သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခပြည်သိမ်းတိုက်ပွဲက ထူးခြားမှတ်တမ်းတွေ

Arakan Bay News-ဆောင်းပါး

ရေး-မာမဃ

၂၀၂၃ နိုဝင်ဘာလကနေ ဒီကနေ့ ဇူလိုင်အလထိ ၈ လကြာလာတဲ့ အာရက္ခပြည်သိမ်း စစ်ပွဲတွေဟာ တဆောင်း ကုန်လို့ တနွေကနေ တမိုးအထိ ပြင်းထန်နေဆဲဖြစ်ပါတယ်။ မိုးထဲလေထဲမှာတောင် ရပ်မသွားဘဲ ဆက်နေဆဲပါ။

အာရက္ခပြည်ကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်ရမယ် ဆိုပြီး “ ရက္ခိတလမ်းစဉ် ” အတိုင်း တစိုက်မတ်မတ် တိုက်နေတဲ့ AA ဟာ ဒီကနေ့မှာ အောင်မြင်မှု အသီးအပွင့်တွေကိုလည်း ရရှိထားပါတယ်။

အာရက္ခတပ်တော် အောင်လံ လွှင့်ထူထားသည့် ရက္ခိုင်ရှေးဟောင်း ယဥ်််ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးမြို့ဝင် ဆိုင်းဘုတ်အား တွေ့ရစဥ်/ ဟိန်းထွန်း-ABN

အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ချင်းပြည် ပလက်ဝဒေသကနေ မဟာဗျူဟာကျကျ ဝါးမျိုလာတဲ့ AA ရဲ့ မြို့ သိမ်းတိုက်ပွဲတွေကို ခြေရာကောက်ကြည့်ရင် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝမြို့၊ ဇန်နဝါရီလ ၁၉ မှာ ပေါက်တော၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မင်းပြား၊ ဖေဖော်ဝါရီ ၇ ရက်မှာ ကျောက်တော်၊ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ မြောက်ဦး၊ ဖော်ဖော်ဝါရီ ၁၅ ရက်နေ့မှာ မြေပုံ၊ မတ် ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်း၊ မတ် ၁၁ ရက်နေ့မှာ ရမ်းဗြဲ၊ မတ် ၁၇ ရက်နေ့မှာ ရသေ့တောင်နဲ့ မေ၁၈ ရက်နေ့မှာ ဘူးသီးတောင်မြို့တို့ဟာ စစ်ကောင်စီ ကင်းစင်နယ်မြေ ဖြစ်နေပါပြီ။

ဒီတိုက်ပွဲဖြစ်စဉ်တွေထဲက ထူးခြားတာတွေကို လေ့လာကြည့်ရင် အဓိကတော့ ရေတပ်စစ်ဆင်ရေး၊ လေဆိပ်ကျ ရှုံးမှု၊ ဟိုတယ်ဇုန် ပေးဆပ်မှုနဲ့ အကျဉ်းထောင်တွေကို လက်လွှတ်ရမှုစတဲ့ ဖြစ်စဉ်တွေကို တွေ့ရမှာပါ။

စစ်ကောင်စီရဲ့ ရေကြောင်းစစ်ဆင်ရေး

စစ်ကောင်စီတပ်၏ ကမ်းထိုးဇက်အား အာရက္ခတပ်တော်က သိမ်းထားသည်ကို တွေ့ရစဥ်/Arakan Army Info Desk

AA ဟာ မြန်မာနိုင်ငံရှိ EAOs တွေထဲမှာ ပထဝီဝင်အနေထားအရ ပင်လယ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ တခု တည်းသော လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ တခြားဒေသထက်စာရင် အာရက္ခဒေသ စစ်မြေပြင်မှာ ကြေးတပ်၊ ရေတပ်၊ လေတပ်တွေကို အလုံးအရင်းနဲ့ အင်အားဖြည့် တိုက်ခိုက်ခဲ့တာပါ။ အဲဒီအထဲက စစ်ကောင်စီရဲ့ ရေကြောင်းစစ်ဆင်ရေးဟာလည်း ဟန်ချက်ညီညီ အသုံးဝင်နေပါတယ်။

