Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ကျူးလွန်ထားသည့် စစ်ရာဇ၀တ်မှုများအတွက် မြန်မာစစ်တပ် (စစ်ကောင်စီ) ကို စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့် ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကို တုံ့ပြန်သည့်အနေဖြင့် ကျူးလွန်ထားသည့် စစ်ရာဇ၀တ်မှုများအတွက် မြန်မာစစ်တပ် (စစ်ကောင်စီ) ကို စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့် ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ထုတ်ပြန်

ဆောင်းပါး

Arakan Bay News-ဒီဇင်ဘာ ၂၂၊ ၂၀၂၃

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံးခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများ ရှိခဲ့သည်။

မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအား နိုင်ထက်စီးနင်း ဖမ်းဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက်ခြင်းများအား ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစပြီး အပြင်းထန်ဆုံးသော လက်နက်ကိုင် တော်လှန်ရေး အရှိန်အဟုန်ကို ထိန်းသိမ်းရန် ကြိုးပမ်းနေစဉ်အတွင်း မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအား ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ နိုင်ထက်စီးနင်း ဖမ်းဆီးခြင်းနှင့် ခိုးယူခြင်းများကို ကျူးလွန်ခဲ့ကြောင်း Amnesty International (နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့) က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ အရပ်သား ၁၀ ဦးနှင့် တွေ့ဆုံမေးမြန်းကာ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဂြိုလ်တုဓာတ်ပုံများကို စိစစ်ပြီး Amnesty International သည် မြန်မာစစ်တပ်မှ အရပ်သားပြည်သူများနှင့် ၎င်းတို့ပိုင်ဆိုင်မှုများအပေါ် မခွဲခြားမှုမရှိပဲ တိုက်ခိုက်ဖျက်ဆီးခဲ့မှုများကို မှတ်တမ်းတင်ထားပြီးဖြစ်သည်။

“မြန်မာစစ်တပ်မှာ အရပ်သားပြည်သူများအတွက် ဆိုးရွားသောအကျိုးဆက်များကိုဖြစ်စေသည့် နိုင်ထက်စီးနင်း ရမ်းကား ဖမ်းဆီးမှု၊ တိုက်ခိုက်မှုများကြောင့် သွေးစွန်းနေသည့်ပုံရိပ် ရှိနေပြီး လက်နက်ကိုင်အဖွဲ့တွေရဲ့ ကြီးမား တဲ့ထိုးစစ်များကို တုံ့ပြန်မှုများဟာ ၎င်း၏ကာလရှည်ကြာ ရက်စက်တတ်သည့်ပုံစံနဲ့ ကိုက်ညီပါတယ်” ဟု Amnesty International’s Crisis Response Programme ၏ ဒါရိုက်တာ Matt Wells က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအရေးသည် နိုင်ငံတကာလုပ်ငန်စဉ်များတွက် အာရုံစိုက်မှုများ လျော့ကျသွားသည့်အခါတောင်မှ အာဏာသိမ်းပြီး သုံးနှစ်နီးပါးအကြာထိ မြန်မာနိုင်ငံတစ်ဝှမ်းက အရပ်သားတွေရဲ့ ဆင်းရဲဒုက္ခများမှာ လျော့ပါးသွားတဲ့ အရိပ်အယောင်များအား မတွေ့ရပေ။”

အာဏာသိမ်းပြီး သုံးနှစ်နီးပါးခန့်ကြာအထိ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အရပ်သားများ၏ ဆင်းရဲဒုက္ခများကို သက်သာရာရစေမည့် အရိပ်အယောင်များအား မတွေ့ရဟု Amnesty International ၏ Crisis Response Program ၏ ဒါရိုက်တာ Matt Wellsကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပူးပေါင်း၍ ‘Operation 1027’ ထိုးစစ်တစ်ခုအဖြစ် နိုင်ငံ၏အရှေ့မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ်ရှိ စစ်စခန်းများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ ပစ်ခတ်တိုက်ခိုက်မှုများမှာ သိသိသာသာ အရှိန်တိုးမြင့်လာခဲ့သည်။

