AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၅
ချန်ဒြာ
စစ်ကော်မရှင်တပ်သည် ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်လုပ်ငန်းများအား အယောင်ပြနှိမ်နင်းပြကာ အခြားနေရာများတွင် ပြန်လည်ပတ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြောခွင့်ရ ဦးနေဘုန်းလတ်က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီစဉ်တွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျားဖြန့်(ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နိုင်ငံတကာက နှိမ်နှင်းရန်ကြိုးစားလာသည့်အတွက်ကြောင့် စစ်ကော်မရှင်တပ်က ကရင်ပြည်နယ်မှ KK Park ငွေလိမ်စင်တာကို အယောင်ပြ ဖြိုခွင်းဟန်ဆောင်နေခြင်းဖြစ်ပြီး အခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ပြီး ပြန်လည် လည်ပတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း နယ်ခြားစောင့်တပ်(BGF) များသည် စစ်ကော်မရှင်တပ်၏ အကာအကွယ်ဖြင့် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လုပ်ဆောင်နေပြီး ယခုကိစ္စတွင် အဓိကတာဝန်ရှိသူမှာ စစ်ကော်မရှင်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် အဆိုပါ ကျားဖြန့်(ခေါ်) အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများက နှိမ်နှင်းရန် ကြိုးစားနေခြင်းအပေါ် NUG အနေဖြင့် အထူးကျေးဇူးတင်ကြောင်း ပြောဆိုထားသည်။
သို့သော်လည်း အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျားဖြန့် (ခေါ်) အွန်လိုင်း ငွေလိမ်လုပ်ငန်းများနှင့်ပတ်သက်၍ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ပြစ်တင်ပြောဆိုထားသည်။

