Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံရေးအခြေအနေပေါ်မူတည်နေကြောင်း AA ပြော

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲသည် ထိုရွေးကောက်ပွဲကာလ နိုင်ငံရေးအခြေအနေပေါ် မူတည်နေကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရက္ခိုင့်တပ်တော်၏ ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ ဦးခိုင်သုခက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့်အချိန်၌ ရခိုင်ပြည်တွင် အပြစ်မဲ့ ရခိုင်ပြည်သူများကို မတရားဖမ်းဆီးခြင်း၊ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်း ရှိနေခဲ့လျှင် ရခိုင်တွင် ရွေးကောက်ပွဲ ပြုလုပ်ရန် လုံးဝ ဖြစ်နိုင်ခြေ မရှိကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

“ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ် မဖြစ်ဆိုတာက အဲဒီအချိန်မှာ ဖြစ်ပေါ်လာမည့် အခြေအနေပေါ် မူတည်တယ်လို့ ပြောလိုပါတယ်။ တကယ်လို့ အဲဒီအချိန်မှာ မြန်မာစစ်တပ်က ရခိုင်ပြည်သူတွေကို မတရားလိုက်လံ ဖမ်းဆီးနေမယ်၊ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေမယ်၊ ရခိုင်ပြည်သူတွေ တိုက်ခိုက် ခံနေရမယ်ဆိုရင်တော့ အဲဒီရွေးကောက်ပွဲ အဆင်ပြေမှာ မဟုတ်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီက ရွေကောက်ပွဲပြုလုပ်နိုင်ရန်အတွက် လာမည့် ကနဦးခြေလှမ်းအဖြစ် တအိမ်တက် တစ်အိမ်ဆင်း အိမ်တိုင်ရာရောက် ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ ဧည့်စာရင်းများ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်း၏ ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန် ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော ယာယီအပစ်အခတ်ရပ်စဲထားပြီးနောက် ၁ လကျော်ခန့်ကြာလာသည့်တိုင် နှစ်ဖက်တပ်များမှာ တိုက်ပွဲ ဖော်ဆောင်ခြင်းမရှိဘဲ ငြိမ်သက်လျက်ရှိသည်။

သို့သော်လည်း တစ်ဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်စခန်းများ တည်ရှိရာ မြို့နယ်များသို့ စားနပ်ရိက္ခာ၊ လက်နက်နှင့် စစ်သားအင်အားများကို စစ်တပ်ပိုင် ကားနှင့် နေဗီများဖြင့် တင်ပို့လျက်ရှိနေပြီး၊ နှစ်ဖက်တပ်များမှာလည်း တိုက်ပွဲဖြစ်ခဲ့စဥ်က တပ်စခန်းများ နေရာယူထားခြင်းများကိုလည်း နောက်မဆုတ်ဘဲ အဆင်သင့်အနေအထားဖြင့် ရှိနေကြသည်ကို လေ့လာတွေ့ရှိရသည်။

အပစ်ရပ်တန့်ထားသည့် ကာလ၌ပင် စစ်ကောင်စီက ရိက္ခာနှင့် တိုက်ခိုက်ရေးအင်အားများ ဖြည့်တင်းနေခြင်းမှာ ရခိုင်တွင် တိုက်ပွဲ အချိန်မရွေးပြန်ဖြစ်လာစေရန် ရန်လိုသည့် အပြုအမူ လုပ်ရပ်များဖြစ်ကြောင်း ပြည်သူများက ဝေဖန်ပြောဆိုနေကြသည်ကို တွေ့ရသည်။

ရခိုင်ပြည်တွင် ၂၀၁၅ ရွေးကောက်ပွဲက ရခိုင်တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့်လည်း ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့အထိ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မည်သို့ ပြင်ဆင်မှုမှ မပြုလုပ်ရသေးကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက ABN သတင်းဌာနကိုပြောသည်။

“ရွေးကောက်ပွဲနှင့်ပတ်သက်လို့တော့ခါ ကျနော်တို့ပါတီမှာ တစုံတရာ ဆွေးနွေးဆုံးဖြတ်တာ မရှိသေးဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီတွေကို ညွှန်ကြားချက်ပေးတာ တစုံတရာမရှိသေး” ဟု ပြောသည်။

ရွေးကောက်ပွဲမှာ ရခိုင်တပြည်တည်းနှင့်ဆိုင်သည့် ကိစ္စမဟုတ်သည့်အပြင် ပြည်သူလူထုကို အခြေခံပြီး လုပ်သည့်ကိစ္စဖြစ်ပြီး ပြည်သူများ၏ အဆုံးအဖြတ်သည်သာ အရေးကြီးကြောင်း ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဆက်ပြောသည်။

““ရွေးကောက်ပွဲဆိုတာ ပြည်သူကို အခြေခံပြီး လုပ်ရတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အဆုံးအဖြတ်သည်သာ အဓိက အရေးကြီးပါတယ်။ နောက်ပြီးရင် ရွေးကောက်ပွဲဟာ ရခိုင်ပြည်တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ပါ။ မြန်မာပြည်တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စတယ်။ အဓိက ရွေးကောက်ပွဲ ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာက မြန်မာပြည်သူ တစ်ရပ်လုံး၏ ဆန္ဒပေါ်မှာ မူတည်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီက ပြုလုပ်ရန် စီစဥ်နေသည့် ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုလတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ရခိုင်ပြည်၌ တိုက်ပွဲများ ရပ်တန့်နေသော်လည်း ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ၊ ပလောင်ဒေသ၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကရင်နီပြည်နယ်များတွင် တိုက်ပွဲများ နေ့စဥ်ရက်ဆက် ဖြစ်လျက်ရှိပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွါထွက်ပြေး တိမ်းရှောင်ရသူတွေလည်း သိန်းချီ ရှိနေသည်ကို တွေ့ရသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ နိုင်ငံရေးအခြေအနေပေါ်မူတည်နေကြောင်း AA ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