Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီကျင်းပသည့် NCA (၈) နှစ်ပြည့်နေ့အထိမ်းအမှတ်ပွဲကို လုံးဝ အသိအမှတ်မပြုကြောင်း ခိုင်ရဲခိုင်ဦးဆောင်သော ALP အဖွဲ့ ထုတ်ပြန်ထားသော်လည်း ခွဲထွက် ALP စောမြရာဇာလင်းနှင့် ခိုင်စိုးနိုင်အောင်တို့ NCA အထိမ်းအမှတ်ပွဲသို့ တက်ရောက်

AB News-အောက်တိုဘာ ၁၆ ရက်

စစ်ကောင်စီကျင်းပသည့် တစ်နိုင်ငံလုံးပစ် ခတ်တိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA (၈) နှစ်ပြည့်အထိမ်း အမှတ်နေ့ကို လုံးဝ အသိအမှတ်မပြုကြောင်း ခိုင်ရဲခိုင်ဦးဆောင်သော ALP အဖွဲ့ ကထုတ်ပြန်ထားသော်လည်း စစ်အာဏာရှင်နှင့် ပူးပေါင်းနေသည့် ခွဲထွက် ALP စောမြရာဇာလင်း နှင့် ခိုင်စိုးနိုင်အောင်တို့အဖွဲ့သည် NCA အထိမ်း အမှတ် ပွဲသို့ မဖြစ်မနေတက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ NCA အထိမ်း အမှတ်နေ့ကို လုံးဝ အသိအမှတ်မပြုကြောင်း အောက်တိုဘာလ ၁၂ ရက်နေ့က ခိုင်ရဲခိုင် ဦးဆောင်သော ALP က ကြေညာချက်တစ်စောင် ထုတ်ပြန်ထားခဲ့သည်။

အလားတူ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ခိုင်ရဲခိုင် ဦးဆောင်သော ALPသည် NCAစာချုပ်ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် စောမြရာဇာလင်းသည် ALPနှင့်(လုံးဝ) မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့သေးသည်။

သို့ရာတွင် ALPက အကြိမ်ကြိမ်တားမြစ်ထားသည့်ကြားမှ ခွဲထွက် ALP စောမြရာဇာလင်းသည် အောက်တိုဘာလ ၁၅ ရက်နေ့တွင်ပြုလုပ်သည့် စစ်ကောင်စီ၏ NCA (၈) နှစ်ပြည့်နေ့အထိမ်းအမှတ်ပွဲသို့ မဖြစ်မနေတက်ရောက်ခဲ့သလို နောက်ထပ် ခွဲထွက် ALP ခိုင်စိုးနိုင်အောင်ကလည်း အဆိုပါ NCA အခမ်းအနားသို့ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။

ALP သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ မပြောပလောက်သည့် အဖွဲ့ဝင်အနည်းငယ်သာရှိသော ALPသည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အဖွဲ့အတွင်းသဘောထားကွဲလွဲမှုဖြစ်ကာ ခိုင်ရဲခိုင်ဦးဆောင်သော ALP ၊ စောမြရာဇာလင်း ဦးဆောင်သော ခွဲထွက်ALP ၊ ခိုင်စိုးနိုင်အောင်ဦးဆောင်သော ခွဲထွက် ALP ဟူ၍ (၃)ဖွဲ့ အဖြစ် ဖရိုဖရဲပြိုကွဲကာ အချင်း ချင်းတိုက်ခိုက် သတ်ဖြတ် မှုများဖြင့် လုံးချာလိုက်နေခဲ့သည်။

လက်ရှိတွင် ခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့မှ “စစ်ကောင်စီကို လက်မခံ၊ NCA ကို အသိအမှတ်မပြု” ဟု အတိအလင်းကြေညာထားသော်လည်း စောမြရာဇာလင်းဦးဆောင်သော ခွဲထွက် ALPကမူ စစ်ကောင်စီနှင့် NCA ကို ဖက်တွယ်ကာ စစ်ကောင်စီကြိုးဆွဲရာကပြလျက်ရှိပြီး၊ ခွဲထွက် ခိုင်စိုးနိုင်အောင်ကလည်း စစ်ကောင်စီ၏ NCA စီးကြောင်းပေါ်တွင် မလူးသာမလွန့်သာ ရေလိုက် ငါးလိုက် ဆက်လက်မျောပါနေရသည်ကို တွေ့မြင်နေရသည်။

သို့သော် ၎င်းတို့ သုံးဖွဲ့အနက် စောမြရာဇာလင်းဦးဆောင်သော ခွဲထွက် ALP အား ကျန်နှစ်ဖွဲ့က ALP နှင့် လုံး၀မသက်ဆိုင်ကြောင်း ပြတ်သားစွာ ကြေညာထားကြသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော် MICC-2 ၌ ကျင်းပခဲ့သည့် စစ်ကောင်စီ၏ NCA(၈) နှစ်ပြည့်အထိမ်း အမှတ်နေ့အခမ်းအနားသို့ NCA လက်မှတ်ထိုးထားသော EAO ၉ ဖွဲ့အနက်မှ ၆ ဖွဲ့သာတက်ရောက်ခဲ့သော်လည်း စစ်ကောင်စီက ခွဲထွက် ALPများဖြစ်ကြသည့် စောမြရာဇာလင်းနှင့် ခိုင်စိုးနိုင်အောင်တို့ကိုပါ ရောထည့်၍ EAO ၇ ဖွဲ့တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ဝါဒဖြန့် ပြောဆိုထားသည်ကိုလည်း စစ်ကောင်စီ၏ မီဒီယာများတွင် တွေ့ရသည်။

ဓာတ်ပုံ-ခွဲထွက် ALP မှ စောမြရာဇာလင်းနှင့် ခိုင်စိုးနိုင်အောင်တို့အား စစ်ကောင်စီကျင်းပသည့် ၈ နှစ်မြောက် NCA အထိမ်းအမှတ်ပွဲတွင် တွေ့မြင်ရစဥ်/ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