သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အောင်မြင်သည့် စီးပွားရေးလုပ်ငန်းကြီးနောက်ကွယ်က ကလေးသူငယ် နှိပ်စက်မှုများ

(ဘာသာပြန်ဆောင်းပါး) ဘာသာပြန် – ကျော်ဇံ၊ Arakan Bay News-ဖေဖော်ဝါရီ ၂၁ ရက်၊ ၂၀၂၅

(CNN သတင်းဌာနတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က “In public, they ran a successful global business. In private, police allege they abused hundreds of children” ခေါင်းစဥ်ဖြင့် ဖော်ပြခဲ့သည့် သတင်းအား Arakan Bay News က ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။)

Young boys at a GISBH run care home. 
Obtained by CNN

ကမ္ဘာတစ်ဝှမ်းက သူတို့ရဲ့စားသောက်ဆိုင်တွေမှာ လူတွေသန်းနဲ့ချီပြီး မလေးရှား အစားအသောက်တွေကို စားသုံးကြပါတယ်။ အဲဒီဆိုင်တွေကို မလေးရှားနိုင်ငံတစ်ဝှမ်းမှာရှိကြတဲ့ မိဘမဲ့ကလေးတွေ ထောင်ချီကို စောင့်ရှောက်ပြီး အစ္စလာမ်မစ် စံတန်ဖိုးတွေ ကို လေးစားလိုက်နာတယ်လို့ ဆိုတဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုက လည်ပတ်ဆောင်ရွက်နေတာပါ။

ဒါပေမယ့် Global Ikhwan Services and Business Holdings (GISBH) လို့ခေါ်တဲ့ အဲဒီစီးပွားရေးလုပ်ငန်းကြီးရဲ့ ခေါင်းဆောင်တွေဟာ “အစ္စလာမ်ဘာသာရေးအစွန်းရောက်မှိုင်းတိုက်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို လည်ပတ်ဆောင်ရွက်နေကြတယ်”၊   “အဲဒီအဖွဲ့အစည်းဟာ သူတို့ရဲ့ နောက်လိုက်တွေနဲ့ ကလေးတွေအများကြီးကို အလုပ်လုပ်ခိုင်းပြီး သူတို့ သက်တောင့်သက်သာနေထိုင်နိုင်အောင် ကူညီထောက်ပံ့ပေးမယ့် အလှူတွေတိုးပွားလာအောင်၊ မိဘမဲ့ကလေးတွေများလာအောင် တချို့ကို အဓမ္မပြုကျင့်ပြီး စည်းရုံးလုပ်ဆောင်ထားတယ်” ဆိုတဲ့ စွပ်စွဲချက်တွေကို ချေပနေကြရပါတယ်။

စက်တင်ဘာလ အလယ်က မလေးရှားရဲတပ်ဖွဲ့တွေဟာ အဲဒီကုမ္ပဏီက လည်ပတ်နေတဲ့ အိမ်နှစ်ဒါဇင်ကျော်ကို စီးနင်းတဲ့အချိန် ကလေးသူငယ် ၆၀၀ ကျော်ကို ကယ်ယူနိုင်ခဲ့ပြီး ရာချီတဲ့လူတွေကို ဖမ်းဆီးခဲ့ပါတယ်။ တချို့ကို ကလေးသူငယ် လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ စနစ်တကျကျူးလွန်တဲ့ ရာဇဝတ်မှု စတဲ့ ပြစ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ GISBH အဖွဲ့ရဲ့ ရှေ့နေ Rosli Kamaruddin က သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်တွေက အဲဒီစွပ်စွဲချက်တွေကို ပြန်လည်တုံပြန်သွားဖို့ စီစဥ်ထားတယ်လို့ ဆိုပါတယ်။

လချီရှည်ကြာတဲ့ စုံစမ်းမှုတစ်ခုမှာ CNN သတင်းဌာနဟာ GISBH နဲ့ သူတို့ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲပြောဆိုနေကြတဲ့ အပြစ်ကျူးလွန်မှုတွေဟာ  ဆယ်စုနှစ်နဲ့ချီပြီး ဘာကြောင့် မလေးရှားရဲ့ လုံးဝတိတ်ဆိတ်နေကြတဲ့ လျှို့ဝှက်ချက်ဖြစ်နေရသလဲ ဆိုတာကို နားလည်ဖို့  အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတွေ၊ ရှေ့နေတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပါအဝင် လူပေါင်း တစ်ဒါဇင်ကျော်နဲ့ စကားပြောခဲ့ပါတယ်။

အဖွဲ့ဝင်ဟောင်းတွေကတော့ သူတို့ဟာ အပြင်ကမ္ဘာနဲ့ အဆက်အသွယ်မရှိဘူး၊ ဖုန်းတွေသုံးခွင့်မရဘူးလို့ ဆိုပါတယ်။ အိမ်မှာတပ်ထားတဲ့ တီဗီချန်နယ်ကပြသတဲ့ သတင်းလောက်သာ သိခွင့်ရပြီး အဲဒီချန်နယ်ဟာလည်း အစ္စလာမ်မစ် လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ “Al Arquam” ရဲ့ အဆုံးအမတွေ၊ သတင်းတွေကို လွှင့်ပေးတဲ့ ချန်နယ်တစ်ခုဖြစ်ပါတယ်။ “Al Arquam” ကျင့်သုံးလိုက်နာ သင်ကြားမှုတွေကို မလေးရှားအစိုးရက ၁၉၉၄ ခုနှစ်မှာ ပိတ်ပင်ခဲ့ပြီးတော့“ဆူနီဂိုဏ်း” ကျင့်ဝတ်စည်းကမ်းတွေကနေ သွယ်ဖယ်နေတဲ့ အတွက်ကြောင့်လို့ဆိုပါတယ်။

