သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

AB News – မတ် ၁၈ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့၊ ညနေပိုင်းမှ မတ်လ ၁၇ ရက်နေ့အထိ ကျောက်ဖြူမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၃၂ အနီး၊ ရှောက်ချောင်းနှင့် စည်မော်ရွာကြားမှ တောင်တန်းများတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံ ၁ ဦးက AB News သို့ ပြောကြားသည်။

” ပစ်ခတ်သံတွေကြားနေရတာ ၂ ရက်လောက်ရှိပြီ။ ရှောက်ချောင်းနဲ့ စည်မော်ရွာကြားက တောင်တန်း ဘက်ကနေကြားရတာ။ လက်နက်ကြီးသံတွေ၊ သေနတ်ပစ်သံတွေ ကြားနေရတယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်မှ လေကြောင်း (ဒရုန်း) တိုက်ခိုက်မှုများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် တိုက်ခိုက်မှုများပြုလုပ်နေပြီး အာရက္ခတပ်တော်ဘက်မှာလည်း လက်နက်ကြီး ၊ လက်နက်ငယ်တိုက်ခိုက်မှုများအပါအဝင် ဒရုန်းတိုက်ခိုက်မှုများလည်းရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်၊ နေ့လယ် ၂ နာရီအချိန်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ကျောက်ဖြူမြို့ ၊ သစ်ပုတ်တောင်အခြေစိုက် ဓညဝတီ ရေတပ်ဌာနချုပ်မှ ကပ်သပြေကျေးရွာကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ တရက်စပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ကဲ့သို့ပစ်ခတ်မှုကြောင့် ကပ်သပြေကျေးရွာရှိ ပြည်သူပိုင် နေအိမ်အများအပြား မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့ ၊ နေ့လည် ၁၂ နာရီခွဲအချိန်တွင်လည်း အကြမ်းဖက် စစ်ကောင်စီက ကျောက်ဖြူမြို့နယ်၊ ကြတ္တိန်အောက်ကျေးရွာကို ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့သည်။

ထို့အတူ မတ်လ ၇ ရက်နေ့၊ နေ့လည် ၁နာရီ၊ ၄၆ မိနစ်က အကြမ်းဖက်စစ်ကောင်စီမှ ကြတ္တိန်အောက်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူပိုင်နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