မြန်မာတပ်မတော်နှင့် တိုက်ခိုက်နေသည့် တခြားသော လက်နက်ကိုင်အဖွဲ့များကလည်း နယ်မြေများ၊ စခန်းများကို သိမ်းယူခြင်း၊ စစ်သုံ့ပန်းများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်လျက် ၎င်းတို့၏ စစ်ဆင်ရေးများကို တိုးမြှင့်ခဲ့ကြသည်။

အဆိုပါ တိုက်ပွဲများသည် အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံးတိုက်ပွဲများအဖြစ် ကုလသမဂ္ဂက ဆိုသည်။ နိုင်ငံတဝှမ်းတွင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ နှစ်သန်းနီးပါးရှိနေအပြင် အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး အကြမ်းဖက်မှုများကြောင့် အရပ်သား ၃၇၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀၅ ဦး ဒဏ်ရာရရှိကာ လူပေါင်း ၆၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂက ပြောကြားခဲ့သည်။

လူတိုင်း သူတို့ရဲ့ အသက်ရှင်ရေးအတွက် ရုန်းကန်နေရ

ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ ရဲစခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ပေါက်တောမြို့အား လေကြောင်းမှ စတင်ပစ်ခတ်ခဲ့သည်။

နံနက်ပိုင်းတိုက်ခိုက်မှုအပြီးတွင် အရပ်သားပြည်သူများအားလုံးကို တစ်နာရီအတွင်း ထွက်ခွာရန် စစ်တပ်က အမိန့်ပေးခဲ့သည်။ အရပ်သားကိုးဦးနှင့် အနီးနားကျေးရွာမှ ဘုန်းကြီးတစ်ပါးဖြင့် Amnesty International ၏ တွေ့ဆုံမေးမြန်းမှုများအရ ပေါက်တောမြို့ခံ ၂၀,၀၀၀ ခန့်အနက် အများစုမှာ ချက်ချင်း ထွက်ပြေးခဲ့ကြသည်။ သို့သော် ထိုနေ့မွန်းလွဲပိုင်း စစ်တပ်၏တိုက်ခိုက်မှုများ ပြန်လည်မစတင်မီတွင် အနည်းဆုံး ရာနှင့်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိခဲ့ပေ။

ဒေသခံ စေတနာ့ဝန်ထမ်းများ၏ ကြိုးပမ်းမှုများရှိသော်လည်း သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူ အများအပြား ကျန်ရစ်ခဲ့ကြောင်း လူများကို ထွက်ပြေးလွတ်မြောက်ရန် ကူညီခဲ့သော်လည်း နိုဝင်ဘာ ၂၄ ရက်အထိ သူ့ကိုယ်သူ မကယ်ထုတ်နိုင်ခဲ့ဘဲရှိနေခဲ့သည့် ရပ်ရွာအကျိုးဆောင် တစ်ဦးမှ ပြောသည်။

“မော်တော်ဆိုင်ကယ်နဲ့ တခြားယာဉ်တွေ ငှားလို့မရတော့ဘူး။ လူတိုင်းဟာ သူတို့ရဲ့ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရပါတယ်။” ဟုဆိုသည်။

မြို့စွန်ရှိ လောကထိပ်ပန် ဘုရားဝင်းအတွင်း၌ အရပ်သားအများအပြား ခိုလှုံကြခဲ့သည်။ “နောက်ထပ် လေယာဉ်နဲ့ စစ်သင်္ဘောတွေ လာမယ်လို့ ထင်တဲ့အတွက် [ကျွန်ုပ်တို့ ဇနီးမောင်နှံ] က ကျွန်တော်တို့ အိမ်ကနေ ထွက်ပြေးခဲ့တယ်” “ငါတို့အဝေးကြီးကို မပြေးနိုင်ဘူး။” ဟု အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီစစ်တပ်က လေကြောင်း နှင့် ပင်လယ်ပြင်တို့မှ ပစ်ခတ်မှုများအပြင် မြို့တွင်းနှင့် မြို့ပြင်မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်မှုများကို ထပ်၍လုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

