ABN-မေအိအိအောင်
ကရင်နီ(ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးများ ၊ လေကြောင်းများဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် ၂၀ နှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းပျက်စီးခဲ့သည်ဟုသိရသည်။
ဘောလခဲမြို့နယ်ရှိ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာကို ယမန်နေ့ မတ်လ ၂၃ ရက်နေ့တွင် စစ်ကောင်စီက လေယာဥ်ဖြင့်လာရောက်ဗုံးကြဲခဲ့သဖြင့် အဆိုပါရွာအတွင်းမှ ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့က ၎င်းကျေးရွာ ၂ ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ရေနီပေါက်ကျေးရွာ နှင့် မိုင်းထမ်းကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည်။
စစ်ပွဲဖြစ်ပွားခဲ့သည့် နေ့မှစကာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး ထိုကဲ့သို့ပစ်ခတ်မှုကြောင့် ရွာထဲမှ လူနေအိမ် ၂၀ နှင့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပျက်စီးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေပြီး ကျေးရွာ ၂ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကာ ထိုဒေသရှိ ဘောလခဲ-ရွာသစ်လမ်းနှင့် ဘောလခဲ-ဖားဆောင်းလမ်းများအား အသုံးပြုသွားလာခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဟု ဘောာလခဲ PDFကထုတ်ပြန်သည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က ကရင်ပြည်နယ်ရှိ KNU -ဗဟို ကော်သူလေးအုပ်ချုပ်ရေး တပ်မဟာ ၃ ခုကို စစ်ကောင်စီက လေကြောင်းဖြင့် ၉ ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သည့်အတွက် အသက် ၇၀ အရွယ် အဘိုးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံးနှင့် မှုလတန်းကျောင်းဆောင်တစ်ဆောင်မီးလောင်ပျက်စီးခဲ့သည်။




