AB News – မတ် ၂၈၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိ ကုလာဘာကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ပြီး ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
မတ်လ ၂၇ ရက်နေ့ ၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
“မနေ့က ၃ နာရီကျော်လောက်မှာ ဒရုန်းနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တယ်။ ဒရုန်းလာသံတော့ ကြားလိုက်ပါတယ်။ ဗုံးကြဲတော့ အိမ်တစ်ဆောင် မီးလောင်ပြာကျသွားပြီး ကားတစ်စီး ပျက်စီးသွားတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒရုန်းဖြင့် ကြဲချခဲ့သည့် ဗုံး ၂ လုံးမှာ ကုလာဘာကျေးရွာမှ ဦးမောင်ကျော်စိန်၏ နေအိမ်တွင် တစ်လုံး ပေါက်ကွဲခဲ့ပြီး နေအိမ် မီးလောင်ပြာကျသွားခဲ့သည်။
နောက်တစ်လုံးမှာ ၎င်း၏ နေအိမ်ရှေ့ ရမ်းဗြဲမြို့နယ်၊ ရမ္မာဝတီလူမှုကူညီကယ်ဆယ်ရေးအသင်း ရပ်နားထားသည့် ကားတစ်စီးအနီးအနားတွင် ကျရောက်ပေါက်ကွဲခဲ့၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သက်ကြီးပိုင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားလူနေအိမ် ၂၀ ထက်မနည်း မီးလောင်ပြာကျသွားခဲ့သည်။
မတ်လ ၁၀ ရက်နေ့ကလည်း ကျောက်ဖြူ၊ စနဲမြို့မှ တိုက်နယ်ပြည်သူ့ဆေးရုံကြီးကို ကျောက်ဖြူအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသေခံဒရုန်း ၂ စီးဖြင့် ဒရော့ဗုံးကြဲချတိုက်ခဲ့သည်။
မတ်လ ၂၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ဘေးရှောင် ၅ ဦး သေဆုံးခဲ့သည်။