သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA ဖောက်ရမယ့် လမ်းသစ်

AB News/ အတွေးအမြင်ဆောင်းပါး/မာမဃရေးတယ်။

ဆောင်းပါရှင်မာမဃသည် မြန်မာ့နိုင်ငံရေး၊ စစ်ရေးတွေကို လေ့လာသုံးသပ်သူ တစ်ဦးဖြစ်ပြီး ၁၀ စုနှစ် တစ်ခုကျော်ကြာ နိုင်ငံရေး၊ စစ်ရေးဆောင်းပါးတွေကို ရေးသားနေသူ တစ်ဦးဖြစ်သည်။

ဒီနေ့ အာရက္ခတပ်တော်ဟာ ရက္ခိုင်စစ်မျက်နှာ ၁၈ မြို့ ရှိတဲ့အနက် ၁၁ မြို့ကို ထိန်းချုပ်ထားပြီတော့ ကျန်နေတဲ့ မြို့တွေကိုလည်း တိုက်ခိုက် သိမ်းပိုက်နေတာ မြင်နေရပါတယ်။ ဒါကြောင့် အာရက္ခပြည်ထဲမှာ စစ်ကောင်စီဟာ စစ်တွေမြို့တွင်း အစိုးရ အဆင့်သာ ဩဇာရှိတော့ပြီဖြစ်ပါတယ်။ ဆိုလိုတာက အာရက္ခဒေသ နယ်မြေအားလုံးဟာ AA လက်ထဲ သို့ ရောက်နေတာပါ။

မြန်မာ့ တော်လှန်ရေးနဲ့ အာရက္ခပြည်

ဒီကနေ့ မြန်မာ့တော်လှန်ရေးဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း တသက်မှာတခါမှ မမြင်ဖူးတဲ့ ကြုံတောင့်ကြုံခဲ့ အခြေအနေဖြစ်ပြီးတော့ စစ်အာဏာရှင်ကို တနိုင်ငံလုံးက ဝိုင်းတိုက်နေတာပါ။ အခုဆိုရင် နိုင်ငံအနှံ့က မြို့ပေါင်း ၈၀ ကျော်ကို EAOs နဲ့ PDF တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

အာရက္ခဒေသကို ကြည့်ပြန်တော့လည်း စစ်ကောင်စီဟာ အတုံးအလဲ ရှုံးနိမ့်နေပြီး တရိပ်ရိပ်တောက်လောင်နေတဲ့ စစ်မီးလျှံတွေဟာ မောင်တောမြို့ကို အဆုံးသတ်တော့မှာပါ။ ဆက်ပြီး ဂွ၊ တောင်ကုတ်၊ အမ်း၊ စစ်တွေမှာလည်း ယမ်းငွေ့တွေ နဲ့ပါ။

ဒါကြောင့် မြန်မာပြည်ကြီးဟာ မကြာခင်မှာ ကျရှုံးနိုင်ငံ (သို့မဟုတ်) အစိတ်စိတ်အမြွှာမြွှာ ကြေမွ နိုင်ငံဖြစ်နိုင်ခြေ ရှိတယ်လို့ စစ်ရေးနိုင်ငံရေး၊ ကျွမ်းကျင်သူတွေက ဟောကိန်းထုတ်နေကြပါပြီ။  တဖက်မှာလည်း မြန်မာ၊ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယ နယ်စပ်မှာ တိုင်းပြည်သစ်တခု ပေါ်ထွက်လာတော့မယ်လို့ သုံးသပ်နေကြပါပြီ။

စစ်ရေး အပြောင်းလဲ စောင့်ကြည့်နေကြ

အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့ အာရက္ခဒေသရဲ့ စစ်ရေး နိုင်ငံရေး လှိုင်းတံပိုးကို အနီးကပ် စောင့်ကြည့်ပြီးတော့ အကဲခတ်နေသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေ ပါနေပါတယ်။ စက်တင်ဘာလ ပထမအပတ်က ဘင်္ဂလား ဒေ့ရှ် နိုင်ငံခြားရေးရာ အကြံပေးအရာရှိက သူတို့ နိုင်ငံကို ရောက်နေတဲ့ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး၊ နယ်စပ်လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး AA နဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

