သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှုပ်ထွေးနက်နဲတဲ့ မူဆလင်အရေး နောက်ကွယ်…(ဆောင်းပါး)

Arakan Bay News

မာမဃ – ရေးတယ်။

AA အင်အားတောင့်တင်းနေတဲ့ ဒီအချိန်မှာ အရမ်း Sensitive (ထိလွယ်ချလွယ်) ရှိနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင် အသစ်ပြန်ပြီး ဖန်တီးမှုတွေ ဆက်တိုက်မြင်ရပါတယ်။ တဖက်ကလည်း စစ်ကောင်စီက အာရက္ခ ပြည်ကနေ အပြီးပိုင် ထွက်သွားရဖို့ လက်တကမ်းအလိုမှာ မနာလိုသူအုပ်စုတွေ ပေါင်းစုပြီး AA အပေါ် အပုတ်ချ၊ အပြစ် ရှာနေတာမြင် ရမှာပါ။

ဒါဆိုရင် AA ဟာ မူဆလင်တွေအတွက် ရန်သူလား? မိတ်ဆွေလား? AA ဟာ ဒီပဋိပက္ခတွေအတွက် တာဝန်ရှိသူ လား? ဒီကာလမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ တဖန် ပြန်ဖြစ်လာရင် အရှုံးအမြတ်က ဘယ်လောက်လဲ ? AA ကို တိုက်ခိုက်နေတဲ့ နောက်ကွယ်က အကြောင်းရင်း ဘာလဲ? စတဲ့ အကြောင်းအရာတွေကို ဒီဆောင်းပါးမှာ မြင်ရ မှာပါ။

“AA ဟာ မူဆလင်တွေအတွက် ရန်သူလား? မိတ်ဆွေလား? ”

ကမ်းရိုးတန်းဒေသက အာရက္ခတပ်တော်ဟာ Arakan Dream (ရက္ခိတအိပ်မက်)၊ Way Of Rakhitta (ရက္ခိတလမ်းစဉ်) စတဲ့ အမျိုးသားရေး လမ်းသစ်ကို ဖောက်ထွင်းပြီး ပြတ်သားတဲ့ စစ်ရေး၊ နိုင်ငံရေးတွေနဲ့ ဂုဏ်သိက္ခရှိရှိ ရပ်တည် လာတာ ဟာ ၁၅ နှစ်သား လူလား မြောက်ပါပြီ။

အရွယ်နဲ့ မမျှတဲ့ အမျိုးသားရေးတာဝန်တွေကို ထမ်းပိုးရင်း ခက်ခဲကြမ်းတမ်းတဲ့ ဆူးခင်းလမ်းတွေထဲက ရုန်းထွက်တာပါ။ အောင်လံတွေ တလူလူလွှင့်တင်နိုင်တဲ့ ဒီအချိန်မှာ မတူကွဲပြားတဲ့ လူမျိုးစုနဲ့ ဘာသာရေး၊ လူမျိုးရေး ဝါဒမှိုင်းတွေကို မသမာသူတွေက တိုက်ခိုက်မှုကလည်း မနားတမ်းပါပဲ။

AA ရဲ့ ရက္ခိတလမ်းစဉ်မှာ အာရက္ခဒေသ အားလုံးရှိ ပြည်သူတိုင်း နိုင်ငံသားအခွင့်အရေး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အသိုင်း ဝိုင်း ဖြစ်ဖို့ဆိုပါတယ်။ ဒါကြောင့် ULA ရဲ့ အုပ်ချုပ်ရေး၊ ရဲလုပ်ငန်းတွေမှာ မူဆလင်ပါဝင်ဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၁ ဩဂုတ်လက အာရက္ခမီဒီယာနဲ့ အင်တာဗျူးကနေ တရားဝင်ခေါ်ပါတယ်။