အာရက္ခပြည် အရင် ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ တိုက်ပွဲတွေမှာလည်း ရေကြောင်းစစ်ဆင်ရေးတွေလုပ်ခဲ့သလို  အခု စစ်ဆင်ရေးမှာလည်း အင်တိုက်အားတိုက် အသုံးချနေပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်သင်္ဘာတွေဟာ လက်နက်ကြီးပစ်ကူပေးတာ၊ မြစ်ချောင်းတွေကို ပိတ်ဆို့စစ်ဆေးတာ၊ လက်နက်ခဲယမ်း ရိက္ခာနဲ့ စစ်သည်အင်အားဖြည့်တင်းတာ၊ ဒဏ်ရာရ စစ်သည်တွေကို ကယ်ထုတ်တာတွေ တောက်လျှောက်လုပ်ပါတယ်။ ရေငုတ်သင်္ဘော တစီးကိုကျောက်ဖြူ သံဇစ်မြစ်ထဲမှာ အင်အားပြ ခဲ့ပါသေးတယ်။

အာရက္ခပင်လယ်ပြင် ကမ်းရိုးတန်းနဲ့ နတ်မြစ်၊ မေယုမြစ်၊ ကုလားတန်မြစ်၊ လေးမြို့မြစ်၊ ကြွီတဲမြစ်၊ ကျွဲကူးမြစ်၊ သံဇစ်မြစ်၊ ကလိန်အောင်မြစ်၊ သံတွဲမြစ်စတဲ့ နေရာတွေမှာ လှည့်လည်ပြီး စစ်ကူပစ်ကူပေးနေတာပါ။

ရေတပ်ရဲ့လှုပ်ရှားမှုတွေကို ပေါက်တောမြို့သိမ်းတိုက်ပွဲမှာ ထင်ရှားစွာမြင်ရပါတယ်။ စစ်တွေနဲ့ ကုလားတန်မြစ်သာ ခြားထားတဲ့ ပေါက်တောကို စစ်ကောင်စီက တိုက်ခိုက်ရေး နေဗီတွေ၊ ကမ်းထိုး ဇက်ရေယာဉ်တွေနဲ့ စစ်ကူပေးခဲ့တာပါ။ ကုလားတန်တစ်ကြောကို စုံဆန်မျှောပြီး ကင်းလှည့်ကာ ပုဏ္ဏားကျွန်း၊ မြောက်ဦးဘက်တွေကို လုံခြုံရေးပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မင်းပြားတိုက်ပွဲမှာ ရာမောင်မြစ်ထဲကနေ နေဗီတွေနဲ့ တိုက်ခိုက်ခဲ့သလို ပုဏ္ဏားကျွန်း ကျောက်တော်ကို ကုလားတန်မြစ်အတိုင်း စုံဆန်သွားရင် ဒေသခံ ကျေးရွာတွေကို ပစ်ခတ်ခဲ့ပါသေးတယ်။  ရသေ့တောင် အတွက် မေယုမြစ်ကို အသုံးပြုခဲ့ပါတယ်။ လက်ရှိ မောင်တောဒေသကို ပင်လယ်ပြင်အတိုင်းခုတ်မောင်းကာ နစ်မြစ်ဝကနေ ပစ်ကူ၊ စစ်ကူ၊ လူသူလက်နက်တွေ ပေးနေတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ တောင်ကုတ် မှာဆိုရင် ကလိန် အောင်မြစ်ကြောင်းနဲ့ မာန်အောင် ရေလက်ကြားကနေ ပစ်ခတ်နေတာပါ။ သံတွဲ တိုက်ပွဲမှာလည်း ထပ်တူ တွေ့ ရပါတယ်။

