
AB News- ဒီဇင်ဘာ ၄၊ ၂၀၂၅
ဒေဝီ
စစ်ကောင်စီကို တိုက်နေသည့် ဗမာ ၂၆ သန်းရှိပြီး NUG သည် မြို့ပြတစ်ခုပင်မသိမ်းနိုင်ဟု TNLA ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော် ပြောထားသည်ဟုထင်ယောင်ထားမှားဖြစ်စေရန် ပုံနှင့်တကွ star news မီဒီယာမှ တင်ထားသည့် သတင်းမှာ သတင်းတု၊ သတင်းမှားဖြစ်ကြောင်း PSLF/TNLA က ယမန်နေ့ ဒီဇင်ဘာ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
“စစ်ကောင်စီကို တိုက်နေတဲ့ ဗမာ ၂၆ သန်းရှိတယ်။ စစ်ကောင်စီကို တိုက်နေတဲ့ တအာန်းပလောင်လူမျိုး ၅ သိန်းပဲရှိတယ်။ လူဦးရေအရ လူ့အရင်းအမြစ်အရ ဗမာနဲ့ တအာန်းပလောင်က မိုးနဲ့မြေလောက်ကွာတယ်။ ဘာလို့ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ဧရာဝတီ ဖက်မှာ NUG က မြို့ပြတွေကို မသိမ်းနိုင်ကြရတာလဲ။ ၅ နှစ်ပြည့်နေပြီ သူများလူမျိုးကို အားကိုးပြီး အစိုးရအမည်ခံပြီး တော်လှန်ရေးလုပ်နေတာ ရပ်ပါ။ တခါတလေ ကိုယ့်အားကို ကိုးနိုင်အောင် ကြိုးစားကြပါ။ ခဗျားတို့ ဗမာတွေဟာ လူမျိုးကြီးပါ။ ခဗျားတို့ အမှန်တကယ်တိုက်ရင် မင်းအောင်လှိုင်ပြုတ်တာကြာပြီ။” ဟု ဗိုလ်ချုပ်တာဘုန်းကျော်ပြောဆိုသလိုမျိုး ၎င်း၏ ပုံနှင့်တကွ Star News မှ လူမှုကွန်ရက်တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
တစ်ဖက်တွင်လည်း PSLF/TNLA က “အထက်တွင် ဖော်ပြထားသော ပုံနှင့် စာသားများသည် သတင်းတု သတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်မှ ရေးသား၊ ဖော်ပြပြောကြားခြင်းမရှိကြောင်းနှင့် သတင်းတုသတင်းမှားသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။” ဟု ထုတ်ပြန်ထားသည်။
တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး တအာင်းတပ်ဘက်က မိုးကုတ်မြို့နှင့် မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးရန်လည်း သဘောတူခဲ့သည်။
ထို့ကြောင့် TNLA တပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းမြောက်၊ မိုးမိတ်မြို့ကို စစ်ကောင်စီထံ လွှဲပြောင်းပေးကာ မြို့တွင်းမှ ဆုတ်ခွာပေးခဲ့ရသည်။
star news မီဒီယာသည် MNDAA မှ ပြောကြားထားသည့် ပုံစံဖြင့် “ဗမာတွေက ကိုယ့်အလို ဆန္ဒမပြည့်ရင် တခြားလူမျိုးတွေကို နိုင်ငံရေးဂျောက်တွန်းတတ်တယ် ဆိုတာ လားရှိုးမြို့ ကိစ္စကတည်းက ကျနော်တို့ သိခဲ့ရပြီးပြီ မြောက်ပိုင်းတခွင်လုံးကို ကျနော်တို့ MNDAA လို အင်အားမျိုးနဲ့ ရေရှည်ထိမ်းထား နိုင်ပါ့မလားဆိုတာ ကိုယ်ချင်းမစာနာကြဘူး။ NUG မှာ တပ်ရင်း ၃၀၀ ကျော်ရှိတယ်။ အင်အားသိန်းချီရှိတယ်။ ဒီနေ့ထက်ထိ မြို့ပြကြီး အရေးပါတဲ့ နေရာတွေကို မသိမ်းကြဘူး။ ဗမာတပ်ပေါင်းစုလည်း မဖွဲ့ကြဘူး။ သူများအားကိုးပြီး နေရာလိုချင်နေကြတာ။” ဟု ပုံနှင့်တကွ ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၇ ဦး တို့ဖြင့်ဖွဲ့စည်းထားကာ လတ်တလောတွင် ဝန်ကြီးဌာနအချို့အား ဦးစီးဌာနများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေကြောင်း NUG မှ ထုတ်ဖော်ထားသည်။