အာရက္ခပြည်မှာ လူဦးရေ သုံးသန်းကျော်ရှိတဲ့အနက် တစ်သန်းကျော်ဟာ မူဆလင်တွေဖြစ်တယ်လို့ ၂၀၁၅ ဇွန်လ ပြည်နယ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေမှာ တွေ့ပါတယ်။ ဒါကြောင့် သူတို့တွေဟာ ရခိုင်လူမှုအသိုင်းဝိုင်းမှာ ဒုတိယလူဦးရေ အများဆုံးဖြစ်ပြီးတော့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့နယ်မှာ အများဆုံးနဲ့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲစတဲ့ ဒေသတွေမှာ ပြန့်ကြဲနေထိုင်ကြတာပါ။

ခေတ်အဆက်ဆက် ဗမာအုပ်ချုပ်သူတွေရဲ့ ကြားမှာ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ မူဆလင်အများစုဟာ အခုချိန်မှာတော့ ULA ရဲ့ အုပ်ချုပ်ရေး ယန္တရားထဲမှာ ပါလာကြပြီး ပညာအရည်အချင်းနဲ့ ထိုက်တန်တဲ့ လုပ်ငန်းတွေမှာ ခန့်ထားတယ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA နဲ့အင်တာဗျူးမှာ ပြောထားပါတယ်။

“အရှောင်သမားတွေရဲ့ စွပ်စွဲချက်”

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအပြီးမှာ ဂျီနိုဆိုက် (Genocide) ကျူးလွန်တယ်ဆိုပြီး လုပ်ကြံစွပ်စွဲချက်တွေနဲ့ AA ကို ထိုးနှက် ကြပါတယ်။ ဘူးသီးတောင်မြို့ထဲက မူဆလင် နေအိမ် ၅,၀၀၀ ခန့်ကို မီးရှို့ပြီး လူ ၁၀၀ ခန့်ကို သတ်ခဲ့တယ်လို့ စွပ်စွဲတာပါ။ ဒီအုပ်စုထဲမှာ ပြည်ပနေ လူ့အခွင့်အရေး အရေခြုံ မူဆလင်တွေ၊ စစ်ကောင်စီနဲ့ လော်ဘီတွေက မီဒီယာ ပေါ်မှာ ဝါဒဖြန့်ကြတာပါ။ AA က သူတို့လက်ချက်မဟုတ်ကြောင်း ဆိုပါတယ်။

တကယ့်မြေပြင်မှာတော့ စစ်ကောင်စီနဲ့ သူတို့သင်တန်းပေးထားတဲ့ မူဆလင် အကြမ်းဖက် ARSA၊ RSO၊ ARA တွေ ရဲ့ လက်ချက်လို့ မျက်မြင်တွေက ပြောဆိုကြတာပါ။ ဘူးသီးတောင်မှာ နေအိမ်နဲ့ ဘုန်းကြီးကျောင်း၊ ခရစ်ယန် ကျောင်း အပါဝင် ၂,၃၂၇ လုံး ပြာကျသွားခဲ့ပြီးတော့ ရခိုင်နဲ့ ဟိန္ဒူ နေအိမ် တွေအများပါဝင်တာကို Arakan Bay News သတင်းထောက်တွေ မြေပြင်ကွင်း ဆင်းပြီး ရုပ်သံ မှတ်တမ်း တွေနဲ့ ဖော်ပြပြီးဖြစ်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဒုတိယမ္ပိ ထပ်မံ စွပ်စွဲချက် လာပါသေးတယ်။ မောင်တောမြို့ကို AA က အလုံးစုံ ထိုးစစ်ဆင်နေတာဟာ နှစ်လခန့် ကြာမြင့်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ရှိသမျှအင်အားနဲ့ ခုခံနေတာတွေ့ရပါတယ်။

နေ့ညမရွေး တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့တွင်းမှာ ဩဂုတ်လ ၅ ရက်နေ့က တိုက်ပွဲကြားကနေ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးဖို့ ကြိုးစားတဲ့ နယ်စပ်ခြံစည်းရိုးအနီးက မူဆလင်တွေဆီကိုလက်နက်ကြီးကျလို့ လူဒါဇင်နဲ့ ချီ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကိုလည်း AA လက်ချက်ဖြစ်တယ်လို့ ထပ်မံစွပ်စွဲကြတာပါ။