ဒီဇာတ်လမ်းဟာ ဘာသာရေးအစွန်းရောက်ခြင်း သိသိသာသာ ရှင်သန်ထမြောက် လာခြင်းအကြောင်းလို့ ဆိုရမှာပါ။ အကြောင်းက သူတို့အဖွဲ့ဝင်ဟောင်းတွေပြောကြားချက်အရ “ခေါင်းဆောင်တွေရဲ့ ဆံပင်တွေ၊ သူတို့ချိုးတဲ့ရေတွေ”ကို ဖြည့်ထားတဲ့ “မြင့်မြတ်တဲ့ရေစင်” အပြင် သူတို့ကိုယ်ပိုင်အကျဥ်းချကာ နေထိုင်တဲ့ ကျွန်းတွေနဲ့ အဲဒီနိုးထခြင်းကို ပြည့်စုံအောင် ဆောင်ရွက်ကြလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီ “မြင့်မြတ်တဲ့ ရေစင်”ကို သူတို့စက်ရုံတွေကနေထုတ်လုပ်တဲ့ အစားအသောက်တွေ၊ ပြီးတော့ သူတို့စားသောက်ဆိုင်တွေမှာ စားသုံးကြတဲ့ လူတွေကိုတည်ခင်းတဲ့ အစားအစာတွေမှာ ပက်ဖြန်းထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေအတွက် GISBH ကိုမှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

တစ်နိုင်ငံလုံး အံ့အားသင့်သွားကြရ

Malaysian Department of Social Welfare tape blocks off gates at the entrance to a care home after a crackdown by authorities in Subang Jaya outside Kuala Lumpur on September 12, 2024. 
Mohd Rasfan/AFP/Getty Images

တော်ဝင်မလေးရှား ရဲတပ်ဖွဲ့က စက်တင်ဘာလမှာ GISBH က လုပ်ကိုင်နေတဲ့ ဒါဇင်နဲ့ချီတဲ့အိမ်တွေကို ဝင်စီးပြီး ဖမ်းဆီးမှုများ အများအပြားလုပ်ဆောင်ခဲ့ပါတယ်။ လေးငါးပတ်အတွင်းမှာ ရာချီတဲ့ကလေးတွေကို ကယ်ဆယ်ခဲ့ကြရပြီးတော့ သူတို့ဟာ ကုမ္ပဏီအလုပ်သမားတွေရဲ့ သားသမီးတွေလို့ ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိ ဗိုလ်ချုပ် Razarudin Husain က “ကလေးတွေဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတာတွေ ရှိနေပြီး အဟာရချို့တဲ့နေတဲ့အပြင် ကလေးသူငယ်တွေကို အတင်းအကျပ်လုပ်အားခိုင်းတာတွေ၊ အမြတ်ထုတ်အသုံးချတာတွေရှိနေတယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ကလေး ၃၉၂ ယောက်ကို ကျန်းမာရေးစစ်ဆေးကြည့်တဲ့အခါမှာလည်း ကလေးအားလုံးမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံထားရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“သူတို့ကို စောင့်ရှောက်တဲ့ သူတွေဆီမှာပဲ နှိပ်စက်ခံကြရတာပါ။ ပြီးတော့ သူတို့ဟာ တခြားကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်အောင် အတင်းအကျပ်စေခိုင်းမှုများ ရှိနေကြောင်း ရဲအရာရှိ ဟူစိန်က နောက်ထပ် သတင်းစားရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

ဖမ်းဆီးမှုတွေ လူသိရှင်ကြား ဖော်ထုတ်လာတဲ့အခါ GISBH အဖွဲ့နဲ့ဆက်စပ်သူတွေဟာ လုပ်ငန်းပိုင် စားသောက်ဆိုင်တွေ၊ စျေးဆိုင်တွေ နဲ့ အဝတ်လျှော်ဆိုင်တွေကို ပိတ်သိမ်းလိုက်ပါတယ်၊ ဒါ့အပြင် ဆိုင်တွေကို ကန့်လန့်ကာချပြီး၊ လိုဂိုတွေကို နံရံတွေကနေခွာပြီး GSIBH နဲ့ပတ်သက်တဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို ပိတ်သိမ်းလိုက်ပါတယ်။ တချို့အဖွဲ့ဝင်တွေဟာ မလေးရှေားတစ်ဝှမ်းမှာရှိတဲ့ သူတို့နေထိုင်ရာမြို့တွေကို ထွက်ပြေးသွားကြပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ခေါင်းဆောင်ရဲ့ညွန်ကြားချက်ကို စောင့်နေတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

Global Ikhwan Services and Business Holdings’ (GISBH) CEO Nasiruddin Mohd Ali along with his management arrives at the Magistrate Court in Selayang, on the outskirts of Kuala Lumpur on October 23, 2024. 
Mohd Rasfan/AFP/Getty Images

GISBH ခေါင်းဆောင်တွေနဲ့ဆက်စပ်တဲ့ အိမ်တွေကို စီးနင်းတဲ့အခါ Al Arqam အဖွဲ့တည်ထောင်သူ  Ashaari Muhammad နဲ့ဆက်စပ်တဲ့ စာအုပ်တွေ၊ ဓာတ်ပုံတွေအများကြီးကို ရဲကတွေ့ရှိခဲ့ပါတယ်။ တချို့စာအုပ်တွေကို အထုပ်ထုပ်ကာ ရွံ့လူးပြီး မြေအောက်မှာ မြှုပ်ထားတယ်လို့ ဆိုပါတယ်။

Al Arqam  ဆိုတာ “Abuya” သို့မဟုတ် သူ့ရဲ့နောက်လိုက်တွေအတွက် “ဖခင်ကြီး” လို့ သိကြတဲ့ Asharri ဦးဆောင်တဲ့ အစ္စလာမ်မစ်အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ မူဆလင်ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ မလေးရှားနိုင်ငံနဲ့အတူ တခြားသူကိုအားကိုးစရာမလိုတဲ့ အစ္စလာမ်မစ်အသိုင်းအဝိုင်းတစ်ခုတည်ထောင်ဖို့လိုတယ် လို့ ယုံကြည်ကြသူတွေဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအဖွဲ့ကို ၁၉၉၄ မှာ သူ့ရဲ့ သွေဖယ်နေတဲ့ အဆုံးအမသင်ကြားပုံတွေကြောင့် မလေးရှား အစိုးရပိတ်သိမ်းခဲ့ပါတယ်။ အဲဒီအစိုးရရဲ့ဆုံးဖြတ်ချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုတွေက ဘာသာရေးလွပ်လပ်ခွင့်ကို ချိုးဖောက်တာဖြစ်ကြောင်း အဲဒီအချိန်က မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။ အကျိုးဆက်အနေနဲ့ Ashaari ဟာ အကျယ်ချုပ်ဘဝနဲ့ ၁၀ နှစ်နေခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာ သေဆုံးသွားခဲ့ပါတယ်။