တခါ အန္ဒိယဘက်ကလည်း ဒီအချိန်မှာ ကုလားတန် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့  AA နဲ့ မိတ်ဖွဲ့ရမယ်လို့ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်း အမေရိကန်မှာ ချင်းလူမျိုးတွေနဲ့ တွေ့ဆုံပွဲမှာပြောခဲ့ပါသေးတယ်။ ဒီလို မဟုတ်ရင် AA ဟာ အင်အားကြီးအဖွဲ့ဖြစ်ပြီးတော့ လောင်တလိုင် ခရိုင်အထိ ခြိမ်းခြောက်လာနိုင်တယ်လို့ မီဇိုရမ် ဝန်ကြီးချုပ်က ချင်းလူမျိုးတွေကို အသိပေးခဲ့တာတွေ့ရပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ ချင်းလူမျိုးတွေ အများဆုံး နေထိုင်ပြီး အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်မှာ ပလက်ဝနဲ့ ကုန်းမြေချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မီဇိုရမ် အမတ်တချို့နဲ့ AA တာဝန်ရှိသူ တွေဟာ ကုလားတန်စီမံကိန်းနဲ့ ပတ် သက်ပြီး နှစ်နိုင်ငံနယ်စပ် ဆက်သွယ်ရေးကောင်းမွန်ဖို့ မြေပြင်ကွင်းဆင်းလေ့လာမှုတွေ ရှိခဲ့ပါသေးတယ်။ ဒီအ ချက်တွေကို ကြည့်ရင်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယဟာ AA နဲ့ လက်တွေ့လုပ်ရမယ့် အရာတွေကို ကြိုတွေးထား ပြီး စောင့်ကြည့်နေဟန် တူပါတယ်။

အလားတူပါပဲ ပြည်ပြည်ဆိုင်ရာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အုပ်စု  Internation Crisis Group (ICG) ရဲ့ ဩဂုတ်လထုတ် အစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ AA နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး တည်ဆောက်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အာရက္ခပြည်တဝန်းမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေနဲ့ ချိတ်ဆက် ကူညီပေးရမယ်လို့ ‌ထောက်ပြပါတယ်။

ဒါပေမဲ့ ဒီအချိန်မှာ အာရက္ခဒေသမှာ တရားဝင်အစိုးရ တစ်ရပ်မဖော်သေးဘဲ တော်လှန်ရေးအစိုးရအဆင့်သာရှိနေတဲ့ အတွက် Government to Government (အစိုးရအချင်းချင်း) ဆက်ဆံရေးအဆင့်ကို မရောက်နိုင်သေးပါဘူး။ အ ခြား တစ်ဖက်မှာလည်း AA ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတာလည်း ရှိနေသေးပါတယ်။

ဒါပေမဲ့လည်း အားသာချက်ကတော့ AA ဟာ အခုအချိန်မှာ အာရက္ခဒေသ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီး၊ အလုံးစုံ ကိုယ်ပိုင်စီမံအုပ်ချုပ်နိုင်တဲ့ Autonomy မျိုးရှိနေတာပါ။ ဆိုတော့ De-Facto State (လက်တွေ့ ထိန်းချုပ် အုပ်ချုပ်မှု) နိုင်ငံရေး စနစ်အရ ဒေသတွင်း လုပ်ပိုင်ခွင့်တွေ အများကြီးရှိနေပါတယ်။ ဆိုလိုတာက နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု နိုင်ငံ မဖြစ်သေးလို့ (G to G) ဆက်ဆံရေး မဟုတ်ရင်တောင် နယ်စပ်အပြန်အလှန်ချိတ်ဆက်မှု ဆက်ဆံရေးတွေနဲ့ လက်တွဲလုပ်နိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။