Amnesty International ၏ လက်နက်စုံစမ်းစစ်ဆေးရေးမှူးမှ ခွဲခြမ်းစိတ်ဖြာထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများတွင် Mi-24 Hind ရဟတ်ယာဉ်များမှ 57mm S-5K ဒုံးပျံများကို ပစ်ခတ်ခဲ့ပြီး သင်္ဘောများမှ 40mm ပေါက်ကွဲအားမြင့်သော ကျည်များကို နိုဝင်ဘာ ၁၆ ရက်နေ့က မြို့ထဲသို့ ပစ်ခတ်ခဲ့ကြောင်း ပြသထားသည်။ ထိုလက်နက်စနစ်များကို မြန်မာစစ်တပ်တစ်ခုတည်းကသာ လုပ်ဆောင်ခြင်းဖြစ်သည်။

လူနေထူထပ်သောနေရာများတွင် ဤကဲ့သို့ ပစ်မှတ်မတိကျသော လက်နက်များအသုံးပြုခြင်းသည် စစ်ရေးပစ်မှတ်များနှင့် အရပ်သားများ သို့မဟုတ် ပြည်သူပိုင်ပစ္စည်းများအကြား ခွဲခြားရာတွင် မြန်မာစစ်တပ်၏ ခွဲခြားနိုင်မှုစွမ်းရည်များနှင့်ပတ်သက်၍ စိုးရိမ်ပူပန်စေမှုများကို မြင့်တက်လာစေသည်။ ထိုကြောင့် တိုက်ခိုက်မှုများသည် အရပ်သားပြည်သူ မခွဲခြားဘဲ ရမ်းကားတိုက်ခိုက်ခြင်းများဖြစ်နိုင်ပြီး စစ်ရာဇ၀တ်မှုများအဖြစ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်သည်။

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်း ပစ်ခတ်မှုများ ရပ်တန့်ပြီးနောက် စစ်ကောင်စီ စစ်သားများသည် လောကထိပ်ပန် ဘုရားဝင်းအတွင်းသို့ ဝင်ရောက်ကာ ပုန်းအောင်းနေသူများကို ဖမ်းဆီးခဲ့ကြောင်း အဆိုပါ အချိန်တွင် ရောက်ရှိနေသည့် အရပ်သား လေးဦးထံမှ သိရသည်။

ကလေးငယ်တစ်ဦးအပါအဝင် မိသားစုနှင့်အတူ ပုန်းခိုနေရန် ကြိုးပမ်းခဲ့သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ကျွန်မကို သေနတ်နဲ့ ချိန်ပြီး ဖမ်းခဲ့တယ်” ဟု ပြောသည်။ “ကျွန်မကို AA (ရက္ခိုင့်တပ်တော်) အဖွဲ့ဝင်လားလို့ စစ်သားတွေက မေးတယ်…ကျွန်မက အရမ်းကြောက်နေလို့ ဘာမှ မပြောနိုင်ဘူး။” ဟုဆိုသည်။

နိုဝင်ဘာ ၁၆ ရက် နေ့တွင် ဆရာမ နှစ်ဦးနှင့် ရေခဲချောင်း ရောင်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးဈေးသည်တစ်ဦး စုစုပေါင်း သုံးဦးသည် လောကထိပ်ပန် ခြံဝင်းအတွင်း ပုန်းအောင်းနေစဉ် သတ်ဖြတ်ခံခဲ့ရကြောင်း အဆိုပါ ခြံဝင်းအတွင်း ပုန်းခိုနေသူ တစ်ဦးနှင့် အလောင်းများကို မြင်တွေ့ခဲ့ရသူ အခြားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က “အမျိုးသမီးတွေ ဘယ်လို သတ်ဖြတ် ခံရတယ်ဆိုတာ သီးခြား မဆုံးဖြတ် နိုင်ပေမယ့် အလောင်းကို မြင်တွေ့ခဲ့တဲ့ သူတွေက ထိုအလောင်းများတွင် သေနတ်ဒဏ်ရာတွေ ရှိနေတယ်” လို့ ဆိုပါတယ်။

