သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိတလမ်းစဥ်နှင့် ခရီးမိုင်တိုင်များ

ဆောင်းပါး/ဇော်သိုက်– ရေးသည်။

AB News-သြဂုတ် ၁၁ ရက်၊ ၂၀၂၅

ယနေ့ အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ကို ၉၀ ရာခိုင်နှုန်းထိ ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်နယ်မြေ အနည်း ငယ်ကိုလည်း ဆက်လက်သိမ်းပိုက်ရေး ကြိုးပမ်းနေသည်။

အာရက္ခတပ်တော်သည် ဤသို့ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ရေး မည်သည့် မှော်ပညာများဖြင့် ကစား ခဲ့ကြသနည်း။ စစ်ရေးသက်သက်လား?၊ နိုင်ငံရေးကြောင့်လား?၊ မည်ကဲ့သို့ နိုင်ငံရေး အယူဝါဒများဖြင့် စည်းရုံးခဲ့သ နည်း? စသည်ဖြင့် တွေးစရာ တပုံတပင်ရှိလာပေ၏။

ယနေ့ခေတ်သစ် ကမ္ဘာကြီးထဲ မောင်းနှင်နေသည့် နိုင်ငံရေး အယူဝါဒများကို အကြမ်းအား ဖြင့် လစ်ဘရယ်ဝါဒ (Liberalism)၊ ဆိုရှယ်လစ်ဝါဒ (Socialism) ရှေးရိုးစွဲဝါဒ (Conservatism) အမျိုး သားရေးဝါဒ (Nationalism) တို့ဆိုပြီး မြင်ရသည်။

သို့သော် ရက္ခိုင်တို့အတွက် နိုင်ငံရေးလမ်းစဥ်ဝေါဟာရ အသစ်တစ်ခုရှိနေမည်။ ဤသည်ကား ရက္ခိတလမ်းစဥ်၊ The Way of Rakhita၊ ရက္ခိတဝါဒ Rakhitalism ဟု ပြောရမည်လား။

 ‘ ရက္ခိတလမ်းစဥ် အာဂျင်တာ ’

“ ရက္ခိတလမ်းစဥ်ဆိုတာ အဓိက ရက္ခိုင်လူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့၊ လွတ်လပ်တဲ့ ရက္ခိုင့်လူ့ဘောင် ကို ဂုဏ်သိက္ခာရှိတဲ့ ဒီကမ္ဘာမြေကြီးထက်မှာ အခိုင်အမာရပ်တည်ဖို့ဖြစ်တယ် ” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပထမ ဆုံး၂၀၁၉  မေလမှာ လူထုကိုချပြလာခဲ့သည်။

ထို့အတူ ရက္ခိတလမ်းစဥ်မှာ အဓိပ္ပာယ်ရှိသည့် လုပ်ရပ်များစွာရှိကြောင်း သက်သေသက္ကာယ ရှာဖွေကြသည်။

လွတ်လပ်ရေးကို သန္ဓိဌာန် ချမှတ်ထားသော အာရက္ခတပ်တော်၏ တော်လှန်ရေးသည် ယခု ၃ ချီရှိပြီဖြစ်၏။ တိုက်ပွဲ ပထမအကျော့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလ (၂၀၂၀ ရွေး ကောက်ပွဲ) တွင်နားခဲ့၏။ ဒုတိယကျော့အနေဖြင့် ၂၀၂၁ နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထိဖြစ်ခဲ့ပြီး ခေတ္တနား ပြန်၏။ တတိယအကျော့ ရခိုင်မြို့သိမ်း တိုက်ပွဲကြီးများသည် ၂၀၂၃ နိုဝင်ဘာတွင်ပြန်စပြီး ယနေ့အထိ စစ်မီး အရှိန်ကောင်းနေဆဲဖြစ်ပေသည်။ နှင့်အတူ တိုက်ပွဲတိုင်းသည် ရက္ခိတလမ်းစဥ် အောက်က သွေဖယ်မသွားကြောင်း သတိပြုမိကြမည်။

ဆိုလိုရင်းမှာ ရက္ခိတလမ်းစဥ်၏ လုပ်ငန်းစဥ်စဥ်ထဲတွင် အာရက္ခပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး၊ အာရက္ခ လူထုတစ်ရပ်လုံး ခိုင်မာကျစ်လစ်သည့်  အမျိုးသားစိတ်ဓာတ်ရှင်သန်ရေး၊ ဌာနေ သဘာဝသယံဇာတ ရပိုင်ခွင့်၊ ဆုံးရှုံးသွားသည့် အချုပ်အခြာအာဏာတို့နှင့် စည်းနှောင်ထားသည်။

