သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝဒေသတွင် စစ်ကြွင်းစစ်ကျန် (M79)ကျည် ပေါက်ကွဲပြီး ကလေးငယ် ၄ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

ပလက်ဝဒေသတွင် စစ်ကြွင်းစစ်ကျန် (M79)ကျည် ပေါက်ကွဲပြီး ယမန်နေ့ မေလ ၈ရက်၊ နေ့လယ် ၁နာရီခန့်အချိန်တွင် ကလေးငယ် ၄ဦးသေဆုံးရပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများမှာ ပလက်ဝမြိုနယ်၊ ခဝဲကျေးရွာမှ အောင်မိထွန်း ၁၀နှစ်၊ မောင်လင်းမြတ် ၈နှစ်၊ အောင်လင်းစိုး ၁၀နှစ်နှင့် အောင်လင်းထွန်း ၈နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောင်စိုးလင်း မှာ ခြေထောက်နှင့် လက်တွင် ကျည်စ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ရသည်။

ယမန်နေ့ နေ့လယ် ၁နာရီခန့်အချိန်တွင် ပလက်ဝမြို့နယ်မှ ကလေးငယ် ၅ဦးသည် စစ်ကြွင်းစစ်ကျန်(M79) ကျည်အား ကောက်ယူပြီး ကစားမိရာမှ အဆိုပါ လက်နက်ပေါက်ကွဲပြီး ၄ ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခဝဲရွာသား တစ်ဦးက AB News သို ပြောသည်။

“ကျနော်တို့ ရွာနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ စစ်ကောင်စီအဖွဲ့တွေ တပ်ချနေခဲ့ပါတယ်။ စစ်ကြွင်းစစ်ကျန် လက်နက်တွေ အများကြီး ရှိနိုင်ပါသေးတယ်။ မနေ့က ကလေးငယ် ၅ဦးဟာ စစ်ကျန်လက်နက် တစ်ခုကို အိမ်ကို ကောက်ယူခဲ့ပြီး ကစားရာမှာ ပေါက်ကွဲပြီး ၄ဦး သေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ရက်နေ့တွင် မောင်တောမြိုနယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာရွာမှ မူဆလင်ကလေးငယ် ၂ဦးသည် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးသီးကို ကောက်ယူကစားခဲ့ရာ ပေါက်ကွဲပြီး ၎င်းတို ၂ဦးလုံး သေဆုံးခဲ့ရသည်။

ဧပြီလ ၁၃ရက်နေ့ နံနက် ၇ နာရီကျော်အချိန်က မောင်တောမြို့နယ်တွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီပစ် လက်နက်ကြီးအား ဆော့ကစားရာမှ အဆိုပါလက်နက်ကြီး ပေါက်ကွဲပြီး တမန်းသားရွာမှ ကလေးငယ် ၇ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၆ရက်နေ့၊ နေ့လယ် ၂နာရီ ၂၆ မိနစ်အချိန်တွင် မင်းပြားမြိုနယ် င/တန်ပျင်းရွာမှ အမျိုးသား ၁ဦးသည် ကောက်ရလာသည့် စစ်ကျန်ဗုံးသီးအား သံတူဖြင့် ထုကြည့်မိရာ ပေါက်ကွဲပြီး ယင်းနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ၎င်း၏ သမီးဖြစ်သူလည်း ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်