AB News-ဇန်နဝါရီ ၂၀၊ ၂၀၂၅
ရေး-မာမဃ
ဒီနေရာမှာ ရခိုင်ပါတီဆိုတာ အာရက္ခဒေသနေ လူမျိုးစုတွေကို ကိုယ်စားပြုမယ်ဆိုတဲ့ စစ်ကောင်စီလက်ဝေခံ မှတ်ပုံ တင်ကျ နိုင်ငံရေးပါတီကို ဆိုလိုတာလို့ ဦးစွာ ရှင်းပါရစေ။
၂၀၂၀ ရွေးကောက်ပွဲ NLD အနိုင်ရတာကို အသိအမှတ်မပြုဘဲ အဓမ္မ အာဏာလုလိုက်တဲ့ စစ်ကောင်စီဟာ မြန်မာပြည်အနှံ့ ပြည်သူတွေကို ရက်စက်မှုအပေါင်း သရဖူဆောင်းလာတာ ၄ ခန့်ကြာပါပြီ။ ဒါ့အပြင် နိုင်ငံတကာမှာ မျက်နှာပန်းလှဖို့ ၂၀၀၈ ခြေဥကနေ ရွေးကောက်ပွဲ ကြေညာထားပြီးတော့ မဲစာရင်းပြုစုဖို့ သူတို့ ထိန်းချုပ်ရာ မြို့တွေမှာ သန်းခေါင်စာရင်းကောက်ပြီးပါပြီ။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ဖို့ ၂၀၂၄ ခုနှစ်က နိုင်ငံအနှံ့ သန်းခေါင်စာရင်းကောက်ခဲ့ပေမဲ့ ရခိုင်ပြည်မှာ လူဦးရေ ၈၆ ရာခိုင်နှုန်းထိ မကောက်နိုင်ခဲ့ပါဘူး။
၂၀၂၄ ဒီဇင်ဘာလကုန်နေ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်အတွင်း လူဦးရေ စုစုပေါင်း ၂၄၆၆၃၈၅ ဦး (၂ ဒသမ ၄ သန်း ကျော်) ထဲမှာ လူဦးရေ ၃၄၅၄၃၁ ဦး ( ၃ သိန်းကျော်) သာရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီစာရင်းဟာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တဲ့ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ်သာ ကောက်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံ အခြေအနေဟာ ကျရှုံး နိုင်ငံအဖြစ် တိုင်းနဲ့ ပြည်နယ်အနှံ့ စစ်မီးတွေ တမြို့ပြီးတမြို့ ကူးစက် လောင်မြိုက်နေတာကို ထိန်းမရတော့လို့ စစ်ကောင်စီတပ်လည်း ဆောက်တည်ရာမဲ့ ပြိုလဲနေပါပြီ။
ဒါကြောင့် ရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်အတွက် ထွက်ပေါက်ဖြစ်ပါတယ်။ ဒီအပေါ်မှာ မျှော်လင့်ချက်တွေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပါတီတွေကလည်း ရှိနေပြန်ပါတယ်။ ဆိုတော့ အင်အားချိနဲ့တဲ့ မြန်မာနိုင်ငံအနှံ့က စစ်တပ်အားပေး ပါတီ ၅၀ လောက်ကို စစ်ကောင်စီက ခွင့်ပြုထားပါပြီ။
ဒီအထဲမှာ ရခိုင်ပြည်က ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြို တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပါဝင်တာပါ။ ANP ကတော့ ကံကောင်း ထောက်မစွာနဲ့ ပယ်ချခံလိုက်ရလို့ ဝေဖန်မှု သက်သာသွားပါတယ်။