ထိုနေ့တွင်ပင် အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီးတစ်ပါးလည်း အသတ်ခံခဲ့ရသည်။ အလောင်းကို မြင်တွေ့ခဲ့ရသူတဦးက “ဆရာတော်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာမဟုတ်ဘဲ လေကြောင်းမှ ဗုံးကြဲမှုကြောင်း ထိခိုက်သေဆုံးခဲ့တာဖြစ်တယ်” လို့ Amnesty International ကို ပြောပါတယ်။

ဆရာတော်မှာ ရေတပ်အမြောက်ကျည်ထိမှန်၍ ကျဆုံးခဲ့ကြောင်း ရက္ခိုင့်တပ်တော်မှ သတင်းထုတ်ပြန်ထားသည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ဘုန်းတော်ကြီး၏ ရုပ်အလောင်းဓာတ်ပုံများကိုကို ပြန်လည်သုံးသပ် စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်သော်လည်း အသေးစိတ် အချက်အလက်များကို သီးခြား အတည်မပြုနိုင်သေးပေ။

ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်ဖြင့် အိပ်ခဲ့ရတယ်

အဲဒီညက စစ်သားတွေက လောကထိပ်ပန်ဘုရားဝင်းမှာ ဖမ်းဆီးထားတဲ့ အရပ်သား ၁၀၀ ကျော်ကို သည်းထန်စွာရွာနေတဲ့ မိုးထဲရေထဲမှာ ထွက်နေခိုင်းတယ်။ “လူတချို့ရဲ့ လက်တွေကို ကျောမှာ နောက်ပြန်တုတ်ပြီး ချည်နှောင်ထားပါတယ်” ဟု သေနတ်ဖြင့် ချိန်ရွည်ဖမ်းဆီးခံရသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက ပြောသည်။

“ကျွန်မတို့အားလုံး မိုးရေထဲမှာ တစ်ညလုံး ထိုင်နေရတယ်။ နောက်နေ့မနက် မိုးလင်းတဲ့အခါ သူတို့က ကျွန်မတို့ကို ဘုရားကျောင်း ဆောင်ထဲဝင်ခိုင်းပြီး တံခါးကို သော့ခတ်ထားတယ်။”

နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက အခြားမိသားစုနှစ်စုနှင့်အတူ ကျမတို့ ပုန်းအောင်းနေသည့်နေရာကို မြန်မာစစ်တပ်မှ စစ်သားများက ရှာဖွေတွေ့ရှိခဲ့ပြီး အမျိုးသားအားလုံးကို ခေါ်ဆောင်ကာ အမျိုးသမီးနှင့် ကလေးများကို ချန်ထားခဲ့ပြီး၊ ရွှေ၊ ငွေသားနှင့် လက်ကိုင်ဖုန်း အပါအဝင် အဖိုးတန်ပစ္စည်းများကို ခိုးယူသွားသည်။ နောက်တနေ့မနက် မိုးလင်းတော့ တခြားတပ်သားတစု ရောက်လာပြီး ကျန်တဲ့သူတွေကို ဖမ်းတယ်” ဟု မြို့ထဲတွင် မိဘများနှင့်အတူ ပုန်းခိုနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၇ ရက်နေ့တွင် အသက် ၆၀ နှစ်အရွယ် ဈေးသည်တစ်ဦး၊ သူနှင့်အတူပုန်းအောင်းနေသည့် အခြားလူ ၃ ဦးနှင့် လမ်းပေါ်တွင်တွေ့သည့် အခြားလူနှစ်ဦးတို့ကို လောကထိပ်ပန်ခြံဝင်းသို့ စစ်သားများက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

“သူတို့က ငါတို့အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ဆိုသည်။

“သူတို့က ငါတို့အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် အသက် ၆၀ အရွယ် ဈေးသည်တစ်ဦး”