စစ်ကောင်စီရဲ့ ရေတပ်ဌာနမှာ စစ်မှုထမ်းအင်အား ၁၉,၀၀၀ ခန့်ရှိပြီးတော့ ရေငုပ်သင်္ဘောနှစ်စီးအပါအဝင် စစ်ရေ ယာဉ်ပေါင်း ၁၂၀ ကျော် အစီးရေရှိတယ်လို့ စစ်ဘက်ဆိုင်ရာ အချက်တွေအရ သိထားပါတယ်။

ရိုက်ချက်ပြင်းတဲ့ ကျောက်တော် ရေကြောင်းတိုက်ပွဲ

အာရက္ခတပ်တော် AA သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်၏ နေဗီအား တွေ့ရစဥ်/AA INFO Desk

၂၀၂၄ ဖေဖော်ဝါရီလမှာ ကျောက်တော်မြို့နယ်က စခက ၉ ဌာနချုပ်၊ ခမရ ၃၇၄၊ ခမရ ၃၇၅၊ ခမရ ၃၇၆၊ ခမရ ၅၃၉၊ အမတ ၃၇၇ တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကနေ အထိနာလို့ ကုလားတန် မြစ်ကြောင်း အတိုင်း တပ်ဆုတ်လာရတဲ့ စစ်ကောင်စီ နေဗီနဲ့ ရေယာဉ်တွေနဲ့ AA တို့ ရေကြောင်း တိုက်ပွဲပြင်းထန် ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှာတော့ ကျောက်တော်ကနေ ဆုတ်ခွာလာတဲ့ စကခ ၉ တပ်မမှူးတွေ၊ အခြားတပ် ရင်း မှူးတွေနဲ့ စစ်သည်၊ မိသားစုဝင်တွေပါလာတဲ့ စစ်သင်္ဘောသုံးစီးကို ကုလားတန်မြစ်ကမ်း အပေါက်ဝ၊ နေပူခံ၊ ကျောက်ဖြူကျေးရွာ အနီးမှာ AA တိုက်ခိုက် အနိုင်ယူခဲ့တာပါ။

စစ်သင်္ဘောအပါဝင် ဝေဟင်က ဂျတ်တိုက်လေယာဉ်၊ ဒရုန်းတွေနဲ့ ပစ်ကူပေးနေတဲ့ ကြားက နေဗီနှစ်စီးနဲ့ ဇက် သင်္ဘောတစီးကို ကုလားတန်မြစ်ထဲ မီးလောင် နစ်မြုပ်သွားအောင် AA က တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကူလာတဲ့ စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်လို့မရအောင် AA က တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီရဲ့ ရေတပ်ကို ပထမဆုံး အနိုင်ယူလိုက်တဲ့  AA ရဲ့ရေကြောင်းတိုက်ပွဲ အောင်မြင်မှု ဖြစ် ပါတယ်။ ဒါကတော့ မြန်မာ့တော်လှန်ရေး ရေကြောင်းတိုက်ပွဲသမိုင်းမှာ ပထမဆုံးအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါပြီ။

ဆက်စပ်ပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ AA တို့ ရေကြောင်းတိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာလည်း  နေဗီတစီးနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာလည်း မင်းပြား၊ သက်ပုန်းရွာအနီး စစ်ကောင်စီ နေဗီတစီးကိုလည်း တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာပါ။ ဒါကြောင့် အာရက္ခပြည် မြောက်ပိုင်းက ရေကြောင်းတိုက်ပွဲတွေထဲမှာ စစ်သင်္ဘော ၅ စီးနှင့် အထက်ကို ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်ပိုင်းကစလို့ စစ်တွေ၊ မောင်တောကလွဲပြီး မြောက်ပိုင်းဒေသက မြစ်ချောင်းတွေထဲမှာ မြစ်ကြောင်း တ လျှောက် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နှစ်ရှည်လများ ပစ်ခတ် ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့ စစ် သင်္ဘောတွေကို မတွေ့ရတော့ပါဘူး။ လက်ရှိ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ် တိုက်ပွဲတွေ မှာတာ့ရှိနေသေးပါ တယ်။