အာရက္ခတပ်တော် ခေါင်းကိုင်ဖခင်ကြီးတို့က ရက္ခိတလမ်းစဥ်ကို လုပ်ငန်းစဥ် အဆင့်အဆင့်ချပြီး အကောင် အ ထည်ဖော်ရာတွင် ရက္ခိုင်လူမျိုးတစ်ယောက်ချင်းစီ၏  ရင်ထဲကိန်းအောင်းနေသည့် နိုင်ငံရေး အိပ်မက်၊ အမျိုးသား ရေးမျှော်လင့်ချက်တို့ကို ရက္ခိုင့်အိပ်မက် Arakan Dream ၂၀၂၀ ဆိုပြီး ဦးစွာတပ်လှန့်နှိုးဆော် ပေးခဲ့ကြသည်။

ရက္ခိုင်တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် လွတ်လပ်သည့် ရက္ခိုင့်နိုင်ငံသား တစ်ယောက်ခံယူဖို့နှင့်၊ ပြတ်သားသည့် သံဓိဌာန်နှင့် အလုပ်လုပ်ရန်၊ ကမ္ဘာအနှံ့ပြန့်ကြဲနေသော ရက္ခိုင်သားများကို ခိုင်မာသည့် ကွန်ရက်တစ်ခုဖြစ်စေရေး ၂၀၂၀ ကစပြီး စည်းရုံးခြင်းကို မြင်ရ၏။ ယင်းအချက်မှာ ရက္ခတိလမ်စဥ်၏ လုပ်ငန်းစဥ်တစ်ရပ်ပေတည်း။

ရက္ခိတလမ်းစဥ်၏ အဓိကမောင်နှင်အားသည် အာရက္ခတပ်တော်ဖြစ်၏။အာရက္ခတပ် တော်ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ကြသည်။  မူလက ရက္ခိုင့်တပ်မတော်ဟု အမည်ပေးဖွဲ့သည်။ နောက် ၁၀ နှစ်အကြာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ရက္ခိုင့်တပ်တော်ဟု အမည်ပြောင်း၏။ ထိုမှတစ်ခါ ၂၀၂၄ ဧပြီလ ၁၀ ရက်တွင် အာရက္ခတပ်တော်ဟု ယနေ့အထိ ပြောင်းလဲ သုံးစွဲလာနေသည်။

အာရက္ခတပ်တော်နာမနှင့်အတူ ရက္ခိတလမ်းစဥ်၏  ယုတ္တိဆန်လာမှု ဤက စလေပြီ။

 ‘နှလုံးရည် တော်လှန်ရေး’

ရက္ခိုင်တို့၏ အမျိုးသားရေးခေါင်းဆောင် သို့မဟုတ် AA အကြီးအကဲများသည် ယခင်က ရက္ခိုင့်အမျိုးသား တော် လှန်ရေး တပ်ဖွဲ့များ၏ နည်းနာလမ်းဟောင်းထဲကနေ သွေဖယ်ဆန့်ကျင်သည့် လမ်းသစ်ကို ဖောက်ကြ၏။ ဆိုလို သည်မှာ စစ်ရေး နိုင်ငံရေးကအစ စကားလုံး အသုံးအနှုန်း အသစ်အဆန်းများဖြင့် အမျိုးသားရေးကို လှုံ့ဆော်ပုံ သွင်းနိုင်၏။ ထို့ကြောင့် ရက္ခိုင့်နိုင်ငံရေး၊ တော်လှန်ရေးနယ်ပယ်များတွင် စကားလုံးအသစ်များ တိုးလာ၏။

ရက္ခိတလမ်းစဥ်၊ The Way of Rakhita ၊ ရက္ခိုင့်အိမ်မက် Arakan Dream ၊ စသည့် ဝေါဟာရ အသစ်များသည် ရက္ခိုင်ပြည်တော်လှန်ရေးကို ဓမ္မဓိဌာန်ကျကျနှင့် အမျိုးသားရေးကိုပါ ကျစ်လစ်ခိုင်မာအောင် မောင်းနှင်နိုင်မှုကို မြင်နိုင်ပေမည်။ ထို့ကြောင့် ရက္ခိတလမ်းစဥ်သည် ရက္ခိုင်အမျိုးသားရေးစိတ်၊ တော်လှန်ရေး စိတ်ဉာဏ်အလင်းပွင့်ရာ ဗဟို ချက်မဟု  ဆိုနိုင်ရာ၏။

