Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က အရပ်သား(၇)ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ပြည်သူ ၁၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီး

ABN-မေအိအိအောင်

ဇူလိုင် ၇ ရက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အရပ်သားပြည်သူ ၇ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက်အစောပိုင်းတွင် ဝက်လက်မြို့နယ်၊ သမ္မရိုးရွာနှင့် ရွှေပန်းကုံးရွာကြားတွင် ဈေးရောင်းလာသည့် ဈေးသည် ၅ ဦးကို အကြောင်းမဲ့ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် အဆိုပါ စစ်ကောင်စီ တပ်သားများမှာ ရွှေပန်းကုံးရွာအတွင်းမှ အရပ်သား ၂ ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့ပြီး ပြည်သူ ၆ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြည်သူ ၇ ဦးကို ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ်မှာ ဝက်လက်မြို့နယ် ရွာသာကြီးတွင် ညအိပ်ပြီး စစ်ကြောင်းထွက်လာစဉ် ဈေးသည်များကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ပစ်သတ်၍ သေဆုံးသူ(၇)ဦးမှာအမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၄)ဦးဖြစ်သည်။

နောက်ထပ်လည်း အဆိုပါရွာမှ ပြည်သူ ၁၄ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၁ ဦးကိုဆက်လက် ဖမ်းဆီးထားကြောင်းသိရသည်။

အလားတူ ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားခါးရွာမှ စိတ်ဝေဒနာခံစားနေရသူ အသက် ၂၀ ကျော်အရွယ်အမျိုးသား တစ်ဦးကို စစ်ကောင်စီက ညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က အရပ်သား(၇)ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီး ပြည်သူ ၁၀ ကျော်ကို ဓားစာခံအဖြစ်ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