AA အတွက် လက်တွေ့ ဖြေရှင်းရမယ့် စိန်ခေါ်မှု

တဖက်မှာလည်း AA ရဲ့ အာရက္ခပြည် တည်ဆောက်ရေး စီမံကိန်းကဏ္ဍမှာ ဝန်ထုပ်ဝန်ပိုးတွေ၊ တာဝန်ကြီးတွေအ များကြီး ရှိနေပါတယ်။ ဆိုတော့ AA လက်တွေ့ဖြေရှင်းရမယ့် အဓိက အရေးကြီးစိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။ ဒါတွေ အကုန်လုံးကိုရော အိမ်နီးချင်း နိုင်ငံတွေ ဆီကရနိုင်ပါ့မလား။

လတ်တလော AA  ထိန်းချုပ်နယ်မြေတွေမှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်တခုအကောင် အထည်ဖော်ဖို့နဲ့ ပြည်သူတွေလုံခြုံရေးနဲ့ တရားမျှတရေး၊ အစားအစာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတို့ဟာ မရှိမဖြစ်အရေးကြီး လုပ် ငန်းတွေပါ။

တခါ စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ၊ လူမျိုးဘာသာမရွေး ပြည်သူတွေအတွက် မရှိမဖြစ်အခြေခံကျတဲ့ လျှပ်စစ်မီး၊ ဆိုရှယ် ဆက်သွယ်ရေးစနစ်၊ ဖုန်းလိုင်း အင်တာနက်လိုင်း၊ ကုန်သွယ်မှု စီးပွားရေးတွေကို ဖြည့်စွမ်းပေးရမှာပါ။

အိန္ဒိယနဲ့  ကုန်သွယ်ရေး

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ စစ်ကောင်စီဟာ ရခိုင်ဒေသ အဓိက မှီခိုအားထားနေရတဲ့ ဗမာပြည်နဲ့ လုံးဝအဆက် အသွယ်ဖြတ်လိုက်တာကြောင့် ရခိုင်ရှိ ပြည်သူ ၃ သန်းကျော်ဟာ ကုန်သွယ်ရေး၊ အစားအစာ၊ အသုံးအဆောင်စတဲ့ အခြေခံ လိုအပ်ချက်တွေ ပြတ်လပ်တဲ့ ကာလကို ဖြတ်သန်း နေကြတာပါ။ ဒါကြောင့် ဒီပြဿနာကို လျော့ချဖို့အတွက် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ကုန်သွယ်ရေး ခိုင်မာဖို့ လိုပါမယ်။ ဥပမာပြောရရင် ‘ ဝ ’၊ မိုင်းလား၊ ကိုးကန့်၊ ကချင်၊ ကရင်စတဲ့ ဒေသတွေလို အိမ်နီးချင်း (တရုတ်၊ ထိုင်း) နဲ့ ကုန်သွယ်မှုရရှိရေးကို ဆိုလိုတာပါ။

လက်ရှိမှာတော့ ရခိုင်ကုန်သည်တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကနေ တရားဝင်မဟုတ်ဘဲ နားလည်မှုနဲ့ အကန့်အသတ်တွေကြားက ခက်ခက်ခဲခဲ ကုန်သွယ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ချောမွေ့တဲ့ အခြေအနေ မဟုတ်တာလူတိုင်း အသိပါ။ အဓိက အိန္ဒိယမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်က လူငယ်တစုရဲ့ အဆိုးမြင် ဝါဒီတွေကြောင့် ထင်သလောက်မလွယ်လှပါဘူး။

နောက်တခုကတော့ ကုန်သွယ်ရေးလမ်း မဖြောင့်တန်းတာပါ။ ပလက်ဝမြို့နယ် ချင်းလက်ဝ၊ ထရွန်အိုင်တို့ဘက် ကနေ ကုန်းတတန်၊ ရေတတန်ကုလားတန်မြစ်ကြောင်းနဲ့ လမ်းကြမ်းတွေကို ဖြတ်သန်းရတာကြောင့် ရောက်လာ တဲ့ ကုန်ပစ္စည်းတွေဟာ ကုန်ကျစရိတ်တွေ ကြီးမြင့်ပါတယ်။

