းများအရ သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး ငါးဘတ်ကြီးကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာရှိခဲ့ပြီး KPDF တပ်ဖွဲ့ဝင်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟုသိရသည်။

ကချင်ပြည်နယ်တွင် စစ်ကောင်စီမှ လေကြောင်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ်မပြတ် ပစ်ခိုက်မှုများပြုလုပ်သောကြောင့် စစ်ဘေးရှောင်ပြည်သူအများအပြားရှိလာသည်ဟုသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ရက်နေ့ ၁၁နာရီအချိန်တွင် စစ်ကောင်စီမှ ဂျက်ဖိုင်တာဖြင့် စစ်ဘေးရှောင်များနေထိုင်သည့် စခန်းတစ်ခုကို လာရောက်ဗုံးကြဲသောကြောင့် ကလေးငယ် ၃ဦးအပါဝင် စစ်ဘေးရှောင် ၃၀ကျော်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