Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် စစ်ကောင်စီက ကျေးရွာများကို မီးရှို့ဖျက်ဆီး၊ စစ်ဘေးရှောင်သက်ကြီးရွယ်အို ၂ ဦးသေဆုံး

ABN -မေအိအိအောင်

ဇွန် ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး စစ်ရှောင် သက်ကြီးရွယ်အို ၂ ဦးသေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းအရသိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများကို စစ်ကောင်စီက (၃)ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးစဉ် စစ်ဘေးရှောင်နေသည့် သက်ကြီးရွယ်အို ၂ ဦးပါသေဆုံးခဲ့ရသည်။

စစ်ကောင်စီက ထန်းတော၊ ရွာရှည်၊ သိမ်တော်ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ရဲစခန်းအနီးတွင်ရှိသော အဆိုပါ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ အိမ်များကို မီးရှို့ဖျက်ဆီးချိန် စစ်ရှောင်နေသည့် အသက်(၆၀)၊ (၇၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦးမှာ အမောဖောက်သေဆုံးသွားကြောင်းနှင့် စစ်ကောင်စီတပ်တွေက ယမန်နေ့ (ဇွန် ၁၁ရက်) ညပိုင်းအထိ မီးရှို့ နေဆဲဖြစ်ကြောင်းဒေသတွင်းသတင်းတွင်ဖော်ပြသည်။

အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်တွင်ရှိသည့် ဘိုတဲကုန်းရွာနှင့် ပေကုန်းကျေးရွာကို စစ်ကောင်စီက ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်ဆက်တိုက်မီးရှို့ပြီး နေအိမ် ၄၈ လုံးနှင့် စပါးကျီ ၁၅ လုံးမီးလောင်ပျက်စီးခဲ့သည့်အပြင် ကျေးရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

အင်အား ၁၀၀ ခန့်​ရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်တို့ ဘိုတဲကုန်းရွာကို ဇွန်လ ၁၀ ရက်နေ့ကမီးရှို့ပြီး နေအိမ် ၂၀ မီးလောင်ပျက်စီးခဲ့ပြီး ဇွန် ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ် ခမရ (၃၆၁) နှင့် ပျူစောထီးတို့ ပေကုန်းရွာကို မီးရှို့ဖျက်ဆီး၍ ရွာထဲမှ အိမ်ခြေ ၂၈ လုံးနှင့် စပါးကျီ ၁၅ လုံးမီးလောင်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