ဒါတွေကို လျှော့ချနိုဖို့အတွက် ကျောက်တော်-ပလက်ဝ-ချင်းလက်ဝ၊ စက်ပစ်ပြင် ကုန်းလမ်းကို အဆင့်မြှင့်တင် နိုင်အောင် လုပ်ရပါမယ်။ ဒါမဟုတ်ရင်လည်း ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အကောင်းထည်ဖော်ဖို့ စော လျင်စွာလုပ်နိုင်လေကောင်းလေပါ။ ဒီမှာ တချက်တွေ့တာက လောင်တလိုင်ခရိုင် လူငယ်အဖွဲ့နဲ့ ညှိနှိုင်းပြီး လွတ် လပ်စွာကုန်သွယ်နိုင်ဖို့ မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေနဲ့ အမြန်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေး

ဒီတခါတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားကြည့်ရအောင်ပါ။ တကယ်လို့ မောင်တောကို အလုံးစုံထိန်းချုပ်နိုင်ခဲ့ရင် နယ်စပ်ကုန်သွယ်မှုကို ပြန်စနိုင်မှာပါ။ ဒီနေရာမှာ ကညင်ချောင်းစီးပွားရေး ဇုန်ကနေ G to G ကုန်သွယ်မှု မရနိုင် သေးတဲ့ အနေအထားမှာ နားလည်မှုနဲ့ ရတဲ့လမ်းပေါက်နေ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်စွက်ဖို့ အရေးကြီးပါတယ်။ အာရက္ခပြည်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ နယ်စပ်မှာ သုံးနိုင်ငံဆုံရာ နေရာက ဘင်္ဂလားပင်လယ်အော် အထိ ၂၇၁.၀ ကီလိုမီတာ (၁၆၈.၄ မိုင်) နယ်နိမိတ်ချင်း ထိစပ်နေတာပါ။

ဆိုလိုတာက မောင်တော မြောက်ပိုင်း တနံတလျားမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်းမြေချင်း ထိစပ်နေတဲ့ နယ်စပ်ဂိတ် တွေအများကြီး ရှိတာပါ။ တကယ်လို့ မောင်တောဘက်ကနေ ကုန်သွယ်လို့ရရင် အိန္ဒိယဘက်ကကုန်သွယ် ရတာ ထက် ခရီးလမ်း ၃ ဆလောက် သက်သာပါလိမ့်မယ်။ ခရီးလမ်းသက်သာတော့ အချိန်၊ ငွေလည်း လျော့ကျမှာပါ။

နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ် ဒေသအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီးတော့ စစ်ဘေးဒဏ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာအလှူရှင်တွေ၊ အဖွဲ့စည်းတွေနဲ့ ဆက်သွယ်ပြီး လူသားချင်းစာနာမှုအကူအညီတွေ ဝင်လာနိုင်ရေး ကြိုးစားသင့်ပါတယ်။

နောက်တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကတော့ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဖိ အားပေးနိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းတွေးရင် မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့အရေးကဖြစ်သင့်တယ် ဆိုပေ မဲ့လည်း ဒေသတွင်း ဘေးကင်းလုံခြုံမှုရှိပြီလား။ ထည့်သွင်းစဉ်းစားရမှာပါ။ ပြောချင်တာက သင့်လျှော်​တဲ့ အခြေ အနေနဲ့ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့၊ ဂုဏ်သိက္ခာရှိရှိ လုပ်ရမှာပါ။ ဒါတွေကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ AA တို့ ဆက် ဆံရေး အပေါ်မူတည်ပါမယ်။

