AB News – ဧပြီ ၁၉၊ ၂၀၂၅
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို ယနေ့ နံနက် ၂ နာရီ ၃၉ မိနစ်မှ ၅၁ မိနစ်အထိ (၁၂ မိနစ်အတွင်း) ဗုံး ၄ ကြိမ်လာရောက်ကြဲချခဲ့သောကြောင့် ထိခိုက်နစ်နာသူများမှာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ အရေးပေါ်လိုအပ်နေကြောင်း ULA/AA ၏လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)မှ ယနေ့ နေ့လည် ၁ နာရီ ၅၃ မိနစ်အချိန်တွင် ထုတ်ပြန်လိုက်သည်။
ဗုံးကြဲချမှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်မပြည့်သည့် ကလေး ၆ ဦးပါဝင်ပြီး၊ အမျိုးသမီး ၉ ဦး နှင့် အမျိုး သား ၅ ဦးတို့ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့်လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများကို လုပ်ကိုင် နေသူများအနေဖြင့် မပေါက်ကွဲသေးသည့် ဗုံးလက်ကျန်များကို ဖယ်ရှားခြင်းနှင့် ထိခိုက်နစ်နာသူများကို အကူအညီအထောက်အပံ့များ ပြုလုပ်ဆောင်ရွက်ပေးရန် တိုက်တွန်းထားသည်။
ကျောက်တော်မြို့ပေါ်ရပ်ကွက်များပေါ် ကြဲချခဲ့သည့် ဗုံးသီးများတွင် Rocket တစ်လုံး၊ပေါင် ၅၀၀ တစ်လုံး နှင့် Cluster ၁၁ လုံး၊ စုစုပေါင်းဗုံးသီး ၁၃ လုံး ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ကျောက်တော်မြို့ပေါ် Cluster ဗုံးသီးအသုံးပြု တိုက်ခိုက်ခြင်းသည် အလွန်စိုးရိမ်ဖွယ် ကောင်းသည့်အပြင် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် ဗုံးသီးများမှာ ဒေသခံများအပေါ် အသက်အန္တရာယ် ကျရောက်နိုင်ကြောင်း HDCO မှထုတ်ပြန်ပြောဆိုထားသည်။
စစ်ကောင်စီသည် ဧပြီလ ၂ ရက်နေ့မှစပြီး ၂၀ ရက်နေ့အထိ (၃ပတ်အကြာ) အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ပါစည်းကမ်းချက်များကို ချိုးဖောက်နေသည့် မှတ်တမ်းများ ထဲမှ တစ်ခုကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်မညီဘဲ ဂျင်နီဗာစာချုပ်ကို ချိုးဖောက်သည်ဟုလည်း HDCO က ဆိုထားသည်။