
AB News – ဧပြီ ၆ ၊ ၂၀၂၅
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းကျ ထောက်ပံ့ပေးသွားမည်ဟု ယမန်နေ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် အစည်းအဝေး၌ ဗိုလ်ချုပ်မှုုးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။
နိုင်ငံတဝန်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ တစ်ဦးလျှင် ငွေ ကျပ် ၁၀ သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပျက်စီးသွားသော အဆောက်အအုံ အတွက်လည်း ထောက်ပံ့ပေးမည်ဟု စစ်ခေါင်းဆောင်က ပြောကြားထားသည်။
‘’သေဆုံးသူတွေကို စစ်ကောင်စီက ၁၀ သိန်းပေးမယ်လို့ သိရတယ်။ ပြိုကျ ပျက်စီးတာတွေလည်း ထောက်ပံ့ကြေးပေး ဖို့စီစဉ်နေတယ်။ ငလျင်ကို အကြောင်းပြုပြီး ဈေးတင်ရောင်းတာတွေ မလုပ်ဖို့ လုပ်ငန်းရှင်တွေကို အစိုးရက စောင့်ကြည့်ရမယ်’’ဟု ပြောကြားခဲ့သည်။
ငလျင်ဘေးသင့်နေသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအတွက် ပြည်ပအဖွဲ့များနှင့် နိုင်ငံတကာမှ ဒေါ်လာသန်းချီ လှူဒါန်းထားသော်လည်း သေဆုံးသူတစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းပေး ထောက်ပံ့ပေးမည်ဟု ပြောဆိုခြင်းသည် ရရှိထားသည့် အလှူငွေ၏ သုံးပုံ ပုံ တစ်ပုံတောင် မရှိကြောင်း ငလျင်ဘေးသင့် ပြည်သူ ၁ ဦးက AB News သို့ ပြောသည်။
‘’ အလှူငွေတွေ ဒီလောက်အများကြီးရထားတာ၊ အဲ့တာကို သေဆုံးတဲ့လူကိုမှ တစ်ယောက် ၁၀ သိန်းပေးတယ်ဆိုတာ လုံးဝမဖြစ်သင့်ဘူး။ ပြည်တွင်းက အလှူရှင်တွေတောင် စစ်တပ်ထောက်ပံ့တာထက်အများကြီးထောက်ပံ့ကြတယ်။ ပြည်သူတွေအတွက်လှူထားတဲ့ ကျန်တဲ့အလှူငွေတွေကို စစ်တိုက်တာမှာ သုံးဖို့ ထားနေလားမသိဘူး” ဟု အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက ရင်တွင်းခံစားချက်ကို ပြောသည်။
ယင်းအပြင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် အစားအသောက်များ၊ တကိုယ်ရေသုံးပစ္စည်းများ၊ယာယီနေထိုင်ရေးအတွက် လိုအပ်သောပစ္စည်များနှင့် ယာယီဆေးရုံများ လုံလောက်စွာရရှိစေရန် နိုင်ငံတကာမှ ထပ်မံ အကူအညီ တောင်းထားကြောင်းလည်း ပြောဆိုခဲ့သည်။
စစ်ကောင်စီမှ မြန်မာနိုင်ငံတဝန်း ငလျင်ကြောင့် သေဆုံးသူ ၃,၃၅၄ဦး၊ထိခိုက်ဒဏ်ရာရရှိသူ ၄,၅၀၈ ဦးနှင့် ပျေက်ဆုံးနေသူ ၂၂၀ဦးရှိသည်ဟု ဧပြီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။