စစ်ရဲ့သဘောသဘာဝအရ ပြင်းထန်လှတဲ့ တိုက်ပွဲများအကြားမှာ မလွဲမရှောင်သာ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတို့ဟာ လူမျိုးဘာသာမရွေး ရှိတတ်စမြဲပါ။ AA ကတော့ ဒီဖြစ်စဉ်ဟာ သူတို့နဲ့ လုံးဝသက်ဆိုင်မှုမဘဲ လုပ်ကြံဝါ ဒဖြန့်တာလို့ ဆိုပါတယ်။ AA စစ်ဦးစီးချုပ်ကလည်း အကြမ်းဖက် လက်နက်ကိုင်အုပ်စုတွေနဲ့ ဆက်နွယ်မှုရှိတဲ့ တက်ကြွလှုပ်ရှားသူ လူ့အခွင့်အရေးသမားအချို့ အကွက်ကျကျ စီစဥ်ထားတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

မောင်တောမြို့ခံတွေကလည်း ဒီလုပ်ရပ်ဟာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးကြောင့်လို့ ပြောပါတယ်။ တချိန်တည်းမှာဘဲ AA ဟာ စစ်ကောင်စီနဲ့ အကြမ်းဖက် မူဆလင်လက်နက်ကိုင်တွေက လူသား ဒိုင်းကာအဖြစ် ပိတ်လှောင်ထားတဲ့ မူဆလင်တွေနဲ့ ပြည်သူ ၂၀၀၀၀ နီးပါးကို တိုက်ပွဲကြားကနေ ကယ်ထုတ်နေတာကို Arakan Bay News က သတင်းယူစဥ် တွေ့ရပါတယ်။

Arakan Bay News အဖွဲ့ သတင်းယူနေစဉ်မှာလည်း နေ့စဉ် စစ်ကောင်စီရဲ့ ဂျက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက် ခိုက်တာတွေ ကြုံခဲ့ရပြီး သြဂုတ်လ ၁၅ ရက်နေ့ည ၇ နာရီအချိန်မှာ စစ်ကောင်စီနဲ့ ARSA အဖွဲ့တွေဟာ မောင်တောမြို့ ရပ်ကွက်တွေကို မီးရှို့နေတာကို မြင်တွေ့ခဲ့ရပါတယ်။

မေလ ၁၂ ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတခုအရ မူဆလင်လက်နက်ကိုင်ပူးပေါင်းတပ်တွေဟာ မောင်တောမြို့နယ် ရခိုင်ရွာတွေဖြစ်တဲ့ ရွှေရင်အေးနဲ့ ဝေသာလီရွာတွေကို မီးရှို့ပြီး အောင်ပွဲခံနေတာတွေ့ရပါတယ်။

ဒါကြောင့် ဒီတိုက်ပွဲအတွင်းက စွပ်စွဲချက်တွေဟာ အာရက္ခတပ်တော်ကို စစ်ကောင်စီက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကို ပစ်မှတ်ထားပြီး တိုက်ပွဲတွေ ရပ်တန့်နိုင်ရေးအထိ ပစ်မှတ်ထားလုပ်ခဲ့တာလို့ နိုင်ငံရေး စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

“စစ်ကောင်စီနဲ့ မူဆလင်လက်နက်ကိုင်တွေ ပူးပေါင်းခြင်း နောက်ကွယ်”

အခုတိုက်ပွဲတွေမှာ အံ့သြစရာ တခုကတော့ အကြမ်းဖက် မူဆလင်အုပ်စုက စစ်ကောင်စီ ဘက်တော်သား ဖြစ် သွားတာပါ။ မူဆလင်အရေးနဲ့ ICJ ထိ တက်ရှင်းနေရတဲ့ စစ်တပ်နဲ့ ပူးပေါင်းနေတာက စိတ်ဝင်စားစရာပါ။