ရခိုင်အခြေစိုက် ပါတီတွေ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အားယူနေတာ ဘာ့အတွက်လဲ။ မေးခွန်းတွေ ရှိလာနေပါပြီ။
နိုင်ငံဟာ ဘာတွေပဲဖြစ်နေပါစေ စစ်ခေါင်းဆောင်နဲ့ ပေါင်းပြီး ရသလောက် အခွင့်အရေးကို ယူမယ်ဆိုတဲ့ ပါတီခေါင်းဆောင်တွေရဲ့ အကြံအစည်လို့ ဒဲ့ဆိုပါရစေ။
တဖက်မှာလည်း ရွေးကောက်ပွဲဝင်တာက ရခိုင်နိုင်ငံရေး သိက္ခာကို ကျစေပါတယ်။ ဒီမိုကရေစီအရလို့ မဆိုပါနဲ့။ ဒီကာလမှာ ဘာဒီမိုကရေစီမှ မရှိလို့ စစ်ခေါင်းဆောင်တွေ လက်ရဲဇက်ရဲ လူသတ်၊ မီးရှို့နေတာပါ။ ဆိုတော့ ပါတီခေါင်းဆောင်တွေဟာ နိုင်ငံရေးဆိုတာထက် အမတ်၊ ဝန်ကြီး၊ ဝန်လေးစတဲ့ နေရာ တထိုင်စာ ရမလားဆိုပြီး စစ်ကောင်စီထံချဉ်းကပ်တဲ့ သဘောလို့ မြင်နိုင်မှာပါ။
ရခိုင့်ဦးဆောင်ပါတီနဲ့ ဒေါက်တာအေးမောင်
နာမည်အရ ရခိုင်ပြည်သူတွေကို ဦးဆောင်မယ့် ပါတီလို့ နားလည်ရမှာပါ။ ရခိုင့်ဦးဆောင်ပါတီ AFP ကို ၂၀၂၀ ရွေး ကောက်ပွဲအတွက် ဒေါက်တာအေးမောင်က၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ANP က ခွဲထွက်ပြီးတည်ထောင်ပါ တယ်။
NLD လက်ထက်က အဖရခိုင်ပါတီလို့ မှတ်ပုံတင်ပေမဲ့ ဒီနာမည်ကို ခွင့်မပြုတော့ နောက်တမျိုး လုပ်လိုက်တာပါ။ ဆိုတော့ ဥက္ကဌကတော့ ဒေါက်တာအေးမောင်ပါ။ သူဟာ အရင်တုန်းက ရခိုင်အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်တယ်ဆိုပြီး ရခိုင်ပြည်သူတွေ တခဲနက်အားပေးဝန်းရံခံခဲ့ရသူပါ။
ဒေါက်တာအေးမောင်ကို အမျိုးသား နိုင်ငံရေးတရား ဟောတယ်ဆိုပြီး NLD အစိုးရက အကြောင်းမရှိ အ ကြောင်းရှာ ထောင်ချခဲ့ပါသေးတယ်။ ၂၀၁၉ မတ်လမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ ပုဒ်မ ၅၀၅ တွေနဲ့ ထောင်ဒဏ်နှစ် (၂၀) ထိ ချမှတ်ခံရ ပြီးတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီမှာ လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီက ပြန်လည် လွှတ်ပေးခဲ့ပါတယ်။
လွတ်လာပြီးနောက် သူ့ရဲ့ ရခိုင်အမျိုးသားရေး၊ နိုင်ငံရေး အငုံစိတ်ကို ရှင်းရှင်းလင်း ပြလာပါတယ်။ ရခိုင့်အမျိုးသားရေး၊ နိုင်ငံရေးစိတ် သန္ဓေမမှန်ခဲ့ပါဘူး။ စစ်ကောင်စီဘက်ကို ယိမ်းသွားတာပါ။ ဒါ့ကြောင့် သူဟာ နေပြည်တော်၊ ရန်ကုန်တွေမှာ စစ်ကောင်စီ စီစဉ်တဲ့ နိုင်ငံရေး၊ ရွေးကောက်ပွဲ ဆွေးနွေး မှုနဲ့ အချိန်ကုန်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ရွေးကောက်ပွဲနဲ့ စစ်ကောင်စီကို ဖာထေးပေးတဲ့ စကားလုံးတွေ တစိုက်မတ်မတ် ပြောပါတယ်။
