Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်သေဆုံးသူများရှိ

ABN-မေအိအိအောင်

ဇူလိုင် ၃၁ ရက်

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ (ဘားအံသံလွင်တံတား) တွင် စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆေးရေးဂိတ် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူများရှိကြောင်းသိရသည်။

ယနေ့ ဇူလိုင် ၃၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဘားအံမြို့၊ သံလွင်တံတားရှိ စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်တွင် တပ်ချထားသော စစ်ကောင်စီတပ်သားများ အပါအဝင် ရဲနှင့် သက်ဆိုင်ရာ ဝန်ထမ်းများ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အဆိုပါ ဂိတ်ရှိ ဌာနပေါင်းစုံမှ တာဝန်ကျသူများ ထိခိုက်သေဆုံးမှုရှိသည့်အပြင် ၎င်းတို့၏ လိုင်စင်မဲ့ ကားများ၊ ဆိုင်ကယ်များ နှင့် ဂိတ်တဲများလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

လက်ရှိတွင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိပြီး သေဆုံးသူများကိုမူ မသိရသေးပေ။

ဘားအံ သံလွင်တံတားမှာ ဘားအံမြို့နှင့် မြိုင်ကလေးရွာကို ဆက်သွယ်ပေးထားသည့် တံတားတစ်ခုဖြစ်သည်။

အဆိုပါ တံတားမှာ စစ်ဆေးရေးအလွန်တင်းကျပ်သော ဂိတ်တစ်ခုဖြစ်ပြီး ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကာ လက်ရှိအချိန်တွင် ဖြတ်သန်းသွားလာမှုများကို ခေတ္တပိတ်ထားကြောင်းသိရသည်။

အဆိုပါ ဘားအံ သံလွင်တံတားကို ၁၉၉၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၇ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