
AB News – ဇူလိုင် ၂၆ ၊ ၂၀၂၅
ချန်ဒြာ
စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် တရားသူကြီးအဖွဲ့ထဲမှ ၄ ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း NUG တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တာဝန်မှ ရပ်စဲခံရသော တရားသူကြီး ၄ ဦးမှာ မြို့နယ်တရားသူကြီး ဥက္ကဋ္ဌ ဒေါ်ပန်ထွာ ၊ တရားသူကြီးအဖွဲ့ဝင် ဦးပင်လုံ ၊ ဦးဇာမဏီ နှင့် ဥဂဠုန်ဟု အမည်ဝှက်ပေးထားသူများ ဖြစ်ကြောင်း သိရသည်။
ယခုလို တာဝန်မှ ရပ်စဲလိုက်ရသည်မှာ တရားသူကြီးအဖွဲ့ကြားတွင် ဖြစ်ပေါ်နေသော အခြေအနေများအရ ဆက်လက်တာဝန်ယူရန် မသင့်တော်တော့သည့်အတွက်ကြောင်း တာဝန်မှ ရပ်စဲလိုက်ရခြင်းဖြစ်ကြောင်း NUG တရားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
တရားသူကြီးအဖွဲ့ကို NUG က စတင်ဖွဲ့စည်းသည့်အခါမှ စ၍ တာဝန်နှင့် လူပုဂ္ဂိုင်များ နေရာလွဲနေခဲကြောင်း သိရသည်။
မြို့နယ်တရားသူကြီး ဥက္ကဋ္ဌ ဒေါ်ပန်ထွာတစ်ယောက်သာ ဥပဒေဘွဲ့ရ ရှေ့နေတစ်ယောက်ဖြစ်ပြီး ကျန်သည့် တရားသူကြီး ၃ ဦးမှာ CDM ကျောင်းဆရာ၊ ဥပဒေဘွဲ့ရထားသည့် ပြင်ပကျောင်းဆရာ နှင့် အထက်တန်း ပညာရေးကို မအောင်မြင်သူများဖြစ်ကြောင်း သိရသည်။
ကနီမြို့နယ် တရားရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်နီးပါးအကြာတွင် အဖွဲ့ဝင်အချင်းချင်းကြား သဘောထားကွဲလွဲမှုများမှာ စတင်ကြီးထွားလာပြီး၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ဥက္ကဋ္ဌက တစ်ဖွဲ့၊ တရားရေး အဖွဲ့ဝင် ၃ ဦးက တစ်ဖွဲ့ဟု နှစ်ဖွဲ့ ကွဲ ရုံးထိုင်ခဲ့ရသည့်အခြေအနေအထိ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။