တခါ ဆုံးရှုံးထားတဲ့ ညီနောင်သုံးဖော်လက်ထဲက နယ်မြေတွေကို အခုချိန်ထိ စစ်ကောင်စီက ထိုးစစ်မဆင်သေးတာ အားယူနေတဲ့ သဘောနဲ့၊ စစ်မှုထမ်း ဥပဒေကြောင့် တပတ်စဉ်မှာ လူ ၆၀၀၀ တနှစ်မှာ စစ်သား ၆၀၀၀၀ ထိ စုနိုင် တယ်ဆိုတဲ့ အချက်တွေနဲ့ စစ်ကောင်စီ မပြိုလဲနိုင်ဘူးလို့ ယုံကြည်နေတာပါ။
တစ်ဖက်မှာလည်း ရခိုင်ဒေသကိုလည်း စစ်ကောင်စီထိုးစစ်ဆင်လာရင် ရနိုင်သေးတယ်ဆိုတဲ့အကြောင်း အရိပ်အမြွက် ပြောနေတာတွေ တွေ့ပါတယ်။ ဒဲ့မပြောခဲ့ပေမဲ့ စစ်တပ်ကိုအထင်ကြီး နေတာတော့ ကွင်းကွင်းကွက်ကွက် ရှိပါတယ်။
ဆက်လက်ပြီး သူ့လိုအင်အရ ရွေးကောက်ပွဲကို ရခိုင်ပြည်မှာ မဖြစ်ခဲ့ရင်တောင် ရန်ကုန်၊ နေပြည်တော်၊ ပြည်မရောက် ရခိုင်စစ်ဘေးရှောင်တွေဆီက မဲရနိုင်တယ်ဆိုပြီး ရလာဒ်မျှော်မှန်းထားတာပါ။
စစ်ကောင်စီဟာ ရွေးကောက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခ ထွက်ပေါက် အဖြစ်နဲ့ ထွက်ရမယ်လို့ အားပေးပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း စစ်ကောင်စီကိုင်ထားတဲ့ ၂၀၀၈ ခြေဥထဲကနေ Self-Determination (ကိုယ်ပိုင် ပြဌာန်းခွင့်) တောင်းလို့ ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒေါက်တာအေးမောင်ဟာ ကိုယ်ကျိုးစီးပွားအတွက် အမျိုးသားရေး တိုက်ပွဲတခုလုံးကို လျစ်လျူရှုနေတာလို့ မြင်ရပါတယ်။ နောက်တချက်က ကျနော်တို့ ဆက်ပြီး ဒီအတိုင်း ရှင်သန်နေလို့ ရသေးတယ်ဆိုတဲ့ အတွေး နဲ့ ဘဝင်လေဟပ်တာမျိုး ဖြစ်နိုင်ပါတယ်။
ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ
ဒီတစ်ခါတော့ ပါတီရပ်တည်ခွင့် ချပေးထားတဲ့ ရခိုင်အမျိုးသား အင်အားစုပါတီ အကြောင်းအနည်းငယ်ပြပါမယ်။ ပါတီကတော့ သံတွဲမြို့မှာ ရုံးချုပ် ဖွင့်လှစ်ထားတယ်လို့ အချက်အလက်တွေမှာ တွေ့ပါတယ်။
ဥက္ကဋ္ဌ ဦးအေးကြိုင် ဖြစ်ပြီးတော့ သံတွဲဒေသမှာ လှုပ်ရှားမယ်လို့ ယူဆနိုင်ပါတယ်။ ပါတီနောက်ခံနဲ့ လာရာလမ်းကို လိုက်ကြည့်တော့ ရခိုင်လူထုထောက်ခံမှု သုညကြွင်းနေတဲ့ အနေအထားပါ။ နာမ်သာရှိပြီး ရုပ်မရှိလို့ ဆိုပါရစေ။ ထင်သာမြင်သာရှိ တာက ၂၀၁၀ ကစပြီး ရွေးကောက်ပွဲတိုင်းမှာ ပါခဲ့ပေမဲ့ အနိုင်ရတာကို မမြင်မိပါဘူး။ လက်ရှိမှာလည်း သံတွဲ ဒေသကို AA ထိန်းချုပ်ထားပါပြီ။
