ABN-မေအိအိအောင်
ချင်းပြည်နယ် ၊ ဖလမ်းမြို့တွင် စစ်ကောင်စီရဲတပ်သားများနှင့် ချင်းအမျိုးသားတပ်ဦး (CNA)တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကာ ပြည်သူ ၃၀ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖာရ်ထောရပ်ကွက်ရှိ အ.ထ. က ကျောင်း အဆင်းလမ်းမတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များကို CNA ရဲဘော်များက ယမန်နေ့ ဇန်နဝါရီ ၁၈ ရက် ညနေ ၃ နာရီ ၃၀ ခန့်တွင်ပစ်ခတ် မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြချက်အရ သိရသည်။
ထို့အပြင် ပစ်ခတ်မှုအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့မှ တစ်ဦးကျဆုံးသွားခဲ့ရပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြချက်အရ သိရသည်။
အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့မှုကြောင့် စစ်ကောင်စီတပ်မှ ဖလမ်းမြို့၊ ဖာရ်ထောရပ်ကွက်ရှိ ဒေသခံပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးသွားပြီး မြို့အတွင်း ညမထွက်ရ အမိန့်ကိုလည်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

