သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မေးခွန်းထုတ်စရာတွေနဲ့ အာရက္ခဒေသက အမျိုးသမီးတွေရဲ့ လုံခြုံရေး

AB News-စက်တင်ဘာ ၁ ရက်၊ ၂၀၂၅

ဆောင်းပါးရှင်-ချန်ဒြာ

အခုတလော ရက္ခိုင်မှာ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ တနေ့တခြားပိုများလာနေတာကိုတွေ့ရတယ်။ ဒါဟာနိုင်ငံရေးမတည်ငြိမ်မှုကြောင့်လား ဒါမဟုတ် အမျိုးသမီးတွေအပေါ် တန်ဖိုးထားမှုလျော့နည်းလာမှုကြောင့်လား ၊ ဒါမှမဟုတ် အမျိုးသမီးတွေကို ကာကွယ်ပေးမဲ့ ဥပဒေအားနည်းနေခြင်းကြောင့်လားလို့ ပြည်သူများအကြား မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ရက္ခိုင်ကအမျိုးသမီးတွေရဲ့ ဘဝဟာ တခါသုံး တစ်ရှူးတရွက်လို တန်ဖိုးမဲ့နေကြရတယ်။ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့က ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖားပျော် (ရက္ခိုင်) ကျေးရွာမှာ သက်ငယ် မုဒိန်းမှုတစ်ခုဖြစ်ပွားခဲ့တယ်။ အဆိုပါသားကောင်က အသက် ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မနှင်းနွယ်ဖြူဖြစ်တယ်။ သူမက ပင်စည်အားကောင်းပြီး ပျိုငယ် လှပဖို့ ကျန်ရွယ်ပဲရှိသေးတယ်။ ဘဝရဲ့အညွှန့်အဖူးတွေချိုးဖျက်ခံလိုက်ရပြီ။

မနှင်းနွယ်ဖြူဟာ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးမိန်းကလေးဖြစ်ပြီး သူနဲ့အတူ အမွှာအကိုလည်းရှိသေးသည်။ သူမရဲ့ အကိုကြီးနဲ့ အမကြီးမှာ အာရက္ခတပ်တော် (AA) ထံ တာဝန်ထမ်းဆောင်နေကြတဲ့ သူတွေလည်း ဖြစ်ကြတယ်။

အဲဒီမိန်းကလေးငယ်က ညဉ့် သန်ခေါင်းယံ လူသူတိတ်ဆိတ်နေတဲ့ချိန် အိမ်သာသွားစဉ်မှာ တရွာတည်း တအိမ်ခွာနေအမျိုးသား ၁ ဦးက ရွာနှင့် အလှမ်းဝေးတဲ့ တောင်ဂြိုင်ကြားကို အတင်းအဓမ္မခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်။ နောက်ပြီးသူမကို အခင်းဖြစ်တဲ့အနီးအနားက သစ်ပင်မှာ လည်ပင်းကြိုးကွင်းစွပ်ကာ တွဲလောင်းချထားခဲ့တယ်။ သူမရဲ့ အလောင်းကိုတွေ့ချိန်မှာလည်း နှဖူးအထက် ဆံစနားမှာ အကြိမ်ကြိမ်အုတ်ခဲနှင့် ရိုက်နှက်ဒဏ်ရာ  ၊ညှပ်ရိုးမှာလည်း အကြိမ်ကြိမ်ထုသတ် ထားတဲ့ဒဏ်ရာတွေနဲ့ ဗရာဗွထနေခဲ့တယ်။