မျိုးနွယ်စု မြိုနဲ့ ခမီပါတီတွေ
မျိုးနွယ်စုအရေး ခွဲခြားဆက်ဆံတာ မဟုတ်လို့ ဦးစွာ ဝန်ခံပါရစေ။ စစ်ကောင်စီက မှတ်ပုံတင်ချပေးထားတဲ့ မြို တိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီနဲ့ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကိုလည်း ဒီဆောင်းပါးမှာ ထည့်ပြောစရာပါ။ ရခိုင်ဒေသက မြို၊ ခမီလူမျိုးတွေဆီက ဆန္ဒမဲတွေကို မျှော်မှန်းနေတဲ့ အုပ်စုတွေပါ။
ဒီအုပ်စုတွေရဲ့ ကြီးလေးတဲ့ အမှားကွက်တခုကို သတိထားမိမှာပါ။ မကြာခဏဆိုသလို စစ်ကောင်စီအလိုကျ အာဏာရှင်ပြုတ်ချရေး တော်လှန်နေတဲ့ တနိုင်ငံလုံးက တော်လှန်ရေးတပ်တွေကို ဆန့်ကျင်တဲ့ စတိတ်မန့် တွေမှာပါ လေ့ရှိပါတယ်။
နိုင်ငံတကာက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်မှုတွေကို ရှုတ်ချတာတွေ၊ လားရှိုး ရမခကျ ဆုံးမှုမှာ မြောက်ပိုင်း အဖွဲ့ တွေကို ရှုတ်ချတယ်လို့ စစ်ကောင်စီ ဘယ်လက်ရုံး ကြံခိုင်ရေးပါတီ ဦးဆောင်ထုတ်တဲ့ ထုတ်ပြန်ချက်မှာ သူတို့ ပါတာကို တွေ့ရပါတယ်။
AA ၊ TNLA၊ MNDAA ကို အကြမ်းဖက်အဖွဲ့လို့ စစ်ကောင်စီ သတ်မှတ်လိုက်တာကို ထောက်ခံကြောင်းဆိုပါတယ်။ မြိုတိုင်းရင်းသားပါတီမှာ ခေါင်းဆောင်ကတော့ ဦးအေးထွန်းဖြစ်ပြီး ဘူးသီးတောင်မြို့မှာ ဌာနချုပ်ရုံး တွေ့ပါတယ်။ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှာ ဥက္ကဌ ဦးစံသာအောင်ဖြစ်ပြီး ပါတီရုံးချုပ်က ကျောက်တော် မြို့မှာလို့ ဆိုပါ တယ်။ ခမီအမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီမှာ ခေါင်းဆောင် ဦးဦးသန်းဌေးဖြစ်ပြီး ပါတီရုံးချုပ်က စစ်တွေမြို့ မှာ ရှိပါတယ်။
ရခိုင်ပြည်တွင်းမှာ မြိုလူဦးရေ သုံးသောင်းကျော်နဲ့ ခမီ လူဦးရေ တစ်သိန်းခန့်ရှိတယ်လို့ အကြမ်းအားဖြင့် သိထားပါတယ်။ ဒါပေမဲ့လည်း မြိုမှာ ပါတီ ၂ ဖွဲ့ကွဲနေပါသေးတယ်။ မြိုခမီနဲ့ မြိုတွေပါ။ ဒီအရှုပ်ထွေးကိုတော့ မဝင်တော့ပါ။ ဆိုလိုချင်တာက လူဦးရေဘယ်လောက် ကွဲစေလဲ မဲဘယ်လောက်ရမလဲဆိုတာ ထောက်ပြတာပါ။
နောက်ပြီး မြို၊ ခမီ ပါတီဌာနချုပ်တွေနဲ့ နေထိုင်ရာနေရာတွေဟာ AA ထိန်းချုပ်ထားတဲ့ ဒေသဖြစ်တာကြောင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး မအောင်မြင်တော့ပါဘူး။ ပြည်မရောက် မြို၊ ခမီတွေ ဘယ်လောက်ထိ ရှိနေမလဲ။ တွေးကြည့် ရင်မြင်နိုင်မှာပါ။