သံတွဲလေဆိပ် (သို့မဟုတ်) အခက်ခဲဆုံးတိုက်ပွဲ

ဒီတစ်ခါတော့ လေဆိပ်အကြောင်းကို ပြောချင်ပါတယ်။ လက်နက်ချ အညံ့မခံတဲ့ စစ်ကောင်စီ တပ်အားလုံးကို ထိုး စစ်ဆင် တိုက်ခိုက်သွားမယ်လို့ ကြေညာထားတဲ့ AA ရဲ့ တိုက်ပွဲတွေဟာ သံတွဲဒေသမှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်း ပါတယ်။

AA ဟာ ဧပြီ ၁၃ ရက် သံတွဲမြောက်ပိုင်း ဒေါ်မြ၊ ရွှေလှေစတဲ့ ကျေးရွာတွေကနေ မြို့အနီးက ဆင်ခေါင်းနဲ့ ဂေါ့ ကျေးရွာတွေနဲ့ ငပလီ စစ်ကောင်စီတပ်ရင်းတွေဆီကို ထိုးဖောက်ဝင်လာခဲ့တာပါ။ အဲဒီနောက် သံတွဲအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို ဇွန် ၂၇ နဲ့ ခလရ ၅၅ ဇူလိုင် ၉ ရက်အပြင် သံတွဲ လေဆိပ်ကို ဇူလိုင် ၅ မှာ AA က အပြီး သတ် ရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ ခမရ-၅၆၆ ကို လက်လွှတ်လိုက်ရတဲ့နောက် သံတွဲလေဆိပ်နဲ့ လေဆိပ်အနီးက အဆောက် အ အုံတွေ၊ ငပလီက ဟိုတယ်ကြီးတွေနဲ့ ဇီးဖြူကုန်း သုံးထပ်တိုက်ထဲကနေ အပြင်းအထန် ခုခံခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း  ငပလီကမ်းခြေက (မဇင်) သံတွဲ လေဆိပ်ကို AA က ထိန်းချုပ်နိုင်ခဲ့တာပါ။

ဒီတိုက်ပွဲတွေဟာ အာရက္ခတပ်ရဲ့ မြို့သိမ်းတိုက်ပွဲတွေထဲမှာ  အခက်ခဲဆုံးလို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်မ တပ်ရင်းတွေအပြင် ဘင်္ဂလား ပင်လယ်ပြင်မှာတပ်စွဲထားတဲ့ စစ်သင်္ဘော ၅ စင်း၊ စစ်ရေယာဉ်အုပ်စုနဲ့ နေဗီဆဲလ်ကပါ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူပေးခဲ့တဲ့ ကြားက ရရှိခဲ့တာပါ။

သံတွဲလေဆိပ်ဟာ အာရက္ခပြည်တောင်ပိုင်းက စစ်ကောင်စီတပ်ရင်းတွေဆီ လေကြောင်းကနေ စစ်အင်အားဖြည့် တင်းတဲ့ နေရာမှာ အရေးပါပြီးတော့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေ ဝင်ရောက်မှုများတာကြောင့် စစ် ကောင်စီအတွက် ဒေါ်လာတွေရရှိတဲ့ နေရာလည်း ဖြစ်နေတာပါ။

ဒါကြောင့် AA ဟာ မြန်မာ့ တော်လှန်ရေး သမိုင်းမှာ ပထမဆုံး လေဆိပ်ကို သိမ်းနိုင်တဲ့ EAO အဖွဲ့ဖြစ်လာပါတယ်။