လောကထိပ်ပန်ခြံဝင်းအတွင်း ပိတ်မိနေသူများမှာ ဘုရားသိမ်းအတွင်း ပိတ်လှောင်ခံထားရပြီး နှစ်ရက်ကြာ အစားအစာနှင့်ရေ မပေးဘဲထားကြောင်း သိရသည်။ “စစ်သားတွေက သူတို့ရဲ့ လက်ကိုင်ဖုန်းတွေနဲ့ တခြား အဖိုးတန်ပစ္စည်းတွေကို ယူသွားတယ်လို့လည်း ပြောပါတယ်။”

နောက်နှစ်ရက်အကြာတွင် စစ်သားများသည် မြို့တွင်းမှ ရိက္ခာသွားယူရန် အမျိုးသားတချို့ကို ရွေးထုတ်ခဲ့သည်။

“အဖမ်းခံရတဲ့ အမျိုးသားတချို့ကို ဈေးထဲက ဈေးဆိုင်တွေကို ဖောက်ထွင်းပြီး အစားအသောက်တွေ ယူခိုင်းတယ်” ဟု အသက် ၂၄ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။

လောကထိပ်ပန်ဘုရား ခြံဝင်းအတွင်း ပုန်းခိုနေသည့် လူများအား ဖမ်းဆီးထိန်းသိမ်းခြင်းသည် လွတ်လပ်ခွင့်အား မတရားပိတ်ပင် တားဆီးထားခြင်းမျိုးဖြစ်သည်။

အစားအစာနှင့် ရေ ဖြတ်တောက်ထားခြင်း နှင့် ပြင်းထန်ဆိုးရွားသော ရာသီဥတုဒဏ်ခံစေခြင်း အပါအဝင် ထိန်းသိမ်းခံထားရသော အရပ်သားများအား ဆက်ဆံပြုမှုခြင်းများသည် လူသားဆန်စွာဆက်ဆံမှုစည်းကမ်းချက်များကို ချိုးဖောက်ခြင်း ဖြစ်သည်။

ထို့အပြင် အရပ်သားပြည်သူများ၏ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ခိုးယူခြင်းများသည် လုယက်မှုဖြစ်ပြီး ၎င်းသည် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ဥပဒေအရ တားမြစ်ထားပြီး စစ်ရာဇ၀တ်မှုအဖြစ်လည်း သတ်မှတ်ထားသည်။

အခြားသူများကို ထွက်ပြေးလွတ်မြောက်ရန် ကူညီပေးပြီးနောက် မြို့ထဲတွင် ပိတ်မိကျန်နေခဲ့သည့် ရပ်ရွာအလုပ်သမားတစ်ဦးက ပထမငါးညတွင် သေနတ်သံနှင့် ပေါက်ကွဲသံများကို ထပ်ခါထပ်ခါ ကြားနေရသည်ဟု ဆိုသည်။

သူက အခြားအမျိုးသားလေးဦးနှင့်အတူ လျှပ်စစ်မီးမရှိသောအိမ်တစ်အိမ်အတွင်း ပုန်းအောင်းခဲ့ပြီး နှစ်ရက်ကြာ ပြီးနောက် ၎င်းတို့၏ဖုန်းဘက္ထရီများ ကုန်သွားခဲ့သည်။

“အစားအသောက်နဲ့ ရေဗူးတွေလည်း ကုန်ခမ်းလာတယ်။ တချို့နေ့တွေဆို ကျနော်တို့က မစားခဲ့ရဘူး ကြောက်ကြောက်လန့်လန့်နဲ့ အိပ်ခဲ့ရတယ်” ဟု သူက ပြောသည်။ နိုဝင်ဘာ ၂၄ ရက် နံနက်တွင် အနီးနားရှိ ရွာတစ်ရွာသို့ ထွက်ပြေး တိမ်းရှောင်နိုင်ခဲ့သည်။

“[စစ်တပ်] သည် IDP များ [ပြည်တွင်းအိုးအိမ်မဲ့သူများ] အတွက် မည်သည့်အကူအညီကိုမဆို ပိတ်ဆို့ထားပြီး စျေးနှုန်းများလည်း တဟုန်ထိုးတက်နေကြောင်း ၎င်းက ပြောသည်။ မိုးသည်းထန်စွာရွာသွန်းနေချိန်အတွင်း လုံလောက်တဲ့ အမိုးအကာနဲ့ စောင်တွေ မလုံလောက်သောကြောင့် ရွှေ့ပြောင်းဒုက္ခသည်တချို့ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနှင့် ကလေးများအတွက် ကျန်းမာရေးဆိုးကျိုးများ ရှိကြောင်း သူက ပြောသည်။