GISBH အဖွဲ့အကြောင်း ကြောငြာထားတဲ့ လက်ကမ်းစာစောင်၊ စာအုပ်၊သတင်းတွေမှာ အဲဒီကုမ္ပဏီကို Ashaari က ပညာရေး၊ အနုပညာ၊ ယဥ်ကျေးကိုးကွယ်မှု၊ တိရစ္ဆာန်မွေးမြူရေးစတဲ့ အစ္စလာမ်လူမှုဘဝနေထိုင်နည်းနဲ့အညီ တိုးတက်မြင့်မားလာဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖွဲ့ဝင်ဟောင်းတွေနဲ့ ကုမ္ပဏီ ဝက်ဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ရဲတွေစီးနင်းမှုမလုပ်ခင်က GISBH အဖွဲ့မှာ လူငယ်ပေါင်း ၃၀၀၀ ကျော်ကို နေရာပေးကာ စောင့်ရှောက်ထားတဲ့ အိမ်ပေါင်း ၁၀၀ လောက်ရှိပြီး အဲဒီလူငယ်တွေဟာ “သူတို့ရဲ့အလုပ်သမားတွေဖြစ်တယ်” လို့ ဆိုကြပါတယ်။

Ashaari ရဲ့သမီးတွေထဲက တစ်ဦးဖြစ်တဲ့ Ummu Atiyah က “အဲဒီလှုပ်ရှားမှုဟာ သူ့အဖေခေါင်းဆောင်ခဲ့တဲ့ ခေါင်းဆောင်မှုကနေ အများကြီးပြောင်းလဲသွားပြီ” လို့  CNN ကိုပြောပါတယ်။ “အမျိုးသမီးတွေကို နည်းလမ်းပေါင်းစုံနဲ့ နှိပ်စက်ကြတယ်၊ ပြီးတော့ ပိုက်ဆံတွေဟာလည်း ခေါင်းဆောင်တွေ သက်တောင့်သက်သာနေထိုင်ဖို့ ဖြစ်သွားတယ်၊ ခေါင်းဆောင်တွေမှာ ဂျက်လေယာဥ်တွေရှိတယ်၊ လူနေလို့ရတဲ့ ကားအိမ် (အိမ်အဖြစ်နေလို့ရအောင်လုပ်ထားသည့် ကား) တွေ၊  ကားတွေရှိကြတယ်၊ ဒါတွေဟာ ကျွန်မအဖေ အဲဒီလှုပ်ရှားမှုကို ဦးဆောင်တုန်းက မရှိခဲ့ဘူး” လို့ သမီးဖြစ်သူက ဆိုပါတယ်။

အဖမ်းခံရတဲ့ အထဲမှာ  GISBH ရဲ့ CEO ဖြစ်သူ Nasiruddin Mohd Aliလည်း ပါဝင်နေပြီး သူက “ဗီဒီယို” တစ်ခုမှာ “ဓမ္မတာမဟုတ်တဲ့ လိင်ဆက်ဆံခြင်း တစ်ခု၊ နှစ်ခု ဖြစ်ပွားခဲ့တယ်” လို့ ဝန်ခံထားပြီး တခြား အဖွဲ့နဲ့ပတ်သက်ပြီး အသရေဖျက်စွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။

“ကျွန်တော်ဟာ ဥပဒေကို အပြစ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး၊ တကယ်တော့ ကျွန်တော်တို့ဟာ ဥပဒေရှေ့မှောက်မှာပဲ အမှားတချို့ကို လုပ်ခဲ့ကြပါတယ်၊ တကယ်တော့ “ဓမ္မတာမဟုတ်တဲ့ ဆက်ဆံခြင်း ကိစ္စတစ်ခု၊ နှစ်ခု ရှိခဲ့တာ ရှိပါတယ်၊ ဒါပေမယ့် ဘာကြောင့် အားလုံးကို ပေါင်းပြီးအပြစ်တင်ချင်ရတာလဲ” ဟု သူက ဆိုသည်။ Nasiruddin  နဲ့တခြားခေါင်းဆောင်တွေဟာ စနစ်တကျအကြမ်းဖက်မှုကျူးလွန်တဲ့ အဖွဲ့မှာ ပါဝင်နေတယ်လို့ စွပ်စွဲခံထားရပြီး တရားစီရင်ဆုံးဖြတ်ခံရဖို့ စောင့်နေကြပါတယ်။ စွပ်စွဲခံရတဲ့ အထဲမှာ Ashaari ရဲ့ သားဖြစ်သူ Mohammad Adib At-Tarmimi လည်း အပါအဝင်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလူသိရှင်ကြား အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ ဒီအမှုဟာ တစ်နိုင်ငံလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ မလေးရှားအများစုဟာ ၁၉၉၀ ပြည့်ခုနှစ်တွေတုန်းက Abuya နဲ့ Al Arqam လှုပ်ရှားမှုကို ကြားဖူးကြပေမယ့် GISBHနဲ့ ဆက်စပ်တာတွေ၊ ပြီးတော့ ကုမ္ပဏီအတွင်းမှာ ဖြစ်ပျက်နေတဲ့ စွပ်စွဲခံထားရတဲ့ အကြမ်းဖက်မှုတွေကို သိတဲ့သူအရမ်းနည်းပါတယ်။ ဒါပေမယ့် ဒီအဖြစ်အပျက်ဟာ GISBHအတွက် အလုပ်လုပ်ဖူးတဲ့ လူတွေအတွက်တော့ အထူးအဆန်းမဟုတ်ပါဘူး။

ဝဲနာများ၊ ချုပ်ရိုးများနှင့် လျှို့ဝှက်ချက်များ

Farid ဟာ မကြာသေးမီက GISBH မှ ထွက်လာခဲ့သူတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာ မူးယစ်ဆေးစွဲပြီးနောက် ၂၀၁၀ ခုနှစ်မှာ အဲဒီအဖွဲ့ကို ဝင်ရောက်ခဲ့ပါတယ်။ “ကျွန်တော့်ဘဝကို ပုံအပ်ခဲ့တာပါ၊ သူတို့က ကျွန်တော့်ကို ပြုပြင်ချင်တယ်ဆိုလို့ ကျွန်တော့်ကိုယ်ကျွန်တော် သူတို့ထံအပ်နှံခဲ့တာပါ” လို့ မိသားစုကို အကာအကွယ်ပေးဖို့ အမည်လွှဲထားတဲ့ Farid ကဆိုပါတယ်။

