သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်တွင် မြေပြို၍ ကလေးငယ်များအပါအဝင် ပြည်သူ ၈ ဦးသေဆုံး

AB News- သြဂုတ် ၆၊ ၂၀၂၅
ဒေဝီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ကြီးပြီး မြေပြို၍ ကလေးငယ်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ပျောက်ဆုံးနေသူများရှိနေသဖြင့် ကူညီကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဩဂုတ်လ ၃ ရက်နေ့မှစ၍ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့ရာမှ ဩဂုတ်လ ၄ ရက်နှင့် ၅ ရက်တို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နှင့် အနီးတစ်ဝိုက်တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် မြေပြိုမှုကြောင့် ကလေးငယ်များ အပါအဝင် သေဆုံးသူ ၈ ဦးအထိ ရှိလာပြီး သံတောင်ကြီး မြို့နယ်ရှိ လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ကာ တောင်ငူ-သံတောင်ကြီးလမ်းမှာလည်း မြေပြိုမှုနှင့် တောင်ကျချောင်းရေများကြောင့် လမ်းများ ပြတ်တောက် နေကြောင်း သိရသည်။

ယ‌နေ့ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးရွာသွန်းနေသဖြင့် ရွာလမ်းအများအပြား ပျက်စီးသွားကာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများစွာ ရှိပြီး ထီးပူခီးကျေးရွာ ပတ်ပတ်လည်တွင် မြေပြိုမှုကြောင့် တစ်ရွာလုံး ရှောင်နေရကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုများရှိနေသဖြင့် မြို့အဝင် အထွက်ကို စစ်ကောင်စီတပ်က လုံခြုံရေး အလွန်တင်းကျပ်ထားသောကြောင့် အလွယ်တကူ ဝင်ထွက်သွားလာ၍ မရသဖြင့် ကယ်ဆယ်ရေးသမားများနှင့် ပရဟိတသမားများ လာရောက်ကူညီရန် ခက်ခဲနိုင်ကြောင်း ဒေသပရဟိတအဖွဲ့များက ပြောဆိုကြသည်။

သံတောင်ကြီးမြို့နယ်တွင် ဇူလိုင်လကုန်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က ယခုကဲ့သို့ အကြီးအကျယ် ဖြစ်ပွားခြင်းမရှိသေးကာ ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့မှစတင်၍ တောင်ကျချောင်းရေများ စီးဆင်းလာပြီး မြေပြိုမှုများ ဆိုးရွားစွာ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်