အဲဒီ ဗုံးကြဲမှုတွေကြားထဲကနေ ကျနော်တို့ ထွက်ပြေးခဲ့ရတယ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် မှ စစ်ကောင်စီတပ် တပ်ဖွဲ့ဝင်များအား ပေါက်တောမြို့မှ တိုက်ထုတ်ခဲ့ပြီး ဖမ်းဆီးခံထားရသည့် ပြည်သူများအား လောကထိပ်ပန်ဘုရား ခြံဝင်းမှ ကယ်ထုတ်ပေးခဲ့သည်။ သူတို့ ထွက်ပြေးလွတ်မြောက်သွားသည့်အခါ စစ်တပ်က မြို့ကို ပစ်ခတ်ခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

“အဲဒီ ဗုံးကြဲတိုက်ခိုက်မှု‌တွေကြားထဲကနေဘဲ ကျွန်တော်တို့ ထွက်ပြေးခဲ့ရတယ်” ဟု ဘုရားကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ အနီးနားကျေးရွာတွင် ခိုလှုံနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

“အရင်ကထက် အခု ပိုလုံခြုံတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ကျမတို့ ပေါက်တောမြို့က ဗုံးကြဲခံနေရပြီး မီးခိုးတွေတလူလူနဲ့ မီးလောင်နေတာကို တွေ့နေရဆဲပါ” ဟု ပြောသည်။

နောက်ရက်များတွင် မြန်မာတပ်မတော်မှ ပေါက်တောမြို့နယ်ရှိ အရပ်ဘက်အခြေခံအဆောက်အအုံများကို ရေကြောင်း နှင့် လေကြောင်းမှ ဆက်လက်ပစ်ခတ်ခဲ့သည်။

Amnesty International သည် ပေါက်တောမြို့၏ ဂြိုလ်တုပုံရိပ်များကို ပြန်လည်သုံးသပ်ခဲ့သော်လည်း ပုံရိပ်ပြတ်သား၊ ကြည်လင်မှုများမှာ ကန့်သတ်ခံထားရသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရိုက်ကူးထားသည့် ပြတ်သား၊ ကြည်လင်သောဓါတ်ပုံသည် ကျယ်ကျယ်ပြန့်ပြန့် မီးလောင်မှု၊ အပျက်အစီးနှင့် ပျက်စီးမှုများရှိနေသည့် ဧရိယာအများအပြားကို ပြသထားပြီး ၎င်းထဲတွင် ဈေးတစ်ခု၊ အရပ်သားနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများအနီးရှိ ဧရိယာများပါဝင်နိုင်သည်။

ထို့အပြင်၊ အနီးနားရှိ အရောင်တု အနီအောက်ရောင်ခြည်သုံး ဂြိုလ်တုဓာတ်ပုံများတွင် ဆေးရုံဝင်း နှင့် အနီးနားရှိ ချိုင့်တွင်းတစ်ခုထဲမှ အဆောက်အအုံများမှာ ကြီးကြီးမားမား ပျက်စီးနေကြောင်း ပြသသည်။ အပျက်အစီးအဆင့်နှင့် အနီးနားရှိ မီးလောင်းထားသော ချိုင့်တွင်းများ၏ အရွယ်အစားသည် လေကြောင်းတိုက်ခိုက်မှု၏ ရလဒ်ဖြစ်နိုင်သည်ဟု ညွှန်ပြနေသည်။ နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အတွင်း ဖျက်ဆီးမှုဖြစ်ပွားခဲ့သည့် ဓာတ်ပုံများကို ဖော်ပြသည်။

Source- Amnesty International: Myanmar: Military should be investigated for war crimes in response to ‘Operation 1027’ ဆောင်းပါမှ ထုတ်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

Telegram

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