ဒါဟာ တိရိစ္ဆာန်ထက်ဆိုးဝါးတဲ့လုပ်ရပ်တခုဖြစ်တယ်။ ကလေးကအစ လူထုတရပ်လုံးကို စိတ်ဒဏ်ရာရစေခဲ့တယ်။ အခုလို လူမဆန်တဲ့လုပ်ရပ်ကို မခံနိုင်တဲ့အတွက် မေလ ၁၁ ရက်နေ့မှာပဲ ရက္ခိုင်အရပ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့က အမှုမှန်ပေါ်ပေါက်စေဖို့တွက် သက်ငယ်မုဒိန်းမှုကို ရှုတ်ချတဲ့ စာလွှာတစောင်ကို ထုတ်ပြန်ခဲ့တယ်။ နောက်ပြီး အာရက္ခတပ်တော် AA ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာန (DLEPS) က ဇွန်လ ၅ ရက်နေ့မှာ အမှုမှာ ပါဝင်ပတ်သက်နေတဲ့ တရားခံ ၁၁ ယောက်ကို ဖမ်းဆီးရရှိခဲ့တယ်လို့ (ULA/AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒီအမှု တခုတည်းလားဆိုတော့လည်း မဟုတ်ရပြန်ပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာမှာ သက်ငယ်မုဒိန်းမှုတခုဖြစ်ပွားခဲ့ပြန်တယ်။ အဲဒီမိန်းကလေးက အသက် ၉ နှစ်အရွယ် စတုတ္ထန်းကျောင်းသူ မနှင်းဇာဖြူ (အမည်လွှဲ)ဖြစ်တယ်။ သူမကို ရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်လာရောက်နေတဲ့ ဦးပဉ္ဇင်းကြီး ၁ ပါးက အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်။ ဒီအမှုဟာ ပြည်သူလူထုတွေကြားမှာ တော်တော်လေးတုန့်လှုပ်ခြောက်ခြားစရာဖြစ်သွားခဲ့တယ်။

ရက္ခိုင်ပြည်သူ ၊ပြည်သားတွေရဲ့ ၉၆.၂ % က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူတွေဖြစ်တယ်။ အဲဒီ သာသနာ့ဝန်ထမ်းရဟန်းတွေကို ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားတဆူလို ကိုးကွယ်ကြပါတယ်။ ဒီအမှုကြောင့် သာသနာအပေါ် လူထုယုံကြည်မှုတွေလည်း ပျက်သုန်းလာစေနိုင်တယ်။ ဘုန်းကြီးကျောင်းဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ သူတွေရဲ့ စိတ်အေးချမ်းမှု၊ တည်ငြိမ်မှုကိုရှာဖွယ်တဲ့နေရာဖြစ်တယ်။ ဒီအမှုဖြစ်ပွားပြီးနောက်မှာ ဘုန်းကြီးကျောင်းဟာ “အမျိုးသမီးတွေနဲ့ ဘုန်းကြီးကျောင်း” ဟာ ဘယ်လိုမှ မအပ်စပ်နိုင်တဲ့အရာလို့ မှတ်ယူလာနိုင်ကြတယ်။

ဖြစ်စဉ်မှာတော့ စတုတ္ထတန်းကျောင်းသူ မနှင်းဇာဖြူဟာ ဓမ္မာရုံမှာဖွင့်ထားတဲ့စာသင်ကျောင်းက ကျောင်းဆင်း၍ပြန်အလာအိမ်အရောက်မှာ ထီးမေ့ကျန်ခဲ့တဲ့အတွက် ဘုန်းကြီးကျောင်းသို့ ထီးပြန်လာယူတဲ့အချိန်မှာ စစ်တွေမြို့မှ ဟင်းခရော်ဘုန်းကြီးကျောင်းရဲ့ ဓမ္မာရုံမှာ စစ်ဘေးရှောင် သီတင်းသုံးနေတဲ့ သက်တော် ၆၀ ကျော် ဦးပဉ္ဇင်းစန္ဓိမာက အတင်းအဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်။ အိမ်ပြန်အရောက်တွင် ဦးပဉ္ဇင်းထံ သားကောင်အဖြစ်ခံခဲ့ရသူ မနှင်းဇာဖြူက ငိုယိုကာ မိခင်အားရင်ဖွင့်ပြောဆိုခဲ့တယ်။

နောက်တော့ မိခင်က ပြည်သူတွေရဲ့အားကိုးအားထားရာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဌာန (DLEPS) ကို တိုင်ကြားခဲ့ရာ အမှုအမှတ် (ပ) ၁၇/၂၀၂၅ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အသက် ၁၂ နှစ်အောက်ကလေးငယ်များအပေါ် အဓမ္မကျူးလွန်သူကို ထောင်ဒဏ် ၂၀ နဲ့အထက်ကျနိုင်တဲ့ ပုဒ်မနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