ဘီလီယံချီ ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ဟိုတယ်ဇုန်

ငပလီမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ ဆုံးရှုံးမှုက ဒီထက်ပိုပါသေးတယ်။ ဟိုတယ်ဇုန်ကို AA က ရရှိ သွား တာပါ။

ဖြူလွှလွှသဲသောင်ပြင်နဲ့ အုန်းပင်တန်းတွေ စီရီတန်းပြီး ဘင်္ဂလားပင်လယ်အော်ကို မှေးတင်ထားတဲ့ ကမ္ဘာကျော် ငပလီကမ်းခြေဟာ ဟိုတယ်ဇုန်ကနေ အခုတော့ စစ်ပွဲဇုန်ဖြစ်သွားရပါတယ်။ ဒါကြောင့် ငပလီအတွက် အဝေး ကနေ ဗျာများနေရသူတို့လည်း ရှိနေမှာပါ။

ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိနေတဲ့ ငပလီက ဇိမ်ခံ ဟိုတယ်တွေဟာ အနားယူသွားတဲ့ စစ်ခေါင်းဆောင်တွေ၊ လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အကျိုးတူ လုပ်ငန်းရှင် ခရိုနီအများစု ပိုင်ဆိုင်တာကို မြင်နိုင်မှာပါ။ ဒါ့အပြင် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ငပလီကို မကြာခဏ အပန်းဖြေလာရောက်လေ့ရှိသလို သူ့ဇနီး ဒေါ်ကြူကြူလှကလည်း သံတွဲသူတဦးပါ။

ငပလီဟိုတယ်တစ်ခုတွင် မင်းအောင်လှိုင်အား ထိုင်းနိုင်ငံစစ်ဦးစီးချုပ်နှင့်အတူ တွေ့ရစဥ်/ဓာတ်ပုံ-မြန်မာ့အလင်းသတင်းစာ

ဟိုတယ်ဇုန်ဟာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ္တော စတဲ့ ရပ်ကွက်တွေမှာ ဖွင့်ထားပြီးတော့ ဒေသခံတွေဆီက မြေယာတွေကို မတရားသိမ်းယူထားကြတာပါ။ ငပလီ ကမ်းခြေတစ်လျှောက် ဟိုတယ် ၆၅ လုံးနဲ့ အခန်းပေါင်း ၂၀၀၀ ကျော်ရှိတယ်လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက ထုတ်ပြန် ချက်မှာ တွေ့ထားပါတယ်။ အဲဒီ ဟိုတယ် ၆၄ လုံးထဲက ကြယ်ငါးပွင့် အဆင့်မြင့်ဟိုတယ်ကြီးတွေကို စစ်အာဏာရှင်တွေနဲ့ ခရိုနီကြီးတွေက ပိုင်ပါတယ်။

Amazing Hotel ပိုင်ရှင် ဦးအောင်မျိုးမင်းဒင်ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး ဒေါ် ကြူကြူလှတို့နဲ့ အလွန်ရင်းနှီးပြီးတော့ စစ်ခေါင်းဆောင်အိမ်သို့ အချိန်မရွေး ဝင်ထွက်နိုင်သူဖြစ်ပါတယ်။ Ananda ဟိုတယ်ဟာလည်း စစ်ခေါင်းဆောင်ရဲ့ သားဖြစ်သူ ဦးအောင်ပြည့်စုံ ပိုင်ပါတယ်။

ဒါ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးသမီး ဒေါ်နန္ဒာအေးပိုင်တဲ့  Pristine Mermaid Ngapali ဟိုတယ်ဟာ ငပလီမှာ ရှိနေတာပါ။ ဒါတောင်မကသေးပါဘူး Thandwe Ngapali Hotel ဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့သား ဦးထွန်းနိုင်ရွှေ ပိုင်တယ်လို့ သိရပါတယ်။