ပျော့တိပျော့တော့ဖြစ်နေသည့် အမျိုးသားရေးစိတ်ကို စာပေ အနုပညာဖြင့် ဖော်ထုတ်လာကြသည်။ တပ်တော်သီ ချင်း၊ အမျိုးသားရေးသီချင်းများကို ဖန်တီပြီး ယဉ်ကျေးမှု တော်လှန်ရေး အသစ်အဆန်းများဖြင့် ရက္ခိတလမ်းစဥ်ကို တန်ဆာ ဆင်၏။

ထိုစကားလုံးအသစ်အဆန်းများသည် ရက္ခိုင့် (Society) လူ့အဖွဲ့အစည်းထဲသို့ တိုက်ရိုက်စီးဝင်စေသည်။ Father Land အဖရက္ခိုင်ပြည်၊ Defenders of Our Fatherland စသည့် ဝေါဟာရများသည် Public Opinion လူထုအယူ အဆ ထဲသို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ရိုက်ခတ်စေသည်။

တပ်တော်ကြီသည် အာလဖာ (Alpha) ၁၊ ၂ နိုဗာ (Nova) ၁၊ ၂ နှင့် ဗီတာ (Vita) ၁၊ ၂၊ တပ်မဟာ ၁ ၊ တပ်မဟာ ၂၊ စသည်ဖြင့် စစ်ဒေသများ ဖွဲ့စည်းသည်။ အုပ်ချုပ်ရေးနယ်မြေများကို ရှုပ်ထွေးစေအောင်၊ နားလည်ရခက်အောင် လုပ်ထားသည်။

ရက္ခိတလမ်းစဥ် အောင်မြင်ခြင်းနှင့်အတူ နောက်ထပ်လုပ်ငန်းစဥ်များကို ဆက်လက် အကောင်ထည်ဖော်နေသည်။ ဆိုလိုသည်မှာ ထိန်းချုပ်မှုနယ်မြေကျယ်ပြန့်လာသည်နှင့်အမျှ အာရက္ခနိုင်ငံတော် သို့မဟုတ် အာရက္ခတိုင်းပြည် အ ဆင့်ကို ပုံဖော်နေ၏။

အာရက္ခပြည်ကို နိုင်ငံတစ်ခု၏ အင်္ဂါရပ်နှင့် ညီအောင်ကိုယ်စားပြု အောင်လံကို ပြောင်းလဲသည်။ (ယခင် ခေတ် အဆက်ဆက်က အသုံးပြုခဲ့သည့် ပြည်နယ်အောင်လံနှင့် ယခု အာရက္ခနိုင်ငံအောင်လံ မတူတော့ပေ)။ အာရက္ခ နိုင်ငံတော်သီချင်း ပေါ်ပေါက်လာပြီး စာသင်ကျောင်း၊ ဌာနဆိုင်ရာနှင့် အခမ်းအနား ပွဲလမ်းသဘင်များတွင် စွဲမက် စွာ သီဆိုလာကြသည်။ အာရက္ခပြည် ပိုင်နက်နယ်မြေ၊ စုံလင်ကွဲပြားသည့် မျိုးနွယ်စုဝင်အားလုံးကို အာရက္ခပြည် သားအဖြစ် အသိအမှတ်ပြုထားသည်။

National institutions အမျိုးသားရေး စိတ်ဓာတ်ကို အမြင့်ဆုံး အပြင်းထန်ဆုံး မြှင့်တင်ဖို့ အဖပြည်ကြီးမြင့်မြတ် မှုကို ရာဇဝင်၊ ပုံပြင်၊ ဒဏ္ဍာရီအပါအဝင် ၊ သမိုင်းအထောက်ထားများဖြင့် ပြသကြ၏။

အာရက္ခပြည်ထဲတွင် ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ ကမန်၊ မရာမာကြီး၊ မူဆလင်၊ ချင်း စသည်ဖြင့် လူမျိုးစုအားလုံးသည် အာရက္ခပြည်သား သို့မဟုတ် အာရက္ခနိုင်ငံသားအဖြစ် တန်းတူညီတူ ကတိကဝတ်ပေး ထား၏။