ပြီးတော့နောက်ထပ်ရင်နာဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုရှိသေးတယ်။ မြေပုံမြို့နယ် လွမ်းလုံးပိုက်ကျေးရွာမှာ ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်နေ့ ညနေပိုင်းအချိန် မရွှေပိုးဆိုတဲ့ အမျိုးသမီးဟာ အိမ်သာတက်ချင်တဲ့အတွက် နေအိမ်ခြံဝန်းထဲက အိမ်သာမှာ အိမ်သာတက်နေခဲ့တယ်။ အဲ့ဒီအချိန်တုန်းက အင်တာနက်လိုင်းတွေလည်းရသေးတယ်ဆိုတော့ အင်တာနက်သုံးရင်းပေါ့။

အဲ့ချိန်မှာ နေအိမ်တစ်အိမ်ခါမှ သူမနဲ့ ငယ်သူငယ်ချင်းဖြစ်သူ အသက် ၂၄ နှစ်အရွယ် မျိုးသက်နိုင်ဟာ သူမဆီကို အဝတ်ဗလာ ကိုယ်တုံးလုံး ၊ မူးမူးရူးရူးနဲ့ ဦးတည်လာပြီး အိမ်သာထဲမှာပင် အဓမ္မပြုကျင့်ဖို့အားထုတ်ခဲ့တယ်။ သားကောင်ကလည်း ရှိရှိသမျှကိုယ်ခံအားနဲ့ မုဆိုးဆီက လွတ်မြောက်ဖို့ရုန်းကန်ကြိုးစားရင်း အိမ်သာအပြင်ဘက်အရောက်မှာ သားကောင်ကို လည်ပင်းကို လက်နှစ်ဖက်နဲ့ဖျစ်သတ် ၊ ညှပ်ရိုးကိုလည်း ထိုးနှက်ကာ အိမ်နောက်ဖေးက ဘတ်ဟိုးနဲ့တူးထားတဲ့ကျင်းထဲကို အတင်းဆွဲချသွားခဲ့တယ်။ သူမရဲ့ ပါးစပ်ကနေ “မေမေ …………..မေမေ” လို့ မပြတ်တမ်းအော်ခေါ်နေပြီး ၊ ရက္ခိုင်လူမျိုးတွေရဲ့ ကိုးကွယ်အားထားရာ ဘုရားစာကိုရွက်နေခဲ့တယ်။ ဖြစ်ရတော့ သူမရဲ့မိခင်က သမီးလေးရဲ့အော်သံကိုကြားတယ် ၊ ဘေးချင်းကပ်နေအိမ်က လေညှင်းခံနေတဲ့ မြေးအဘိုး ၂ ဦးလည်းကြားတယ်။ ဒါပေမဲ့ မြွေတွေ့တယ်ထင်တဲ့အတွက် အိမ်သာထက်ကို တက်နေ လို့မိခင်ဖြစ်သူက အော်ပြောနေတယ်။ နောက်တော့ လေညှင်းခံနေတဲ့အဖိုးက အော်သံလာရာလမ်းတိုင်း ဓာတ်မီးထိုးကြည့်လိုက်တော့ အဝတ်ဗလာနဲ့အမျိုးသား ၁ ယောက်ကိုမြင်တဲ့အတွက် “ လိုက်ကြ ……. လိုက်ကြ” အော်တော့ ရွာသားတွေအကုန်လုံးထွက်လိုက်ကြရာ တချိန်တည်းမှာ သူ့ကို ဖမ်းမိခဲ့တယ်လို့သိရတယ်။ မိခင်ဖြစ်သူက တဟုန်းထိုးပြေးထွက်လာ ၊ သမီးဖြစ်သူကလည်း ကြောက်ရွံ့တကြားပြေးတက်လာ အဝတ်ထည်တွေ စုတ်ပြတ်နေတဲ့ သမီးလေးကိုမြင်ပြီး သားအမိ ၂ ယောက် ရှိုတ်ကြီးတငင်ပြေးဖက် ငိုနေခဲ့ကြတယ်။