ARSA၊ RSO၊ ARA နဲ့ ဘာသာရေးအစွန်းရောက် မူဆလင်တွေရဲ့လုပ်ရပ်ကို ရခိုင်နေ မူဆလင်အချို့က မထောက်ခံပါဘူး။ တပ်သားစုဆောင်းပြီး စစ်ကောင်စီ ကိုရောင်းစားတာ၊ မူဆလင်တွေဆီက ခြိမ်းခြောက်ငွေညှစ်တာ၊ ပြန်ပေးဆွဲတာအပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်စခန်းတွေမှာလည်း အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ လူငယ်တွေကို စစ်မှုထမ်းအတင်းခေါ်ပြီး စစ်ကောင်စီကို အင်အားဖြည့်ပေးမှုတွေလုပ်ပါတယ်။ မေယုတောင်တန်းဒေသက ရခိုင်နဲ့ အခြားမျိုး နွယ်စုတွေကို လည်းအကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်နေတာကြာပါပြီ။

ဒီတော့ ARSA၊ RSO၊ ARA နဲ့ ဘာသာရေးအစွန်းရောက် မူဆလင်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး AA ကို ဘာကြောင့်တိုက်ခိုက်နေတာလဲ၊ ဘာတွေ အပေး အယူတွေရှိခဲ့လဲ။ အဓိကအကြောင်းအရင်းနှစ်ချက်တွေ့ရမှာပါ။

ပထမတချက်က စစ်ကောင်စီဟာ ARSA၊ RSO အဖွဲ့ တွေကို ကတိကဝတ်တွေနဲ့ မက်လုံးပေးထားတယ်လို့ မူဆလင် အသိုင်းဝိုင်းက ဆိုပါတယ်။ ၊

ဒီမြေဟာ မင်းတို့(မူဆလင်) မြေပိုင်နက်ဖြစ်တယ်။ AA ကို နိုင်အောင်တိုက်ရမယ်။ AA မရှိရင် မင်းတို့ အုပ်ချုပ်၊ အခုဆိုရင် ရခိုင်တွေ ရွာကထွက်ပြေးနေပြီ။ သူတို့ပြန်လာလို့ မရအောင်လုပ်ရမယ်” လို့ ဘူးသီးတောင်က မူဆလင် တွေကို စစ်ကောင်စီတပ်က ပြောတယ်လို့ ပြောကြပါတယ်။ နောက်ပြီး လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီက ထောက်ပံ့ပေးတယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ အာရက္ခဒေက စွန့်ခွာရတော့မယ့် စစ်ကောင်စီဟာ ရှုပ်ထွေးနက်နဲတဲ့ မူဆလင်နဲ့ ရခိုင် လူမျိုးရေး ပဋိပက္ခအဖြစ် ကျန်ခဲ့စေချင်တာပါ။

အမှန်တော့ မူဆလင်တွေရဲ့ ရန်သူအစစ်အမှန်ဟာ စစ်ကောင်စီ ဆိုတာကို မူဆလင်တချို့က ဒီနေ့အထိ မမြင် နိုင်သေးတာလည်းရှိပါတယ်။ ရခိုင်ပြည်အနှံ့က မြို့ရွာတွေမှာ မူဆလင်တွေကို သွားလာရေး ကန့်သတ်ပြီး အုပ်ချုပ်ရေးမှူး၊ ရဲ ထောက်ခံစာတောင်းပြီး ပုံစံအမျိုးမျိုးနဲ့ ငွေညှစ် ဖိနှိပ်ခဲ့တာဟာ လက်ရှိအချိန်မှာ စစ်ကောင်စီလို့ခေါ်တဲ့ မြန်မာတပ်မတော်ပဲ ဖြစ်ပါတယ်။ အခုဆိုရင် AA ထိန်းချုပ်နယ်မြေတွေမှာ မူဆလင်တွေဟာ ရခိုင်တွေနဲ့ နေ့ညအချိန်မရွေး တံခါးမရှိ ဝင်ထွက်သွားလာ ဆက်သွယ် ကူးလူးနေကြပါပြီ။