သူဟာ သူရှေ့စီနီယာအဖွဲ့ဝင်တစ်ဦးရဲ့ သမီးဖြစ်သူနဲ့ပေးစားခံခဲ့ရပြီးတော့ သမီးနှစ်ယောက်မွေးဖွားခဲ့ပါတယ်။ သမီးအကြီးဖြစ်သူ အသက် ၂ နှစ်အရွယ်ရောက်တဲ့အခါ အဲဒီအဖွဲ့စောင့်ရှောက်တဲ့အိမ်မှာ နေထိုင်ဖို့ တခြား GISBH အဖွဲ့ရဲ့အဖွဲ့ဝင်တွေလို ပို့ဆောင်ခဲ့ရပါတယ်။ ပထမတော့ အဲဒီစောင့်ရှောက်တဲ့အိမ်တွေထဲက တချို့ဟာ GISBH နဲ့ မဆက်စပ်သလိုပါပဲ။ တချို့ကတော့ GISBH အဖွဲ့ရဲ့ လိုဂိုတွေကို အသုံးပြုကြတာရှိသလို တချို့ကလည်း ချောင်ကျတဲ့လမ်းတွေမှာ ခြံဝင်းအကျယ်ကြီးတွေထဲ ကစားစရာအရုပ်တွေ ပြန့်ကျဲပြီး သာမန်အိမ်တွေလို့တောင် ထင်ရပါတယ်။ အဲဒီကလေးစောင့်ရှောက်တဲ့အိမ်တွေကနေ ထိန်းချုပ်တဲ့ Facebook Page တွေမှာ မိဘမဲ့ကလေးတွေလို့ ပြောကြတဲ့ ကလေးတွေ သီချင်းဆိုတာ၊ ဆုတောင်းတာ တင်လေ့ရှိပြီး၊ ကလေးတွေ အစားအသောက်၊ အဝတ်အစားတွေ၊ ကျောင်းသုံးပစ္စည်းတွေဝယ်ယူဖို့ Zakat ပေးဖို့၊ လှူဖို့ နောက်လိုက်တွေကို တိုက်တွန်းကြပါတယ်။ “Zakat”ဆိုတာ ဘာသာရေးအရ ပေးကမ်းတဲ့ အလေ့အထတစ်ခုဖြစ်ပြီး အစ္စလာမ်ရဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းကမ်းသီလတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကလေးတွေဟာ မိဘမဲ့မဟုတ်ကြပါဘူး။ အများစုမှာ သူတို့မိဘတွေဟာ Farid လို GISBHရဲ့ အလုပ်သမားတွေဖြစ်နေတာပါ။ သို့ပေမယ့် တချို့မိဘတွေဟာ သူတို့သားသမီးကို မတွေ့ရတာ နှစ်နဲ့ချီနေပြီလို့သိရပါတယ်။ အဖွဲ့ဝင်ဟောင်းတွေနဲ့ တရားဥပဒေစိုးမိုးရေး ဌာနပြောကြားချက်အရ ကလေးတွေကို “ကလေးထိန်း”တွေက စောင့်ရှောက်ပြီးတော့ ကလေးထိန်းတွေဟာလည်း ကလေးတွေထက် အသက်အနည်းငယ်သာ ကြီးတယ်လို့ ဆိုပါတယ်။

၂၀၁၀ လောက်မှာ ယောက်ကျားလေးတွေကို စောင့်ရှောက်တဲ့အိမ်မှာ ခဏလုပ်ခဲ့တဲ့ Farid ဟာ အစ္စလာမ်ဘာသာကို လေ့လာတာ၊ ဆုတောင်းတာအပြင် ALLAH သာမက GISBH ကုမ္ပဏီရဲ့ အကြီးအကဲနဲ့ တခြားခေါင်းဆောင်တွေကိုပါ ကိုးကွယ်ဆုတောင်းတာတွေလုပ်ရင်း နေ့ရက်တွေကို ဖြတ်သန်းရတယ်လို့ ဆိုပါတယ်။ ကလေးတွေကို “မင်း အဖေ၊ အမေဆိုတာ ဘာမှမဟုတ်ဘူး၊ မင်းတို့မှာ Nasiruddin ဆိုတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပဲရှိတယ်” လို့ ပြောထားကြပါတယ်။ “ညကျရင် ကလေးတွေဟာ မျက်ရည်တွေနဲ့ အိပ်ရာဝင်ကြရတယ်” လို့ သူကဆိုပါတယ်။ Farid က “ကျွန်တော့်သမီး ကလေးစောင့်ရှောက်ရေးဂေဟာကို ပြောင်းသွားပြီးနောက်ပိုင်း အရမ်းပြောင်းလဲသွားတယ်၊ အရင်က ကျုပ်သမီးဟာ ပျော်ပျော်နေတတ်တဲ့ ကလေး၊ အမြဲပြုံးနေ၊ ရယ်နေတာ၊ ဒါပေမယ့် အဲဒီကိုရောက်သွားတော့ ဝမ်းနည်းပြီး သူ့ကိုယ်သူ ယုံကြည်မှုမရှိတော့ဘူး” လို့ ပြောပါတယ်။

သူ့သမီးဆီအလည်သွားတော့ အဟာရချို့တဲ့ပိန်လှီပြီး လက်တွေမှာ ဝဲတွေစားနေတဲ့ သူ့သမီးကိုတွေ့ခဲ့ရပါတယ်။ ဒီအခြေအနေကို စောင့်ရှောက်ရေးဂေဟာအိမ်တွေက ကယ်ဆယ်လာတဲ့ တခြားကလေးတွေမှာလည်း တွေ့မြင်ခဲ့ကြရပါတယ်။ GISBHရဲ့ အလုပ်သမားဟောင်းတစ်ယောက်ဖြစ်သူ  Amir ကလည်း သူ ၂၀၂၁ က အဲဒီအဖွဲ့က မထွက်ခင် မကြာမကြာ စောင့်ရှောက်ရေးဂေဟာမှာရှိတဲ့ ၄နှစ်အရွယ်သူ့သားလေးဆီ အလည်သွားဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 “သူ့သားလေးကို ထိန်းပေးတဲ့ သူတွေက သူ့သားလေးဟာ အမြဲတမ်းငိုနေတယ်၊ ပြီးတော့ ဘောင်းဘီတွေနဲ့ ရှုးတွေပေါက်ချတယ်” လို့ ပြောကြတယ်လို့ အမည်လွှဲ Amir ကဆိုပါတယ်။ တခါသူ သူသွားတွေ့တဲ့အခါ “သူ့သားလေးရဲ့ ခေါင်းနဲ့ မေးရိုးတွေမှာ ချုပ်ရိုးတွေ ရှိနေတာကို မြင်ခဲ့ရပါတယ်။ ကလေးထိန်းတစ်ယောက်က ကလေးဘောင်းဘီတွေနဲ့ ရှုးပေါက်လိုက်တဲ့အခါ ဒေါသထွက်ပြီး ကလေးကို လွှင့်ပစ်လိုက်တာကို ဝန်ခံခဲ့တယ်လို့ Amir က ပြောပါတယ်။ Amir ရဲ့သားဖြစ်သူဟာ အပြစ်ပေးတဲ့အနေနဲ့ ခွေးလှောင်ချိုင့်ထဲမှာ သော့ခတ်ခံခဲ့ရတယ်လို့ သူ့အဖေကို ပြောပြပါတယ်။