အမတန်စိုးရိမ်ထိတ်လန့်စရာကောင်းတဲ့လုပ်ရပ်ပါ။ မိမိရဲ့နေအိမ်ထဲမှာနေရင်း စော်ကားခံရတာ ။ ဒါဟာဘယ်သူတွေရဲ့အပြစ်လဲ။ ဒီအမှုကြောင့် သူတို့တကျွန်းလုံးက လူတွေ အတော်လေးတုန်လှုပ်သွားကြပြီး ညဘက်တွေ အပြင်မထွက်ရဲကြတဲ့အထိဖြစ်သွားခဲ့ကြရတယ်။ ဒီအမှုမှာ  နစ်နာသူအမျိုးသမီးက ရာဇတ်သတ်ကြီးပုဒ်မ ၃၂၅ ၊ ပုဒ်မ ၄၅၂ ၊ ပုဒ်မ ၃၀၇ တို့နဲ့ တရားစွဲဆိုအမှုဖွင့်ခဲ့သော်လည်း အမှုက ဘာတုန့်ပြန်မှုမှမရှိပဲ ၁ နှစ်ကျော်ကြာတဲ့အထိ အကြိမ်ကြိမ်ရုံးတက်ခဲ့ရတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လောက်ကတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမှုမှန်ပေါ်ပေါက်စေဖို့တွက် တရားခွင်ကို ပြန်လည်စစ်ဆေးနေပြီး တရားခံဖြစ်သူနဲ့ အာမခံပေးကာ လွှတ်ပေးခဲ့တဲ့တရားသူကြီးကို စစ်ဆေးနေတယ်လို့သိရှိခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအမှုဟာ အခုထိစီရင်ချက်မချရသေးပါဘူး။

ဒီလို လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှတ်ခံရသူတွေမှာ အဖေတွေ ၊ ယောင်္ကျားသားတွေမရှိဘူးလား ။ ဘယ်ရောက်သွားသလဲလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အဖေတွေက အမေတွေလောက် အိမ်မြဲမနေကြရပါဘူး။ မိသားစုစားဝတ်နေရေးတွက် ရုန်းကန်ကြိုးစားရင်း နိုင်ငံရပ်ခြားရောက်သူရောက် ၊ တာလုပ် ၊ လယ်လုပ်ရင်း လယ်၊ တာကို စောင့်အိပ် ၊ နောက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) ကိုထုတ်ပြန်လိုက်တဲ့တွက် နိုင်ငံတာဝန်ကျေပြွန်စွာထမ်းဆောင်သူတွေက ထမ်းဆောင်ဆိုတော့ ရပ်ရွာတွေမှာ အမျိုးသားဆိုလို့ “နို့သောက်နဲ့ ဒုတ်ထောက်သာကျန်တော့တယ်” အထိ စာရိတ္တပျက်စီးနေတဲ့သူတွေသာ ကျန်တော့တယ်ဟု ပြောစရာဖြစ်လာရပါတယ်။

ဆိုတော့ အမျိုးသမီးတွေအတွက် လုံခြုံရေးတွေ အမတန်စိုးရိမ်စရာကောင်းတဲ့ အခြေနေတစ်ခုပေါ်ရောက်လာခဲ့ပါပြီ။ စစ်ဘေးရှောင်စခန်းထဲမှာ နေထိုင်ကြရတဲ့အမျိုးသမီးတွေ ၊ ဘုန်းကြီးကျောင်းခြံဝန်းထဲမှာ စစ်ရှောင်ရင်းနေထိုင်နေကြရတဲ့အမျိုးသမီးတွေ အတွက် လုံခြုံမှုပေးနိုင်ဖို့လိုပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့မုဒိန်းမှုတွေကိုပြန်ကြည့်ရင် အများစုဟာ ဆွေမျိုးတော်စပ်သူတွေ၊ အဖေရင်းတွေ၊ ဖထွေးတွေ ၊ အိမ်နီးနားချင်းနေထိုင်တဲ့သူတွေ ၊ ရင်းနီးကျွမ်းဝင်နေထိုင်ကြတဲ့သူတွေက အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ပြီးတော့ မုဒိန်းမှုတွေဟာ အခုမှ ပေါ်ပေါက်လာတဲ့ အမှုကိစ္စတော့မဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်းထဲမှာ လှိုက်စားနေခဲ့တာကြာပါပြီ။ ဆိုရှယ်မီဒီယာ အားကောင်းမှုကြောင့်သာ လက်ရှိမှာ လူသိများလာခြင်း ၊ နစ်နာသူကိုယ်တိုင်အမှုမှန်ပေါ်ပေါက်စေဖို့အတွက် (speak out) လုပ်လာမှုကြောင့် ပေါ်လွင်လာခြင်းဖြစ်ပါတယ်။