ဆိုလိုသည်မှာ အာရက္ခ ဆိုသည့် စကားမှာ ဘုံ အယူအဆ၊ ဘုံဘာသာစကား၊ ဘုံဝိသေသ လက္ခဏာ တူညီမှုကို ဖော်ညွှန်းဖွယ်ရှိတန်၏။

ဤသည်ကား အစ္စရေးနိုင်ငံဖြစ်လာရေး ဂျူးအမျိုးသားရေး ရေသောက်မြစ်ဖြစ်တည်ရာ ဇီယွန်ဝါဒနှင့် ဆင်တူပေ ၏။ ဂျူးတို့သည်လည်း ရာစုနှစ်များစွာကြာ နှိပ်စက်ခံခဲ့ရသည့် သူတို့အတွက် အမျိုးသားလွတ်မြောက်ရေး သီအိုရီ ဇီယွန်ဝါဒကို အကောင်ထည်ဖော် ကြသည်မဟုတ်လား။

ထို့အတူ အာရက္ခပြည်သစ်ထွန်းကားလာဖို့ AA ခေါင်းဆောင်များသည် သမိုင်း အနာများကို သင်ခန်းစာယူပြီး ရုန်း ထကြ၏။ သူတို့ဗီဇနှင့် စွမ်းရည်တို့ အမျိုးသားရေး ဗဟိုချက်မတစ်ခုမှာ လာစုကြပေပြီ။

ဤတွင် AA ခေါင်းဆောင်များ၏ အတွေးက “ သမိုင်းကြောင်း ရှည်လျားသည့် အာရက္ခပြည်သားများသည် ကမ္ဘာ ကြီးထဲ အကြောင်းမဲ့ မွေးလာသူများ မဟုတ်ကြောင်း၊ ရိုးမတောင်တန်းကြီးနှင့် ရက္ခိုင့်ပင်လယ်အော်ရပ်ဝန်းတွင် ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရမည်ဟူသော အယူအဆများကို ပုံဖော်နိုင်သူများဟု အမှတ် ပေးရမည်ပင်။

အာရက္ခစစ်သည်တော်များသည် စကားနည်းပြီး အလုပ်ကိုမနားတမ်းကြိုးကုတ်ခဲ့ကြ၏။ အာရက္ခတပ်တော်၏ လမ်းပြပစ်မှတ် ရက္ခိတလမ်းထဲ ရက္ခိုင်တို့၏ အမျိုးသားရေး ရေချိန်လည်း မြင့်မားလာကြသည်။  ပါလီမန် နိုင်ငံရေး အခင်းအကျင်းထဲက ရက္ခိုင်အမတ်များသည်လည်း ၂၀၀၈ ခြေဥထဲကနေ အကန့်အသတ်ဖြင့် ရှိနေသည့် လွှတ် တော် သဘော သဘာဝကို နားလည်လာကြ၏။

ရက္ခိုင်အမျိုးသားများလိုလားသည့် နိုင်ငံရေးအဆင့်အတန်းထဲက အနိမ့်ဆုံးနှင့် အခြေခံအကျဆုံး ကိုယ်ပိုင်ပြဌာန်း ချက်မူ Self-Determination ကို ဗမာကြီးစိုးသည့် ပါလီမန်နိုင်ငံရေးထဲက တောင်းမရနိုင်ပေ။ ဥပမာ ပြည်နယ် ဝန်ကြီးချုပ်ကိုတောင် ပြည်သူအားကိုးနှင့် ယူ မရသည့် အချက်။  ပါလီမန်ထဲတွင် ရက္ခိုင်အမတ်များ ဒီမိုကရေစီ အနိုင်ကျင့်ခြင်းခံခဲ့ရခဲ့ခြင်းကို နားလည်လာ ကြသည်။

 ‘ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ’

အာရက္ခတပ်တော်သည် ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်း၊ ချင်းဒေသများသာမက ယခုအခါ မကွေး၊ ပဲခူး၊ ဧရာ၀တီ စသည်ဖြင့် ဖြန့်ထွက်နယ်မြေစိုးမိုးကာ ထိုးစစ်များ ဆင်၏။