လုံးဝထိန်းချုပ်ခံရခြင်း

GISBH အဖွဲ့ရဲ့ ဌာနချုပ်ဟာ အလွန်ကျယ်ပြီး မြင်းဇောင်းတွေရှိတဲ့ ခြံကြီးတစ်ခုဖြစ်ပါတယ်။ ဌာနချုပ်ဟာ ကွာလမ်လမ်ပူကနေ မိနစ် ၃၀ လောက် ကားမောင်းသွားရင် ရောက်နိုင်တဲ့ Rawang ဆိုတဲ့မြို့မှာတည်ရှိပါတယ်။ “Al Arqam နဲ ဆက်စပ်တဲ့ အုပ်စုတွေ ၂၀၀၀ ပြည့်နှစ် အစောပိုင်းက မြို့ကိုရောက်လာတော့ ဒေသခံတွေကြား စိတ်ဝင်စားကြတာတွေရှိပါတယ်၊ ဒါပေမယ့် အဲဒီအုပ်စုနဲ့ မြို့နေဒေသခံတွေကြား ပြောပြလို့မရတဲ့ တံတိုင်းကြီးရှိနေပါတယ်” လို့ ဒေသခံတစ်ယောက်က ပြန်ပြောပြပါတယ်။

ခြံဝင်းထဲမှာ ရှိကြတဲ့ လူတွေရဲ့ဘဝကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားပါတယ်။ အဖွဲ့ဝင်ဟောင်းအများစုက “သူတို့ဟာ ဖုန်းသုံးခွင့်မရ၊ ပြင်ပကမ္ဘာနဲ့မဆက်သွယ်ရ” လို့ ပြောကြပါတယ်။ ဌာနချုပ်အတွင်းက ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဟာ  Ikhwan TV  လို့ခေါ်တဲ့ သူတို့ကိုယ်ပိုင် တီဗီချန်နယ်ကနေ သူတို့ခေါင်းဆောင်တွေအကြောင်း သတင်းလွှင့်ဖို့ သတင်းတွေ ဖန်တီးကြပါတယ်။ အဲဒီအစီအစဥ်မှာ ဆုတောင်းတာ၊ ကာတွန်းကားတွေ၊ ပြီးရင် သူတို့အဖွဲ့ကကျင်းပတဲ့ ကား၊ဆိုင်ကယ် ပြိုင်ပွဲတွေ၊ မြင်းစီးပြိုင်ပွဲတွေကို Live လွှင့်ပြသတာတွေရှိတယ်လို့ လူဟောင်းတွေက ဆိုပါတယ်။

“GISBH က ဘာသာရေးအစွန်းရောက်ဖို့ စံနှုန်းတွေကို သွတ်သွင်းပေးပါတယ်၊ အဲဒီအထဲမှာ ခေါင်းဆောင်တွေ၊ လှုပ်ရှားမှုကြီးရဲ့ အခရာကျတဲ့ သြဇာတိက္ကမကြီးမားတဲ့ ခေါင်းဆောင်တွေကို လုံးဝသစ္စာခံရတာ၊ အဖွဲ့ဝင်ဖြစ်ရင် အကျိုးကျေးဇူးတွေရမယ်လို့ သွတ်သွင်းတာ၊ အဖွဲ့ဝင်တွေ ထွက်သွားရင် ပြင်းထန်တဲ့ အပြစ်ပေးတာ၊ ပုဂ္ဂလိက လွပ်လပ်ခွင့်တွေ ဆုံးရှုံးတာ တွေပါဝင်ပါတယ်” လို့ Universiti Sains Malaysia တက္ကသိုလ် နိုင်ငံရေးသိပ္ပံပညာရှင်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ Azmil Tayeb က ဆိုပါတယ်။ သူဟာ အစ္စလာမ်မစ် လူမှုရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အထူးပြုလေ့လာနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

ယောက်ျားတွေ၊ မိန်းမတွေနဲ့ လက်ထပ်ထားတဲ့ သူတွေတောင်မှ ကျား/မ သီးခြားခွဲထားတဲ့ အဆောင်တွေမှာ နေကြရတယ်၊ ပြီးရင် ခေါင်းဆောင်တွေခွင့်ပြုချက်မရဘဲနဲ့ အချင်းချင်းတွေ့လို့မရဘူးလို့ အဖွဲ့ဝင်ဟောင်းတွေက ပြောကြပါတယ်။

“ခင်ဗျား မိန်းမကို တွေ့ရင်တောင်မှ စကားသွားပြောလို့ မရဘူး” လို့ Farid က ပြောပြပါတယ်။ လက်ထပ်ထားတဲ့ သူတွေဟာ သူတို့မိန်းမ၊ ယောက်ျားတွေနဲ့ သွားတွေ့ဖို့အတွက် ကြိုတင်ခွင့်ပြုချက်တောင်းခံရပါတယ်၊ တွေ့ခွင့်တောင်းတာဟာ စုံတွေတွေ လိင်ဆက်ဆံဖို့အတွက်လို့ ယူဆရပါတယ်” လို့ အဖွဲ့ဝင်ဟောင်း တော်တော်များများက ဆိုပါတယ်။ လိင်စိတ်ကြွစေတဲ့ဆေးများကို ပေးထားပြီး တခါတခါ ခေါင်းဆောင်တွေဟာ မနက်ကျရင် အသေးစိတ်ကိုသိဖို့ မေးမြန်းကြတာတွေရှိတယ်လို့ Farid  က ဆိုပါတယ်။