ငွေကြေး အစားထားသုံးစွဲလို့ ရနိုင်လား

နောက်ပြီးတော့ ခိုင်မာတဲ့ ငွေကြေးစနစ်တခုဖြစ်လာဖို့အတွက် ဒေသတွင်း ငွေကြေးသုံးစွဲရေး အပိုင်းမှာ လိုအပ် လာပါတယ်။ ဒီနေ့ အာရက္ခဒေသမှာ ငွေသားရှားပါးမှုဒဏ်ကို ပြည်သူတွေ အလူးအလဲခံနေရတာပါ။ ဒေသတွင်း ဘဏ်စနစ်ပြိုလဲနေတာကြောင့်  K Pay ၊  Wave Money စတဲ့ Mobile Banking စနစ်ကို အသုံးပြုကြရတာပါ။ အဲဒီမှာ ငွေသား ကျပ်တစ်သိန်းရဖို့ တစ်သောင်းခွဲကနေ နှစ်သောင်းလောက်ကို ရာခိုင်နှုန်းပေးပြီး ထုတ်ယူနေကြ ရပါတယ်။ ငွေကျပ် တသိန်းကို နှစ်သောင်းဆိုရင် သိန်းနှစ်ဆယ်ကို နှစ်သိန်း၊ သိန်းတရာကို ကျပ်သိန်း နှစ်ဆယ် ပေးနေရတော့ နစ်နာမှုတွေ များလှပါတယ်။

အာရက္ခပြည်သူတွေဟာ နိုင်ငံရပ်ခြားမှာ ရွှေ့ပြောင်းအလုပ်အမားအဖြစ် သိန်း နဲ့ချီရှိနေပါတယ်။ ဒီကာလမှာ စစ်ဘေးရှောင်နေရတာကြောင့် ဆွေမျိုးမိဘဆီကို ငွေလွှဲတဲ့နေရာမှာ ကာယကံရှင် ဆီကို ထိုက်သင့်တဲ့ ငွေကြေး မရောက်ကြပါဘူး။ ဆိုလိုတာက အဖြတ်အတောက် ကြီးမားတာပါ။

ဒါတွေကို လျော့ချဖို့ ‘ဝ’၊ မိုင်းလား၊ ကိုးကန့် ဒေသတွင်း တရုတ်ငွေ (ယွမ်)၊ ကရင်မှာ ထိုင်းငွေ (ဘတ်) သုံးစွဲသလို၊ အာရက္ခဒေသမှာလည်း အိန္ဒိယငွေ (ရူပီး) သို့မဟုတ် ဘင်္ဂလားဒေ့ရှ် ငွေ (တာကာ) တွေကို မြန်မာကျပ်ငွေနဲ့တွဲပြီး တွင်တွင်ကျယ်ကျယ် သုံးနိုင်မလား စဉ်းစားချက်ပါ။

ပြည်မနဲ့ ခပ်ခွာခွာ ဆက်ဆံရေး

ဒါတွေရဲ့ အကျိုးဆက်က  ပြည်မ စစ်ကောင်စီအဖွဲ့ရဲ့ အာဏာစက်အောက်ကနေ တဖြည်းဖြည်းနဲ့ ကင်းလွတ်ပြီး သီးခြားရပ်တည်မယ့် ဒေသတခုဖြစ်လာဖို့ လမ်းစလည်း ဖြစ်မှာပါ။ ဒီလိုတဆင့်ချင်း ကျော်လွှားနိုင်မှ အာရက္ခပြည်သူ တွေ လိုချင်တဲ့ ကွန်ဖက်ဒရိတ် (Confederate) နိုင်ငံရေးပုံစံ (Political Model) ကို ရနိုင်မှာပါ။ ကိုယ့်ခြေကိုယ့်လက်နဲ့ကိုယ်ပိုင်စီမံ အုပ်ချုပ်နိုင်မှုကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအခြေအနေမျိုး ရောက်လာအောင်လည်း ခက်ခက်ခဲခဲ အချိန်ယူတည် ဆောက်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့ကဏ္ဍတွေမှာ အာရက္ခဒေသဟာ ဗမာပြည်မနဲ့ လုံးဝ ဖြတ်တောက်လို့မရတဲ့ ဆက်နွယ်ပတ်သက်မှု တွေ လည်းရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းတွေနဲ့ တဖြည်းဖြည်း ခပ်ခွာခွာနေဖို့ အစပျိုးရမှာပါ။