AA အဓိပတိကြီးများသည် Practical politicians (လက်တွေ့နိုင်ငံရေးသမားများ) ဖြစ်ပြီး လျှို့ဝှက်ဗျူဟာနှင့် ရ လဒ် ပေါ်လာပြီးမှ ကိုယ်ရောင်ပြတတ်ခြင်းမှာ အရည်အချင်းဟု ဆိုနိုင်သည်။ ထိန်းချုပ်နယ်မြေများတွင် မည် သူမဆို၊ လူမျိုးဘာသာ အသားရောင်မရွေး အရည်အချင်းရှိလျင် နယ်ပယ်အလိုက် အကြီးအကဲ ဖြစ်နိုင်ကြောင်း အာမခံချက် ပေးထားသည်။

ရက္ခိတလမ်းစဥ်သည် တစ်ဆင့်ပြီးတစ်ဆင့် ရွှေ့လျားလာသည့် အချိန်အခါနှင့် လိုအပ်ချက်များအရ  အမျိုးသားကာ ကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်း ချက် (NDEP) ပေါ်လာတော့သည်။

ယင်းအချက်မှာ အာရက္ခပြည်၏ အချုပ်အခြာအာဏာကို ဆုပ်ကိုင်ထားရေး အင်အား သို့မဟုတ် ဌာနဆိုင်ရာတိုင်း တွင် တစ်ဦးချင်းစီ တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်နေခြင်းဖြစ်တန်၏။ ဆိုလိုသည်မှာ အာရက္ခတိုင်းပြည် အဝိုင်း ဝန်းထဲ ပြည်သူအားလုံးသည် အာရက္ခပြည်သားများဖြစ်ကြောင်း ခံယူဖို့ စုစည်းမှုတစ်ခု ဖန်တီးထားခြင်းဖြစ်ပေမည်။

ရက္ခိတလမ်းစဥ်၏ အခြေခံ သဘောတရားမှာ မတူကွဲပြားသူ ခတ်သိမ်းသော အာရက္ခလူ့အဖွဲ့အစည်းသည် အ ရောင်အဆင်း၊ ကိုးကွယ်ယုံကြည်မှု၊ မည်သို့ပင်ကွဲပြားပါစေ ပြည်သူတစ်ခု နှလုံးသားတစ်ခု One Nation One Heart ဖြစ်စေရေးပင် ဖြစ်မည်ဟု ယုံကြည်ရသည်။

လူ့အဖွဲ့အစည်းအတွင်း လူတစ်ဦးတစ်ယောက်ချင်းစီ၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရေး NDEP လိုအပ်လာမှုကို ကြိုမြင်ထားဟန်ပေါ်သည်။ ထိုသဘောတရားကို လူတိုင်းစိတ်ရောကိုယ်ပါ လိုက်နာကြရန် ဥပဒေသများ အသစ်ချ မှတ်လာ၏။

အာရက္ခပြည်နှင့် ပြည်သူတစ်ရပ်လုံးသည် One for all၊ All for One ဖြစ်ချိန်တန်လာသည်။ ဆိုရင်းမှာ အာရက္ခပြည် သူများသည် အရက္ခပြည်အတွက်ဖြစ်ပြီး အာရက္ခတပ်တော်လည်း အာရက္ခပြည်ကာကွယ် ရေးအတွက် ဖြစ်ရမည့် အခိုက်အတန့်ကို ရောက်လာပြီဟုပြောရမည်။

ထို့အတူ အာရက္ခစစ်သည်တော်များသည် လွတ်လပ်မှုနှင့် သာတူညီ မျှ တန်ဖိုးအတွက် စစ်တိုက်ရခြင်းဟု တညီတ ညွတ်တည်းခံယူကြ၏။  အထက်ပါ အချက်များကို သုံးသပ်ရလျင် ရက္ခိတလမ်းစဥ်သည် “ နိုင်ငံရေးနှင့် အမျိုးသား ရေး ထပ်တူကျသည့် နိုင်ငံရေး မူဝါဒ” အဖြစ် သရုပ်ပေါ်လာ၏။