“ကျွန်မကိုယ်ကျွန်မ လိင်ကျွန်တစ်ယောက်လိုပဲ မြင်တော့တယ်၊ ကိုယ့်ကိုကိုယ် ဇနီးတစ်ယောက်လို့ မခံစားရတော့ဘူး၊ GISBHမှာ အမျိုးသမီးတစ်ယောက်ရဲ့ အလုပ်ဟာ ကလေးမွေးပေးဖို့ သက်သက်ပဲ” လို့ ၂၀၂၁ မှာ အဖွဲ့က ထွက်လာခဲ့တဲ့ စင်္ကာပူက အဖွဲ့ဝင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Zoey (အမည်လွှဲ)က ပြောပြပါတယ်။

Zoey ဆယ်ကျော်သက်အရွယ်မှာ သူမမိသားစုဟာ GISBH အဖွဲ့ကို ဝင်ရောက်ခဲ့ပြီး အဲဒီအဖွဲ့ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ နေသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ ခေါင်းဆောင်ပိုင်းက သူ့ကိုထိန်းလို့မရတော့ဘူးလို့ ယူဆတဲ့အတွက်  သူ့ထက်ဆယ်နှစ်လောက်ကြီးတဲ့ စီနီယာ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီး ရက်သတ္တပတ်အတွင်းမှာပဲ သူ့ယောက်ျားဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေရှိလာခဲ့ပါတယ်။ ယောက်ျားဖြစ်သူဟာ သဘောမတူပဲ အကြိမ်ကြိမ် အတင်းအကျပ် အဓမ္မပြုကျင့်ခဲ့တာတွေ ရှိတယ်လို့  Zoey က ပြောပြပါတယ်။

သူမဟာ တားဆေးတွေ သောက်ဖို့ ကြိုးစားပေမယ့် လင်ဖြစ်သူသိသွားတဲ့အခါ အရိုက်ခံရပြီးတော့ ဆက်မသောက်ဖို့ ဖိအားပေး ခံခဲ့ရပါတယ်။ အဖွဲ့အစည်းခေါင်းဆောင်တွေကို တိုင်ကြားပေမယ့် နားမထောင်ဘူးလို့ ဆိုပါတယ်။ အရေးယူမယ့်အစား “နင့်လင်ဟာ မြင့်မြတ်တဲ့သူ” ဖြစ်တဲ့အတွက် သူပြောတာကို နားထောင်ရမယ်လို့သာ ဖိအားပေးကြတယ်လို့ ဆိုပါတယ်။

Zoey  ဟာ အဲဒီအိမ်ထောင်ပြုထားတာကနေ ထွက်ပြေးလာခဲ့ပြီး ခုဆိုရင် စင်္ကာပူမှာ ကလေး ၉ ယောက်ကို စောင့်ရှောက်နေပါတယ်၊ အကြီးဆုံးဟာ သူမ အတင်းအကျပ် အိမ်ထောင်ပြုစေတဲ့ အရွယ်တောင် ရှိနေပါပြီ။

တခြား အမျိုးသမီးအဖွဲ့ဝင်တွေဟာလည်း  Zoey ရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတာ၊ နှိပ်စက်ခံရတဲ့အတွေ့အကြုံတွေကို ပြောပြကြပါတယ်။ အများစုဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အတင်းအကျပ် ပေးစားခံခဲ့ရပြီး တခြားသူတွေဟာလည်း စီးပွားရေးအဆင်ပြေလို့ ဆုချီးမြင့်ဖို့အတွက် အမျိုးသားတွေဆီ ပေးစားခြင်း ခံရတယ်လို့ ဆိုကြပါတယ်။

အစ္စလာမ်ဘာသာအတွက် အဆင့်မြင့်ဘီးများ

၂၀၂၂ ခုနှစ်မှာ အဲဒီအဖွဲ့ဟာ ဟိုတယ်၊တည်းခိုခန်းတွေ ဖွင့်ထားတဲ့  သြစတြေးလျ၊ ယူကေ၊ ပြင်သစ်၊ ယူအေအီးနဲ့ ဆော်ဒီတို့အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တွေ၊ ပေါင်မုန့်ဆိုင်တွေ၊ စက်ရုံတွေ၊ စူပါမားကတ်တွေနဲ့ တခြား စီးပွားရေးလုပ်ငန်းကြီးတွေမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့ သူတို့ဝက်ဘ်ဆိုဒ်နဲ့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

Farid နဲ့ Amir တို့နှစ်ယောက်စလုံးဟာ မနက်ကနေ သန်ခေါင်အထိ ခေါက်ဆွဲ၊ ငရုတ်သီးဆော့စ် တို့ထုတ်လုပ်တဲ့ Ikhwan စက်ရုံတွေမှာ အလုပ်လုပ်ခဲ့ကြတာကို ပြောပြကြပါတယ်၊ တချို့ဆိုရင် တစ်နှစ်မှာ ၃၆၅ ရက်အထိ လုပ်ကြရတယ်လို့ ဆိုပါတယ်။ တခြားသော GISBH အလုပ်သမားတွေလို သူတို့ဟာ လုပ်အားခမရကြပါဘူး၊ ဒါပေမယ့် အစားအသောက်နဲ့ နေစရာတွေကို ပေးထားတယ်လို့ဆိုပါတယ်။ တခါတလေ သူတို့လုပ်ဖော်ကိုင်ဖက်တွေဟာ ကလေးတွေဖြစ်နေတတ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ ခေါက်ဆွဲတွေထုပ်နေတာ၊ စက်ရုံတွေမှာ လုပ်နေတာတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ကြရပါတယ်။ မလေးရှားနိုင်ငံမှာ အချိန်ပြည့်အလုပ်အတွက် ခွင့်ပြုတဲ့ အငယ်ဆုံးအသက်အရွယ်ဟာ ၁၅ နှစ်ဖြစ်ပါတယ်။

Former members told CNN they believed some of their colleagues working in factories to be underage. Police Inspector General Razarudin Husain told reporters in a press conference in September that children subject to “child labor, exploitation.” 
Obtained by CNN