စစ်ကောင်စီ အလိုကျရေးဆွဲထားတဲ့ ပါတီနိုင်ငံရေး ရွေးကောက်ပွဲ ဥပဒေအရ ပါတီ ၄၉ ခုရှိတဲ့အထဲ တနိုင်ငံလုံး စည်းရုံးမှာ ၉ ပါတီနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တခုအတွင်း စည်းရုံးမယ့် ပါတီ ၄၀ ခု ရှိတယ်လို့ စာရင်းတွေ မှာတွေ့ပါတယ်။ စစ်ကောင်စီကတော့ ဘာပဲဖြစ်နေပါစေ။ လာမယ့် ၂၀၂၅ နိုဝင်ဘာလမှာ သူတို့ ထိန်းချုပ်တဲ့ နေရာတွေမှာ ရွေးကောက်ပွဲလုပ်တော့မှာပါ။
နိုင်ငံရေး ပါတီတွေရဲ့ သဘောတရားအရ အမတ်လောင်းတွေဟာ ကိုယ့်ဒေသ ရခိုင်ပြည်ကိုဘာလုပ်ပေးမယ်။ ပြည်သူတွေကို ဘာဖြစ်စေရမယ်လို့ လက်မောင်းတန်းပြီး ကတိကဝတ်တွေ ပေးရမှာပါ။ အခုတော့ ဒီလို ရှိနိုင်ပါ့မလား။ အရင်ရွေးကောက်ပွဲတွေကရော ပြည်သူအတွက် ဘယ်လောက်ထိ လုပ်ပေးနိုင်ခဲ့သလဲ။ ခြေရာကောက်ကြပါ။
သုံးသပ်ချက်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်ကို ULA ရဲ့အုပ်ချုပ်မှုအောက်မှာ တပြည်ထောင်စနစ်နဲ့ သွားမယ်လို့ ပြောထားပြီးသားပါ။
ဒါကြောင့် စစ်ကောင်စီရဲ့ အသုံးချခံ အဖြစ်ရပ်တည်ပြီးတော့ ကိုယ့်တနေရာထိုင်ခုံအတွက် ရခိုင်ပြည်သူတွေကို လိမ်ညာတဲ့ ကတိကဝတ်မျိုးပေးပြီး မဲဆွယ်တော့မလား။ ဘယ်လို Campaign Promise (မဲဆွယ်ကတိ) တွေ ပေးမှာလဲ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလို အစိမ်းတုတ်နဲ့ ရိုက်ရိုက် အနီတုတ်နဲ့ ရိုက်ရိုက် နာကျင်ခဲ့ရတာကို ဒီနေ့အထိ စာအုပ်စိမ်း (၂၀၀၈ ခြေဥ) ကြားထဲ ခိုဝင်ချင်သေး တာကတော့ ဘယ်သူ့အတွက်လဲ။ ကိုယ်ကျိုးစီးပွားကလွဲပြီး ဖြစ်နိုင်ပါ့မလား။
ဗမာအင်အားစုတွေ တညီတညွတ်တည်း စစ်အာဏာရှင်ကိုတော်လှန်တဲ့ ဒီအချိန်ဟာ တသက်မှာ တခါမြင်ရခဲတဲ့ဖြစ် စဉ်တွေပါ။ ဒါ့အပြင် ဒီနေ့ဟာ ရခိုင်ဒေသနေ ပြည်သူတွေအတွက် အပြောင်းလဲကြီးတခုကို AA က ပေးနေပါပြီ။ အာရက္ခပြည် ပြန်လည်ထူထောင်ရေးအတွက် လူသားအရင်းမြစ်၊ ကဏ္ဍပေါင်းစုံတတ်သိ၊ ပညာရှင်တွေလိုအပ်နေဆဲပါ။
ULA/AA ကလည်း အသစ်တည်ဆောက်မဲ့ အာရက္ခပြည်မှာ လူမျိုးဘာသာမရွေးပါဝင်ဖို့ ကမ်းလက်ပေးနေပါတယ်။ ဒါကြောင့် အာရက္ခပြည်သစ် သမိုင်းသစ် တည်ဆောက်ရေးမှာ ငါ ဘယ်နေရာကပါဝင်ခဲ့သလဲလို့ မျိုးဆက်တွေ မေးလာရင် ဖြေဖို့ အဖြေရှာထားကြပါလို့ ပါတီခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ကြောင်းပါ ခင်ဗျား…။
မာမဃ —