သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့ကို ULA/ AA ထိန်းချုပ်လိုက်ပြီးဟူသောသတင်းမှာ မဟုတ်မှန်သေးကြောင်း ဒေသတွင်းလူမှုကူညီ‌ကယ်ဆယ်ရေးလုပ်သူများမှဆို

AB News ဇန်နဝါရီ ၈၊ ၂၀၂၆
LOKI

ရက္ခိုင်ပြည်၊ စစ်ကော်မရှင်ထိန်းချုပ်ဆဲ၊ ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးဟု အွန်လိုင်းပေါ်သတင်းပျံ့လွင့်နေသောသတင်းမှာ မြေပြင်ဒေသအ‌ခြေအနေနှင့် ကိုက်ညီမှုမရှိဘဲ သတင်းမှားသာဖြစ်သေးကြောင်း ကျောက်ဖြူဒေသတွင်း စစ်ရှောင်အရေးလူမှုကူညီ‌ဆောင်ရွက်သူတစ်ဦးထံမှသိရှိရသည်။

“ကျောက်ဖြူမှာ အာရက္ခတပ်တော်နဲ့ စကမတို့ နှစ်ဖက်တိုက်ပွဲများဆက်လက်ပြင်းထန်နေပါသေးတယ်၊ ပြည်သူတွေလည်း စစ်ဘေးရှောင်တိမ်းနေရဆဲပါ။ မြို့ကိုသိမ်းလိုက်ပြီဆိုတာကတော့ မှန်ကန်တဲ့သတင်းမဟုတ်သေးပါဘူး” ဟု ဒေသတွင်းလူမှုကယ်ဆယ်ရေးလှုပ်ရှားနေသူတစ်ဦး၏ မြေပြင်ကွင်းဆင်းတွေ့ရှိချက်အရ “AB News သို့ အတည်ပြုပြောကြားခဲ့သည်။

လက်ရှိကျောက်ဖြူမြို့မှာ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး၊ ဒေသတွင်းနေသူများ အိုးအိမ်စွန့်ခွာစစ်ရှောင်နေရကြောင်းနှင့် စကမ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများရှိရာအရပ်သို့ပစ်ခတ်မှုလည်းရှိ‌နေကြောင်း ဒေသခံများကဆိုသည်။

“တိုက်ပွဲတွေကရှိနေဆဲပါ၊ နှစ်ဖက်အပြန်အလှန်တိုက်တာတွေရှိသလို၊ စကမက မထင်ရင်မထင်သလို အရပ်သားပြည်သူတွေနေတဲ့ရွာ‌တွေကို လေကြောင်းနဲ့ဗုံးကြဲတာတို့၊ အသေခံဒရုန်းတွေနဲ့လာပစ်တာတို့၊ နေဗီတွေကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာတို့ ရှိပါတယ်။ အဲ့တာကြောင့်ပဲ ဒီကဒေသခံတွေက ဘေးလွတ်ရာတွေကို စစ်ရှောင်ထွက်ပြေးနေရပါသေးတယ်” စစ်ရှောင်နေသူအမျိုးသားတစ်ဦးက AB News သို့ပြောကြားသည်။

‌ပြီးခဲသည့် ၂၀၂၄ခုနှစ်၊ ဖေဖော်ရီလက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲမှာ ၂ နှစ်ဝန်းကျင်ရှိလာခဲ့ကာ ULA/AA ကမြို့ပေါ် အနီးဝန်းကျင်‌နေရာများအထိ သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် အာရက္ခတပ်တော်က ပိုမိုပြင်းထန်ထိရောက်စွာထိုးစစ်ဆင် တိုက်ခိုက်မှုများရှိနေကြောင်းကိုလည်း သိရှိရသည်။

ရက္ခိုင်က မြို့ ၁၇ မြို့ထဲမှ ၁၄ မြို့ကို အာရက္ခတပ်‌တော်က ထိန်းချုပ်ထားပြီး၊ စကမထိန်းချုပ်ထားဆဲဖြစ်သော ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့တို့တွင် နှစ်ဖက်အပြန်အလှန် တိုက်ပွဲများရှိနေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