ကုမ္ပဏီရဲ့ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေဟာ အစားအသောက်လုပ်ငန်းတွေအထိ ချဲ့ထွင်လုပ်နေကြပြီး အလုပ်သမားတွေက “မြင့်မြတ်တဲ့ ရေစင်”ကို အများပြည်သူကို ရောင်းချမယ့် ကုန်ပစ္စည်းတွေမှာ ဖြန်းကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ “မြင့်မြတ်တဲ့ ရေစင် –  Holy Water”  သို့မဟုတ် “Air Berkat” ဟာ အဲဒီအဖွဲ့ ခေါင်းဆောင်တွေရဲ့ တံတွေး၊ ခန္ဓာကိုယ်အမွေးအမျှင်နဲ့ သူတို့ရေချိုးပြီး ကျလာတဲ့ အညစ်အကြေး ရေတွေကို ရောနှောပြီးလုပ်ထားတဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ “သူတို့ခေါင်းဆောင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီမှာ “Berkat”  သို့မဟုတ် မှော်အစွမ်းရှိတယ်လို့ အဖွဲ့ဝင်တွေဟာ ယုံကြည်ကြတယ်လို့ ဆိုပါတယ်။

အဲဒီအဖွဲ့ပိုင် နိုင်ငံခြားမှာရှိတဲ့ ပိုင်ဆိုင်မှုတွေဟာ တန်ဖိုးကြီးစာရင်းမှာ ပါနေပေမယ့် အမြတ်မရဘူးလို့ CNN က သုတေသနလုပ်ထားတဲ့ ဘဏ္ဌာရေးမှတ်တမ်းတွေအရ သိရပါတယ်။ နိုင်ငံခြားတွေမှာရှိတဲ့ အဖွဲ့ကပိုင်တဲ့ ပစ္စည်းတွေဟာ သူတို့အဖွဲ့လွှမ်းမိုးမှုရှိလာစေဖို့၊ “ကျော်ကြားမှု”ရဖို့ နည်းလမ်းအဖြစ်အသုံးချတာလို့ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဆိုပါတယ်။ အဖွဲ့ဝင်ဟောင်းအများစုဟာ သူတို့ဆယ်ကျော်သက်အရွယ်တွေမှာ နိုင်ငံခြားမှာနေရင်း အလုပ်လုပ်ဖူးကြပြီး ကုမ္ပဏီကပေးတဲ့ တိုက်ခန်းတွေမှာ နေထိုင်ကြရပါတယ်။ အဲဒီနေရာတွေကို ကုမ္ပဏီအတွက် အစိုးရအရာရှိတွေနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါ အစည်းအဝေးပြုလုပ်ဖို့ နေရာတွေအဖြစ် အသုံးချကြတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် Tayeb က ရှင်းပြပါတယ်။

“သူတို့တွေဟာ အမြဲတမ်းအဆက်အသွယ်တွေရှိကြပါတယ်၊ ကျွန်တော်တို့ဟာ တောကြီးမျက်မည်းအလယ်မှာ သီးခြားခွဲခြားခံထားရတဲ့ ဘာသာရေးအကြောင်းကို ပြောနေတာမဟုတ်ပါဘူး” ဟု သူကဆိုပါတယ်။

GISBH ရဲ့ အဆက်အသွယ်တွေဟာ မလေးရှား လူကုံထံအသိုင်းအဝိုင်းထိ ပေါက်ရောက်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အဖွဲ့ရဲ့ ဥက္ကဌနဲ့ တခြားအဆင့်မြင့်ခေါင်းဆောင်တွေဟာ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နဲ့ သီးခြားရုံးခန်းမှာ တွေ့ဆုံခဲ့ကြပါတယ်။

အစည်းအဝေးမှာ ဝန်ကြီးချုပ်က “မူဆလင်တွေရဲ့ စီးပွားရေးအကျိုးအတွက် GISBH အဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ကူညီဖို့ကတိပေးခဲ့တယ်” လို့ အဖွဲ့ရဲ့ မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့  Ikhwan News  မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးအရသိရပါတယ်။ စက်တင်ဘာလအတွင်း ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက်မှုအပြီးမှာ ဝန်ကြီးချုပ်ဟာ ရဲတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ကုမ္ပဏီနဲ့ပတ်သက်ပြီး အပြစ်ကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင့်တော်တဲ့ အရေးယူမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အလုပ်သမားတစ်ချို့ စက်ရုံတွေ၊ စားသောက်ဆိုင်တွေနဲ့ အပန်းဖြေဟိုတယ်တွေမှာ တစ်ရက်ကို ၁၆ နာရီလုပ်နေရချိန်မှာ GISBH ရဲ့ ခေါင်းဆောင်တွဟာ မလေးရှားရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့လိုက်၊ အားကစားပွဲတွေတက်လိုက်၊ ကမ္ဘာပတ်ပြီး ခရီးသွားလိုက်တွေ လုပ်နေခဲ့ကြပါတယ်။ အဖွဲ့ရဲ့ခေါင်းဆောင်  Nasiruddin ဟာ မြင်းစီးတာ၊ ကားမောင်း၊ ဆိုင်ကယ်မောင်းတာတွေကို အရမ်းဝါသနာပါတယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင်တွေဟာ သူတို့ခေါင်းဆောင်တွေ ပျော်ပျော်ပါးပါး ဇိမ်ခံသုံးဖြုန်းနေတာတွေကို မေးခွန်းထုတ်ခွင့်မရှိပါဘူး၊ အကြောင်းက အစ္စလာမ်ဘာသာအတွက် ကောင်းကျိုးတွေဖြစ်အောင် လုပ်ဆောင်နေတဲ့အတွက်လို့ဆိုပါတယ်။ ခေါင်းဆောင်တွေက “ငါတို့ဟာ အစ္စလာမ်တွေအတွက် အဆင့်မြင့်ဘီးတွေ ဝယ်ပေးထားတာ”လို့ အမည်မဖော်လိုတဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဆိုပါတယ်။

ခေါင်းဆောင်တွေကို မေးခွန်းထုတ်သူ၊ ဆန့်ကျင်ပြောသူ ဘယ်သူ့ကိုမဆို ဝေးလံခေါင်ဖျား ဒေသမှာရှိတဲ့ စခန်းတွေဆီ စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်ခံရတာတွေရှိပြီး အဖွဲ့ဝင်တွေဟာ လနဲချီပြီး မီးမရှိ၊ ရေမရှိတဲ့ တောထဲက အိမ်တွေမှာ သူတို့အပြစ်တွေကို နောင်တရလာတဲ့အချိန်ထိ နေကြရပါတယ် လို့ အဖွဲ့ဝင်ဟောင်း လေး၊ ငါးယောက်က သူတို့အတွေ့အကြုံတွေကို ပြောပြကြပါတယ်။

“ခင်ဗျား ဒီနေ့မေးရင် မနက်ဖြန် သူတို့ စစ်ဆေးမယ့်နေရာကို ပို့လိုက်မှာပဲ” လို့ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဆိုပါတယ်။