စစ်တွေမြို့နယ်ရှိ ဖွဲ့ရာကုန်းဒုက္ခသည်စခန်းတွင် စခန်းတာဝန်ခံ အုစ်ဖာန်ဂေါ်နီက ၂၀၁၂ ခုနှစ်မှစပြီး ၂၀၂၂ ခုနှစ်အထိ မူဆလင်အမျိုးသမီး ၄၅ ယောက်ကို အဓမ္မပြုကျင့်ခဲ့ပါတယ်။ ၂၀၂၂ ခုနစ် ဇွန်လ ၁၁ ရက်နေ့တွင် ဂွမြို့နယ် ကျေးရွာတစ်ခုမှာ ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှု၊ ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်မှာ အသက် ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအဓမ္မပြုကျင့်ခံရမှု ၊ ၂၀၂၃ စက်တင်ဘာလ ၄ ရက်နေ့တွင် ဘူးသီးတောင်မြို့အနီး ကကျက်ဘက်ကံပြင်အုပ်စု ၊ တပ်ရာ(တိုးချဲ)ရွာတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရမှုနှင့် နောက်ထပ် မထုတ်ဖော်ဘဲကျန်ရှိနေတဲ့အမှုတွေ အများကြီးရှိနေပါတယ်။

ပြီးတော့ ၂၀၂၅ ခုနှစ် ဧပြီလ ၅ ရက်နေ့ ပလက်ဝဒေသတွင် ဘိုကိတ်ပဲခင်းစောင့်ပြီးလို့ ပြန်လာတဲ့အမျိုးသမီး ၁ ဦးကို ULA/AA ရဲ့ တပ်ဖွဲ့ဝင် ၂ ဦးက အဓမ္မပြုကျင့်ပြီးချောင်းထဲမှာ ရေနစ်မြှုပ်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။

 ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာမှာ အသက် ၇ နှစ်နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦးကို သက်ကြီးပိုင်းအမျိုးသား ၁ ဦးက အဓမ္မပြုကျင့်ဖို့ကြံစည်ခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရကနေ့လည်း ပေါက်တောမြို့နယ် င/ရီချိုင်ကျေးရွာမှ လေဖြန်းနေတဲ့အမျိုးသမီးအဓမ္မပြုကျင့်ခံရမှု ၊ အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း မြေပုံမြို့နယ် ကုန်ဘောင်ကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မသန်စွမ်းအမျိုးသမီး ၁ ဦးကို အသက် ၆၀ အရွယ် ကိုရင်ကြီး ၁ ပါးက အဓမ္မပြုကျင့်ခဲ့တယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ၊ သရက်ချောင်းကျေးရွာမှ အသက် ၃ နှစ်အရွယ်အမျိုးသမီးငယ် ၁ ဦးကို အိမ်နီးနားချင်းဖြစ်သူက အားဓမ္မပြုကျင့်မှု ၊ မင်းပြားမြို့ မြို့သစ်ရပ်ကွက်မှ သမီးဖြစ်သူအား အဖေရင်းမှ အဓမ္မပြုကျင့်မှုနှင့် စက်တင်ဘာလ ၁၆ ရက်န့ ၁၀ နာရီခန့်အချိန်မှာ အသက် ၃၇ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်နှင်းယုနွယ်ဟာ ကျွန်းပေါ် ၊ ပေါက်တောကျေးရွာမှ ပန်းဖိုပြင် မိညို့ထောင့်သာစည်ကျေးရွာရှိအလယ်တန်းစာသင်ကျောင်းကို စာပြဖို့သွားတဲ့လမ်းမှာ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။

အခုလိုမုဒိန်းမှုတွေမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဓမ္မပြစ်မှုမြောက်ကြောင်း ထင်ရှားသူတွေဟာလည်း ကျူးလွန်ခဲ့ကြောင်းကို ဝန်ခံခဲ့ကြပါတယ်။ အာဏာပိုင်တွေကလည်း ကျူးလွန်သူတွေကို ပြစ်ဒဏ်အသီးသီးချမှတ်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ မုဒိမ်းမှုတွေကို လျော့ကျအောင် မဖြေရှင်းပေးနိုင်တဲ့အပြင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို မြင်နေကြပါတယ်။