ဒီရက်ပိုင်းအတွင်းမှာ ထွက်လာတဲ့ ARSA ရဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ရခိုင်နဲ့ စစ်ပွဲကြီးတွေဖြစ်ဖို့ရှိတယ်လို့ ခြိမ်းခြောက် လိုက်ပါသေးတယ်။ ARSA ခေါင်းဆောင် အာတာအူလာ (Ata Ullah) ရဲ့ စကားထဲမှာ သူတို့ဟာ လာမယ့် နှစ်တွေမှာ မူဆလင် ၃၀၀၀ လောက်စုပြီးတော့ ရခိုင် အားလုံးကိုသတ်ပြီး အစ္စလာမ်တိုင်းပြည်ထူထောင်မယ်လို့ ပြောထားပါတယ်။

“စစ်အုပ်စုရဲ့ သွေးခွဲဗျူဟာ”

လူမျိုးရေး၊ ဘာသာရေးကို အသုံးချတဲ့ သွေးခွဲတဲ့ဗျူဟာဟာ တချက်ခုတ် နှစ်ချက်၊ သုံးချက်ပြတ် ထိရောက်မှုရှိ ပါတယ်။ ထင်သာမြင်သာရှိတာက KNU ကို ခရစ်ယာန် KNU နဲ့ ဗုဒ္ဓဘာသာ DKBA တို့အဖြစ် နှစ်ခြမ်းကွဲအောင် လုပ်နိုင်ခဲ့တာပါ။ ဒီကနေ့ အာရက္ခပြည်မှာလည်း တိုက်ပွဲပြင်းနေချိန် စစ်တွေ၊ ဘူးသီးတောင်မြို့ ပေါ်တွေမှာ မူဆလင်တွေကို AA ဆန့်ကျင်ရေး ဆန္ဒပြခိုင်းပါတယ်။ ဒါကလည်း သွေးခွဲဗျူဟာတစ်ခုပါ။

ဒါပေမဲ့ ဒီကနေ့အထိ ပြည်ပကနေ မူဆလင်အရေးလှုပ်ရှားသူတွေ၊ မူဆလင်ခေါင်းဆောင်တွေဟာ အာရက္ခပြည်မှာ အမြဲတမ်းအတူနေရမယ့် ရခိုင်နဲ့ မျိုးနွယ်စုတွေအကြား သဟဇာတဖြစ်ရေးကို လှုံ့ဆော်မှု မရှိသေးတာဟာ သံသယ ဖြစ်စရာ၊ မေးခွန်းထုတ်စရာ တစ်ခု ဖြစ်နေပါတယ်။

ပြည်ပရောက် မူဆလင်အရေးတက်ကြွလှုပ်ရှားသူ တစ်ချို့ဟာ သတင်းတု သတင်းမှားတွေ ဖန်တီးပြီး အမုန်းတရား ပိုမိုပွားများစေဖို့ လှုံ့ဆော်တာတွေ၊ ဒေသနေ မူဆလင်တွေကို သားကောင်မှတ်ပြီး နိုင်ငံတကာက အကူအညီ တောင်းခံမှုတွေကိုသာ လုပ်နေတာလို့ ယူဆရမှာပါ။ အာရက္ခပြည်တွင်းမှာ ရှိနေတဲ့ မူဆလင်တွေနဲ့ ရခိုင်တွေကြား မသင့်မြတ်ရင် နိုင်ငံတကာကို အကြောင်းပြပြီး ကိုယ်ကျိုးရှာလို့ရတာကြောင့် ဖြစ်မယ်လို့ ယူဆရပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးနဲ့ ဆက်စပ်နေမလား”

နောက်ထပ်စဉ်းစားစရာကတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ မောင်တောတိုက်ပွဲမှာ ဒီမူဆလင်အရေးက အုတ် အော်သောင်းနင်းများလာတာပါ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း နိုင်ငံရေး အပြောင်းအလဲနဲ့ တိုက်ဆိုင်နေပါတယ်။

နောက်ကွယ်ကနေ ဘင်္ဂလားဒေ့ရှ်ပါဝင်နိုင်မလားဆိုတဲ့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဝန်ကြီးချုပ် ရှိတ်ဟာစီ နာ ရာထူးက နှုတ်ထွက်ရခြင်းဟာ အမေရိကန် ပယောဂ မကင်းဘူးလို့ နိုင်ငံတကာက ထင်မြင်ပါတယ်။