CNN က တွေ့ဆုံမေးမြန်းခဲ့တဲ့ GISBH အဖွဲ့ဝင်ဟောင်းတွေ အားလုံးနီးပါး တချိန်ချိန်တော့ စစ်ဆေးမေးမြန်းတဲ့ နေရာကို အပို့ခံရဖူးတယ်လို့ ပြောကြပါတယ်။ Zoey က သူမဟာ ဒုတိယမြောက်ကလေး ကိုယ်ဝန်လွယ်ထားရတဲ့အချိန် စစ်ဆေးမေးမြန်းတဲ့နေရာမှာ နှစ်တစ်ဝက်နီးပါးနေခဲ့ရပြီး ဘယ်သူနဲ့မှ စကားပြောခွင့်မပြုတဲ့အပြင် ဆေးကုသခွင့်လည်း မရဘူးလို့ ဆိုပါတယ်။

Amir ဟာ Tioman ကျွန်းမှာ ၁၀ ကြိမ်အထိ စစ်ဆေးမေးမြန်းတာခံခဲ့ရပါတယ်။ အဲဒီနေရာဟာ မလေးရှားရဲ့ အဓိက ကမ်းရိုးတန်းကနေ အလှမ်းဝေးပြီး ကမ္ဘာလှည့်ခရီးသွားတွေကြား နာမည်ကျော်ကြားတဲ့ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး နေရာတစ်ခုဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ သားနှိပ်စက်တာကို သိပြီးနောက်ပိုင်း ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် အပြစ်ပေးတဲ့အနေနဲ့ အပို့ခံရတာလို့ ဆိုပါတယ်။

ပြေးစရာမြေမရှိ

စက်တင်ဘာလမှာ ရဲတွေ ဝင်ရောက်စီးနင်းပြီးတဲ့အခါ ကလေးအများစုဟာ သူတို့မိဘတွေ စောင့်ရှောက်မှုအောက်မှာ နေထိုင်ဖို့ ပြန်သွားကြပါတယ်၊ ဒါပေမယ့် ကလေး ၁၀၀ ကျော်ဟာ ဘယ်သူ့သားသမီးတွေဖြစ်မှန်း မသိရသေးဘူးလို့ အာဏာပိုင်တွေက ဆိုပါတယ်။

အဖွဲ့ဝင်ဟောင်းတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ယောက်က “ဖြစ်စဥ်အများစုမှာ ကလေးတွေဟာ သူတို့မိဘတွေဆီကို ပြန်သွားဖို့ ငြင်းဆန်ကြတယ်၊ အကြောင်းကတော့ ကလေးတွေဟာ သူတို့ကို ကြောက်ဖို့သင်ကြားထားခြင်းခံရလို့ပဲဖြစ်တယ်” လို့ဆိုပါတယ်။

“ကျွန်တော့်ကလေးတွေက ကျွန်တော့်ကို မချစ်ကြတော့ဘူး၊ လေးစားသမှုမရှိကြတော့ဘူး။ သူတို့တွေ ဦးနှောက်ဆေးတာ ခံလိုက်ရပြီ” လို့ သူ့အမှုသည်တွေရဲ့ ပြောကြားချက်ကို ရှေ့နေမှ ပြန်ပြောပြပါတယ်။

ဒီလို အယူဝါဒ နှစ်ပေါင်းများစွာ သွတ်သွင်းထားတဲ့အခြေအနေကို ပြန်ဖျက်ဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ပြန်လည်ပညာသင်ကြားပေးတဲ့ ပရိုဂရမ်တွေကို တက်ရောက်ပြီးမှ GISBH က ကလေးတွေကို ပုံမှန်ပညာရေးကို သင်ယူနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ မလေးရှား ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီမှာတော့ သူတို့ဘဝမှာ ပထမဆုံး မလေးရှား လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

တရားစွဲဆိုမခံရတဲ့  လူကြီးတွေအတွက်တော့ အနာဂတ်က သိပ်မသေချာလှပါဘူး။ အဲဒီအဖွဲ့မှာ ကြီးပြင်းလာခဲ့တဲ့ လူတွေဟာ သူတို့ခြေထောက်အပေါ်ရပ်တည်နိုင်ဖို့ သက်မွေးဝမ်းကျောင်း အရည်အချင်းတွေ မရှိကြပါ။ ယောက်ျားတွေ အများစုမှာ မိန်းမတွေနဲ့ ကလေးတွေ အများကြီးရှိကြပြီး သူတို့ကို ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်။

GISBH မှာ နေခဲ့စဥ်တုန်းက ဘေးကင်းလုံခြုံတဲ့ ခံစားချက်ကို ရခဲ့တယ်လို့ အဖွဲ့ဝင်ဟောင်းတစ်ယောက်က ဆိုပါတယ်။ သူတို့ဘဝတွေဟာ တခါတရံ အထီးကျန်တယ်၊ ကန့်သတ်ခံရတယ် ဒါပေမယ့် တစ်နေ့မှာ သူတို့ပေးဆပ်အနစ်နာခံ လုပ်ဆောင်ခဲ့တဲ့ ဆုလာဘ်ကို ပြန်ရမယ်လို့ မျှော်လင့်ခဲ့ကြတာ ရှိတယ်။

“သူတို့ကပြောကြတယ်၊ မင်းတို့ အဖွဲ့ထဲမှာရှိနေရင် မင်းတို့ဟာ ကောင်းကင်ဘုံကိုသွားဖို့ လမ်းမှာ ရှိနေတာပဲ” လို့ Farid က ဆိုပါတယ်။ အပြင်မှာတော့ အဖွဲ့ဝင်ဟောင်းတွေမှာ ဘယ်မှ သွားစရာနေရာရှိမနေဘူးလို Zoey ကပြောပါတယ်။ GISBH အဖွဲ့ရဲ့ Facebook Page ဟာ လပေါင်းများစွာ တိတ်ဆိတ်နေခဲ့ပြီး  ဇန်နဝါရီ ၉ ရက်နေ့မှာတော့ ပို့စ်တစ်ခုတင်လာပါတယ်။ အဲဒီပို့စ်မှာ “လူတစ်ချို့ကို ဖန်တီးထားတာဟာ တခြားသူတွေကို စမ်းသပ်ဖို့အတွက်ပါ၊ ဒါကြောင့် ဒီအရာတွေအားလုံးနဲ့ပတ်သက်ပြီး စိတ်ရှည်ပေးကြပါ” လို့ ပါရှိပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်