
AB News -မတ် ၂၉၊၂၀၂၅
ငလျင်ဘေးဒဏ်သင့် ပြည်သူလူထုများအပေါ် လူသားချင်း စာနာထောက်ထားစွာဖြင့် တတ်နိုင်သည်များကို အမြန်ဆုံး ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့က ယနေ့ မတ်လ ၂၉ ရက်နေ့၊ ညနေပိုင်းတွင် ထုတ်ပြန်သည်။
“မိမိတို့တတ်နိုင်သမျှ အမြန်ဆုံး ထောက်ပံ့ကူညီ ပေးသွားမယ်ကို ပြည်ထောင်စုစိတ်ဓာတ်၊ သွေးရင်း ညီအစ်ကိုစိတ်ဓာတ် အပြည့်နဲ့ အသိပေးပါတယ်”ဟု ညီနောင်သုံးဖွဲ့က ဆိုထားသည်။
ယင်းအပြင် ငလျင်ကြောင့် ပြည်သူလူထုများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် အဆောက်အဦးများ၊ ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်းတို့အတွက် မိသားစုများ၊ ဆွေမျိုးများနှင့် ထပ်တူ ဝမ်းနည်းရပြီး များစွာ စိတ်မကောင်းဖြစ်ရသည်ဟုလည်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
ပြည်သူလူထုများအနေဖြင့် နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေသေးသည့်အတွက် အထူးဂရုစိုက် သွားလာ နေထိုင်ကြပါရန်နှင့် သတင်းမှန်များကို နားစွင့်နေကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တိုက်တွန်းပြောဆိုထား သည်။
အင်အားပြင်းထန်းသည့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်း မန္တလေး၊တောင်ကြီး၊စစ်ကိုင်း၊ မိုးကုတ်၊ လားရှိုး၊ နေပြည်တော်၊ ပင်လောင်း၊ ညောင်ဦး၊ မကွေး၊ မင်းတုန်း၊ ပဲခူး၊ ရန်ကုန်၊ ဘားအံ၊ထားဝယ်၊သီပေါ့၊မြိတ်၊ဟင်္သတာ အပါအဝင် မြို့များတွင် အပြင်းအထန်ခံစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင်လည်း ငလျင်ဒဏ်အား ခံစားခဲ့ရသည်။