ရှိတ်ဟာစီနာဟာ အမေရိကန်က နိုင်ငံရေးချဥ်းကပ်မှုတွေ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ စိန့်မာတင် ကျွန်းပေါ်မှာ အမေရိကန်ရဲ့ အခြေစိုက် စစ်စခန်းတည်ဆောက်ရေးပါတယ်လို့ သတင်းထွက်ပါတယ်။ ဒါက အမေ ရိကန်နဲ့ တရုတ်တို့ရဲ့ အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ရေး အားပြိုင်မှုတွေပါ။

တရုတ်ကတော့ ရှိတ်ဟာစီနာ လက်ထက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံး စစ်တကောင်း ပင်လယ်ဆိပ်ကမ်းနဲ့ နိုင်ငံ့ကြက်သရေဆောင် Padma တံတားကြီးနဲ့ Padma ရထားလမ်း တို့ကို တည်ဆောက်ပေးခဲ့ပြီး ဘင်္ဂလားဒေ့ ရှ်နိုင်ငံ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI စီမံကိန်းထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ သူတို့ အလိုကျ ဘင်္ဂလားဒေ့ရှ် အစိုးရတရပ် ပြောင်းလဲဖို့ စောင့်ကြည့်ခဲ့တယ်လို့လည်း သုံးသပ်မှုတွေ တွေ့ရတာပါ။

ဒီအချိန်ကို အခွင့်ကောင်းယူပြီး ပြည်ပနေ မူဆလင်တွေကလည်း ကိုယ်ကျိုး အခွင့်အရေးတွေနဲ့ AA နဲ့ ဘင်္ဂလာ အစိုးရသစ် ဆက်ဆံရေး ဝေးကွာဖို့ လုပ်နေတာလို့လည်း သုံးသပ်ကြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေအရေးနဲ့၊ အခြားအရှုပ်အထွေးတွေကို AA ဆီမှာ ပုံချခဲ့ပြီးတော့ ရှင်းမရအောင်လုပ်တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

“အရိပ်မည်းကြီး သင်ခန်းစာ”

ရခိုင်နဲ့ မူဆလင်တွေကို ပဋိပက္ခအဖြစ် အာဏာပိုင်တွေက နိုင်ငံရေးအပြောင်းအလဲလိုက်ပြီး ပုံဖော်ပေးပါတယ်။ ၂၀၁၂ က ဖြစ်ခဲ့ကြတဲ့ ရခိုင်-မူဆလင် ပဋိပက္ခကြောင့် စစ်တွေ၊ ကျောက်တော်၊ ပေါက်တော၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့ မြို့နယ်တွေမှာ နှစ်ဖက်အသိုင်းဝိုင်းကြား လူသေဆုံးခဲ့ပြီးတော့ အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပါ တယ်။

အခုအချိန်မှာတော့ အာရက္ခပြည်တွင်းမှာ နှစ်ဘက်အသိုင်းဝိုင်းဟာ အပြန်အလှန် နားလည်မှုတွေနဲ့ သဟဇာတ (Harmony) ဖြစ်နေကြပါပြီ။ အာရက္ခတပ်တော်ဘက်ကလည်း တန်းတူ နိုင်ငံသားအခွင့်အရေး ပေးထားတာကို လွတ်မြောက်နယ်မြေက ကာယကံရှင်တွေထက် ဘယ်သူမျှ မသိနိုင်ပါ။

နောက်ပြီးတော့ ၂၀၁၇ မှာ ARSA က ရဲစခန်းတွေနဲ့ ဒေသခံတွေကို မေယုဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်က နယ်မြေရှင်းလင်းရေး အကြောင်းပြပြီးတော့ မူဆလင်ကျေးရွာတွေကို မီးရှို့၊ သတ်ဖြတ်ခဲ့တာကြောင့် မူဆလင် ၇ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာ အနာဂတ်ပျောက်နေဆဲပါ။

