
AB News – ဧပြီ ၂၄ ၊ ၂၀၂၅
ပြင်းအား ၇.၇ ရှိသော မြေငလျင် လှုပ်ခတ်ပြီးနောက် မြန်မာစစ်တပ် (SAC) က ရက် ၂၀ ကြာ အပစ်ခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် ဧပြီလ ၂ ရက်နေ့မှ ၂၂ ရက်နေ့ အတွင်း အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင်က ကျောက်ဖြူ ၊ တောင်ကုတ် ၊ ကျောက်တော် ၊ စစ်တွေ နှင့် ပေါက်တောတို့ကို စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း HDCO က ထုတ်ပြန်လိုက်သည်။
အကြမ်းဖက် စစ်ကောင်စီသည် အပစ်ခတ်ရပ်စဲရေးကာလအတွင်း ရက္ခိုင်ကို
(၁) တိုက်လေယာဥ်များဖြင့် လေကြောင်းတိုက်ခိုက်မှု ၊
(၂) ဒရုန်းဖြင့် တိုက်ခိုက်မှု ၊
(၃) စက်တပ်လေထီးဖြင့် တိုက်ခိုက်မှု ၊
(၄) ရေတပ်သင်္ဘောများမှ ပစ်ခတ်ခြင်းနှင့်
(၅) လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း စုစုပေါင်း အကြိမ် ၄၀၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့သို့ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူ ၂၈ ဦးအနက် ၅ ဦးမှာ အသက် ၅ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးငယ်များဖြစ်ကြောင်း ဆိုသည်။
ယခုကဲ့သို့ လုပ်ရပ်မှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်းလည်း HDCO က ပြောဆိုလိုက်သည်။
အာရက္ခတပ်တော် AA အပါအဝင် ညီနောင်မဟာမိတ်ကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၁ လတာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည်။