သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်၊ ကုလဘာရွာကို စစ်ကောင်စီအဖွဲ့ ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲ

AB News – မတ် ၃၁၊ ၂၀၂၅

မြန်မာနိုင်ငံအတွင်း ငလျင်ကပ်ဘေးဆိုက်ပြီး ပြည်သူများဒုက္ခရောက်နေစဉ် ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ကုလဘာကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် သိရသည်။

မတ်လ ၃၀ ရက်၊ ည ၇ နာရီ ၂၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ကုလဘာရွာကို ဒရုန်းဖြင့် ဒရော့ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ၁ ဦးက AB Newsသို့ ပြောသည်။

‘’ နေတောင် မဝင်သေးဘူး လာပစ်တာ။ ဘာတိုက်ပွဲမှ မရှိဘဲ ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တယ်။ ကုလဘာရွာထဲမှာ ကျရောက် ပေါက်ကွဲခဲ့ပါတယ်’’ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ကြဲချခဲ့သည့် ဗုံး ၂ လုံးသည် ကုလဘာကျေးရွာအနောက်ဘက်ရှိ ဦးမောင်ဝင်း၏ နေအိမ်နှင့် ဘေးချင်းကပ်လျက်ရှိသော တီဗွီပြုပြင်သည့် ဆိုင်ခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ဆိုင်ခန်း ၁ ခုလုံးပြိုကျပျက်စီးသွားခဲ့သည်ဟု သိရသည်။

အလားတူ မတ်လ ၂၇ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီမှ ကုလဘာကျေးရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနေအိမ် ၁လုံး မီးလောင်ပြာကျသွားခဲ့ပြီး ကား ၁ စီး ပျက်စီးသွားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရှောင် ၅ ဦးသေဆုံးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်နေချိန် စစ်ကောင်စီမှ တိုင်းနှင့် ပြည်နယ်အချို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