AB News – ဒီဇင်ဘာ ၁၇၊ ၂၀၂၅
မောင်လိုကီ
ကျောက်ဖြူမြို့နယ် မင်းပြင်ရေဒါစခန်းတွင်း ဓာတ်ပုံရိုက်မှတ်တမ်းတင်နေစဉ် အာရက္ခတပ်တော်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသူများအနက် ဗိုလ်မှူးတစ်ဦး ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရွာ မိုးလေဝသ ရေဒါစခန်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် စစ်ကော်မရှင်တပ်သားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးနေချိန်တွင် အာရက္ခတပ်တော်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးခဲ့သူများအထဲတွင် ဗိုလ်မှူးကိုကိုဇော် ပါဝင်ကြောင်း Myanmar Express ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂) မှ ဗိုလ်မှူး ကိုကိုဇော် (ကပမ ကြည်း ၅၈၅၄၇) ဖြစ်ပြီး ဗိုလ်သင်တန်းအပတ်စဉ် DSA-53 ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်အား စစ်ကော်မရှင် ဘက်တော်သားများနှင့် စစ်တပ်လော်ဘီများက သတင်းမှားဖြစ်ကြောင်း ငြင်းဆိုခဲ့သော်လည်း ကျဆုံးခဲ့သူများ၏ မိသားစုဝင်များက ကျဆုံးခဲ့သူအား ရည်စူးပြီး အလှူအဒါန်းပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
၎င်းဖြစ်စဉ်တွင်း စကမတပ်သား ၁၀ ဦးခန့် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ရာ သေဆုံးသူများထဲတွင် ဗိုလ်မှူးကိုကိုဇော် ပါဝင်ခဲ့ခြင်းဖြစ်သည်။
အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် ထိုရေဒါစခန်းသို့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စကမ မှ အင်အားအလုံးအရင်းသုံးကာ ထိုးစစ်ဆင်တိုက်လာသောကြောင့် အာရက္ခတပ်တော်မှ ယာယီတပ်ဆုတ်ပေးလိုက်ခဲ့ပြီး တပ်ဆုတ်စဥ်အတွင်း စကမ တပ်မှ ၎င်းနေရာယူထိန်းချုပ်ကာ စစ်ရေးအောင်မြင်မှုပုံစံအဖြစ် ဝါဒဖြန့်ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေစဥ် တပ်တော်မှ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