အာရက္ခဒေသရဲ့ အဓိက စီးပွားရေးဟာ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သစ်တောထွက်ကုန်နဲ့ ကုန်သွယ်ရေးတို့ ဖြစ်ပါ တယ်။ ဒီကဏ္ဍမှာလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ကုန်သွယ်ရေးကောင်းလာရင် ဒေသတွင်း ထုတ်ကုန် တွေကို ဗမာပြည်သို့ မပို့တော့ဘဲ အိမ်နီးချင်းဆီကို ဖြန့်ချိနိုင်ရင် ပြည်သူတွေ အသက်ရှုချောင်လာပါမယ်။ ဆေးဝါး တွေတင်သွင်းနိုင်ရင် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုကို အားဖြည့်နိုင်မှာပါ။  ဒါတွေက ဗမာပြည်မကို တဖြည်းဖြည်း ကျောခိုင်းပြီး ကိုယ်ထူကိုယ်ထစီမံမှု ဖြစ်လာနိုင်ခြေများပါတယ်။ နောက်ဆုံးမှာတာ့ စစ်ကောင်စီက ဘယ်လောက် အာရက္ခဒေသကို ကုန်ရေး လမ်းခရီးတွေ ပိတ်ဆို့ပါစေ။ ပြည်မကို မှီခိုစရာ မလိုတော့ဘဲ ကိုယ်ပိုင် ရပ်တည်ခွင့် ရလာမှာပါ။

ဒီလိုမလုပ်နိုင်ခဲ့ရင် ပြည်သူတွေဟာ နှစ်တာရှည် ကျပ်တည်းမှုများလာတာနဲ့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ AA အပေါ် ငြိုငြင်မှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ လက်တွေhမှာရော ပိတ်ဆို့မှုတွေကြောင့် အခြေခံကုန်ပစ္စည်းတွေ အစစအရာရာ ပြတ်လပ်တာကို  ပြည်သူတွေ ဘယ်လောက်အတိုင်းတာထိ ခါးစည်းခံနိုင်မလဲ။ ဆိုတော့ ပြည်သူတွေ အတွက် မရှိမဖြစ် လိုအပ်နေတဲ့ အစားအစာ၊ ဆေးဝါးစတဲ့ အခြေခံလိုအပ်ချက်တွေရလာဖို့ AAကို အားကိုး နေကြတာပါ။

ဒါကြောင့် ခြုံငုံရရင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ AA နဲ့ မိတ်ဆွေကောင်းအဖြစ် လက်တွဲနိုင်ခဲ့ရင် သီးခြားလွတ်လပ်တဲ့ အနာဂတ် အာရက္ခပြည်သစ်ဟာ ကိုယ်ပိုင်ပြဌာန်းရေးမူနဲ့ အချုပ်အခြာအာဏာပိုင် ဒေသအဖြစ်တည်မှု ခိုင်မာလာမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မကြာမီကာလမှာ မြန်မာပြည်ကြီးဟာ ကျရှုံးနိုင်ငံ သို့မဟုတ် အစိတ်စိတ် အမြွှာမြွှာကြေမွနိုင်ငံဖြစ်ခဲ့ရင် အာရက္ခပြည်ဟာ ကိုယ့်ခြေကိုယ့်လက်နဲ့ ထုဆစ်ထားတဲ့ ဒေသအဖြစ် ဂုဏ်ယူဝင့်ကြွား နိုင်မှာဖြစ်တယ်လို့ ပြောနိုင်ကြောင်းပါခင်ဗျား…။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