“တရားသူကြီးက ကာယကံရှင်တွေ”

ခြုံငုံသုံးသပ်ရမယ်ဆိုရင် ဒီအချိန်မှာ ပဋိပက္ခအသွင် စွပ်စွဲမှုတွေဟာ တကယ့်မြေပြင်မှာ ရှုပ်ထွေးတဲ့ အနေအထားပါ။ တဖက်နဲ့တဖက် ဘာတွေစွပ်စွဲနေလဲ ဆိုတာ အပေါ်က ဆွေးနွေးချက်တွေမှာ ပါသွားပါပြီ။ ဒီပြဿနာတွေ ကို ဖြေရှင်းဖို့ ဇစ်မြစ်က မြေပြင်က ကာယကံရှင်တွေသာ ဖြစ်ပါတယ်။

ဒီကာလမှာ ဖြေရှင်းမယ်ဆိုရင် နာလည်မှုနဲ့ မေတ္တာတရားထားကြဖို့ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ ကာလတုန်းက အကျိုး ဆက်ကို နှစ်ဘက်စလုံးက မုန်းတီးပါတယ်။ ဒါကြောင့် ယုံကြည်မှုနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုဟာ အခရာကျပါတယ်။

နိုင်ငံတကာ မမျှော်ပါနဲ့။ ဒီစစ်ရေးကာလမှာ ကူညီနိုင်မှာ မဟုတ်ပါဘူး။ အားလုံးမှာ ပြဿနာတွေ တပုံတပန်းကြီးနဲ့ပါ။ ဒါကြောင့် အဆုံးဖြတ်ပေးမယ့် တရားသူကြီးက နှစ်ဘက် အသိုင်းဝိုင်းက ကာယကံရှင်တွေသာ ဖြစ်မှာပါ။

ဒါကြောင့် AA မုန်းတီးရေး လှုံဆော်နေကြတဲ့ ပြည်ပနေ မူဆလင်တွေအနေနဲ့လည်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ တဖန်ပြန်ဖြစ်လာရင် ဘယ်သူ အမြတ်ထွက်မလဲတွေးပါ။

AA နဲ့ ရခိုင်အသိုင်းဝိုင်းအပေါ် ကြိုက်သည်ဖြစ်စေ။ မကြိုက်သည်ဖြစ်စေ စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ တွေးရမှာပါ။ ဒီလို မဟုတ်ရင်တော့ နှစ်ဖက်လုံးထိခိုက် နစ်နာမှာပါ။ ရခိုင်နဲ့ မူဆလင်တွေဟာ ပြီးခဲ့တဲ့ ပဋိပက္ခဖြစ်စဥ်တွေအတွက် ဖြေရှင်း ရာမှာ တာဝန်ရှိတဲ့ သူတွေ မဟုတ်ပါဘူး။ ဘယ်သူလဲဆိုတော့ တွေးတတ်ရင် မြင်နိုင်ပါတယ်။

ပြည်တွင်း၊ ပြည်ပနေ မူဆလင်နဲ့ ရခိုင် အသိုင်းဝိုင်းတွေကလည်း အရင်တုန်းကတည်းက ရှိနေတဲ့ အာဃာတတွေကို ဒီ အချိန်မှာ ရှေ့တန်းမတင်တာ အကောင်းဆုံးပါ။ AA ဟာ အာရက္ခဒေသက ပြည်သူတိုင်း ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာ ရှိစွာ ရပ်တည်နိုင်ဖို့ လုပ်စရာရှိတာ ပြတ်သားစွာ လုပ်သွားလိမ့်မယ်လို့ ယုံကြည်ရကြောင်း သုံးသပ်လိုက်ရပါ ခင်ဗျား…။

ဆောင်းပါရှင်မာမဃသည် စစ်ရေး နိုင်ငံရေးဆောင်းပါတွေကို ဆယ်စုနှစ်တစ်ခုကြာ လေ့လာသုံးသပ်ရေးသားနေသူ တစ်ဦးဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