ဒီအချက်တွေကို ကြည့်ရင်တော့ မြန်မာပြည်မှာ စစ်ပွဲကြောင့် ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ ဟိုတယ်ဇုန် ဆုံးရှုံးမှုဟာ ပထဆုံး ဖြစ်စဉ်လို့ ဆိုရမှာပါ။ ခြုံကြည့်ရရင် တန်ဖိုးမြင့် ဇိမ်ခံဟိုတယ်လုပ်ငန်းတွေ၊ စီးပွားဖြစ် လေကြောင်း လိုင်းတွေပြေးဆွဲတဲ့ သံတွဲမြို့ဟာ ရခိုင်က တခြားမြို့တွေထက် ထူးခြားပြီး စစ်ကောင်စီအတွက် ဆုံးရှုံးမှုကြီး တယ်လို့ မှတ်နိုင်ပါတယ်။

လက်ရှိ သံတွဲမှာ စစ်ကောင်စီ အခြေစိုက် တပ်ရင်းနှစ်ခုနဲ့ ငပလီမြို့၊ သံတွဲမြို့ ကိုပါ AA က ရရှိထားပြီ လက်ရှိမှာ ငပလီ တောင်ပိုင်းက မောင်ရွှေလေးရေတပ်စခန်းတခုသာ ကျန်ရှိပြီး အနီးနားရှိ ၊ ဂျိတ္တောမှာ တိုက်ပွဲပြင်းထန် နေဆဲပါ။

အကျဉ်းထောင်တွေ ဆုံးရှုံး

ပြည်သိမ်းတိုက်ပွဲက ထူးခြားမှတ်တမ်းတွေချရေးတဲ့ အခါ အကျဉ်းထောင်အကြောင်းလည်း ပါသင့်ပါတယ်။ စစ် ကောင်စီ တပ်ရင်း ၂၀ ခန့်ရှိတဲ့ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ ဘူးသီးတောင်ထောင်က အကျဉ်းသားတွေလည်း လွတ်မြောက်လာပါတယ်။  တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း ဘူးသီးတောင် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၃၁ ဦး အပါဝင် ၉၈ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ AA က မေလကုန်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဘူးသီးတောင်မှာ တိုက်ပွဲတွေမပြင်းခင်ကတည်း ထောင်က အကျဉ်းသား တချို့ကို လွတ်ငြိမ်း ခွင့်ပေးတာနဲ့ အခြားသို့ နေရာပြောင်းရွှေ့တာတွေ လုပ်ခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ချန်ထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ AA ထိန်းချုပ်ထားတဲ့ သံတွဲ အကျဉ်းထောင်က အကျဉ်းသားတွေကိုလည်း AA က လွှတ်ပေးခဲ့ တယ်လို့သိထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးအရ အရေအတွက် အတိကျကို AA က တရာဝင် ထုတ်ပြန်တာ မတွေ့ သေးပါဘူး။ ဘာဖြစ်ဖြစ် အကျဉ်းထောင်ကို သိမ်းပိုက်တဲ့ ဖြစ်စဉ်တွေဟာလည်း လက်ရှိ တော်လှန်ရေး ကာလမှာ ပထဆုံး ဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။

ဆက်ပြီးတော့လည်း စစ်ကောင်စီရဲ့ ကြေး၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကြားက ထိုးဖောက်နေတဲ့ AA ရဲ့ ပြည် သိမ်းတိုက်ပွဲ တွေထဲမှာ စစ်ရေးနိုင်ငံရေး ဘယ်အကြောင်းအရာတွေ ထူးခြားလာမလဲ ဆိုတာကို စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ် ခင်ဗျား။—-

ဆောင်းပါးရှင် မာမဃသည် ရက္ခိုင့်စစ်ရေး၊ နိုင်ငံရေးလေ့လာသူ တစ်ဦးဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေးဆောင်းပါးများကို ၁၀စုနှစ်တစ်ခုကြာ ရေးသားနေသူ တစ်ဦးလည်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။