ရက္ခိုင်အမျိုးသမီး ၁ ဦးက “မုဒိမ်းကောင်တွေကို သေဒဏ်ချမှတ်ပေးဖို့ ဆိုလိုချင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ တရားစီရင်ချက် ချမှတ်တဲ့အခါ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်ပါတယ်။ ပြစ်ဒဏ်ချမှတ်တဲ့အခါ တရားခံတွေကို တရားခံဖြစ်ကြောင်း ပြည်သူတွေ ၊ မီဒီယာတွေရှေ့မှာ မကွယ်မဝှက်ချပြပေးဖို့လိုပါတယ်။ ဒီတရားခံကိုက ဒီပုဒ်မ၊ ဒီပုဒ်မ နဲ့ ကိုက်ညီတဲ့အတွက် ရုံးတော်က ပြစ်ဒဏ်ချမှတ်ပေးလိုက်တာကို အများပြည်သူတွေရှေ့မှာ ချပြဖို့လိုပါတယ်။ ပြီးတော့ မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုတွေကို Sex-Education တွေများများပေးဖို့လိုပါတယ်” ဟု ပြောဆိုထားသည်။

တရားစီရင်ရေးပိုင်းတွေမှာဆိုလည်း စစ်ကောင်စီလက်ထက်နည်းတူဖြစ်လာသလိုပဲ ၊ “ရုံးတက်ရင်း သူဌေးက ငမွဲဖြစ်တော့မယ်” လို့ ပြောစကားတွေကိုလည်း ကြားလာရပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ်  ဩဂုတ်  ၁၁ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည့် ULA/ AA၏ သတင်းစာရှင်းလင်းပွဲတွင် ဆရာခိုင်သုခက “ ULA/ AA ထိန်းချုပ်နယ်မြေထဲမှာ နေကြတဲ့အမျိုးသမီးတွေ လုံခြုံမှု ၊ ဥပဒေအရ အကာအကွယ်ပေးမှုတွေ ရှိသလားလို့ဆိုတော့ ၁၀၀ % ရှိတယ်လို့ အခိုင်အမာပြောဆိုနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ယခင်က စစ်ကောင်စီထိန်းချုပ်ခဲ့တာနဲ့ ယခု ULA/ AA ထိန်းချုပ်ပြီးနောက်ပိုင်း အဲဒါတွေကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့ လုံခြုံရေး ၊ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ ယခင်ထက်ပိုပြီး အများကြီးတိုးတက်မှုရှိလာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပဒေရဲ့အကာအကွယ် အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ လုံးဝ ၁၀၀ % ရှိတယ်လို့ ကျနော်တို့ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ဥပဒေအရ လိုအပ်တဲ့အကာအကွယ်အလုံးစုံကို အပြည့်အဝပေးထားပါတယ်။ ဥပမာအားဖြင့် အနှောင့်အယှက်ပေးခံရတာတွေ ( harassment တခုခုဖြစ်လာ ၊ သို့မဟုတ် ကျူးလွန်မှု တခုခုဖြစ်) လာ တယ်လို့ဆိုတာနဲ့ ကျနော်တို့က ဥပဒေကြောင်းအရ မည်သူ့ကိုမှ ခွင့်လွှတ်ပေးမှာမဟုတ်ပါ။ ပြီးတော့ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဆောင်ရွက်ပေးမှာဖြစ်ပါတယ်” လို့ ဖြေဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်ဇွန်လအထိ ရက္ခိုင်ပြည်အတွင်း လိင် အနှောင့်အယှက် အပေးခံရမှု ( Sex Harassment) အမှုပေါင်း ၃၆ မှုအထိရှိခဲ့ကြောင်း Legal Clinic Myanmar ၏ အချက်အလက်တွေအရသိရပါတယ်။ ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝေါရီလကနေ ၂၀၂၅ ခုနှစ်မေလအထိ နိုင်ငံတဝန်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျား/မ အကြမ်းဖက်မှုပေါင်း ၉၆၃ မှုရှိခဲ့တယ်လို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ အချက်အလက်များက ဖော်ပြပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေများအပေါ်အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုတွေဟာ လျော့နည်းမလာဘဲ ရက္ခိုင်အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ ခြိမ်ခြောက်ခံနေရဆဲဖြစ်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