ရက္ခိတလမ်းစဥ်နှင့် နွေဦးတော်လှန်ရေး ဆုံမှတ်

မူလက ရက္ခိုင်အမျိုးသားရေးအတွက် သက်သက်ဟု အနက်ထွင်ခဲ့သည့် ရက္ခိတလမ်းစဥ်သည် အချိန်ခါလိုက်ပြီး ရွေ့လျားပြောင်းလဲစေခြင်းကို သတိပြုမိရပေမည်။ ကျယ်ပြန့်သည့် အိုင်ဒီယာဖြင့် AA ပဲ့ထိန်းကြီးများ၏ စိတ်ကူး စိတ်သန်းလည်း လက်တွေ့အခင်းအကျင်းနှင့် အံ့ဝင်ဂွင်ကျဖြစ်လာသည်။

ယခုအခါ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုအလွန် ပေါ်ပေါက်လာသော လက်နက်ကိုင်တပ်ဖွဲ့များအနက် အနည်းဆုံး ၂၃ တပ်ဖွဲ့ထက် မနည်းကို အာရက္ခတပ်တော်က လက်နက်ရိက္ခာနှင့် စစ်သင်တန်း စသည့် အရင်းအမြစ်များကို တစ်စိတ်တစ်ပိုင်း သိုမဟုတ် အပြည့်အဝ ထောက်ပံ့ခြင်းဖြင့် အတူတူပူးပေါင်းကာ မြေပြင်တွင် အသက်စွန့် တိုက်ပွဲ ဝင်ခြင်းများရှိနေသည်။

အာရက္ခတပ်တော်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုထဲတွင် မဟာမိတ်ဆက်ဆံရေး အ ကောင်းဆုံးနှင့် တနိုင်ငံလုံး တပ်ဖြန့်ထားမှု အကောင်းဆုံးအဖွဲ့လည်းဖြစ်သည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင်၊ UWSA၊ KIA၊ KNU စသည့် အင်အားကြီး လက်နက်ကိုင်တပ်များနှင့်လည်း ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သည်။

အထက်ပါ အကြောင်းခြင်းအရာများကို ထောက်ရှုလျင် ရက္ခိတလမ်းစဥ်သည် ရက္ခိုင်ဒေသ တစ်ခုတည်း ကိုယ်စားပြုသည့်  အသုံးအနှုန်း မဟုတ်တော့ပေ။

မူလက ရက္ခိတလမ်းစဥ်သည် အခြေအနေအရ သီးခြားခွဲပြီး ဖော်ပြခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။  သို့သော် မြန်မာ နိုင်ငံရှိ အဖိနှိပ်ခံ တိုင်းရင်းသားများနှင့် ကံတရား အပြန်အလှန်ချိတ်ဆက်ထား၏။ သီးခြားမူရှိသော်လည်း တိုင်းရင်းသားအားလုံး ဗမာအင်အားစုအားလုံးအတွက် အလုပ်လုပ်ရန်လက်တွေ့ကျကျ ပြသခြင်းကို မြင်ရ၏။

အထက်ပါ ဖော်ပြခဲ့သော ရက္ခိတလမ်းစဥ်၏ လာရာနှင့် လားရာလမ်းကြောင်းများကို ချိန်ဆကြည့်ပါက လူမျိုးတစ် မျိုးသည် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်နေရာတွင် ဂုဏ်သိက္ခာရှိစွာနှင့် ဝင့်ထည်ရမည်ကို သတိပေး ထား၏။ အရောင်အသွေး၊ ကိုးကွယ်ယုံကြည်မှု၊ မည်သို့ကွဲပြားပါစေ၊ နှလုံးသားတစ်ခုမှာ အာရက္ခပြည်ဖြစ်ရမည် ဟူသော အန္တိမရည်မှန်းချက်ကို ထင်ရှားမြင်လာ၏။

နိဂုံးအနေဖြင့် ရက္ခိတလမ်းစဥ်၊ ရက္ခိတဝါဒသည် ရက္ခိုင့်အမျိုးသားရေးစိတ်အကွဲအပြား ရောင်စုံများကို တော်လှန် ရေးအောင်လံ တစ်ခုတည်းအောက်သို့ လှည်းကျင်းထည့်နိုင်ခဲ့သည့် ရက္ခိုင်တို့၏ အအောင်မြင်ဆုံးဝါဒ တစ်ခု အ ဖြစ်ရှင်သန်နေဦးမည်။

ရက္ခိတလမ်းစဥ် ပြီးမြောက်မည့်အချိန်ကိုတော့ AA အကြီးအကဲများက လျှို့ဝှက်ထားကြဆဲဖြစ်ပေသည်။

(မှတ်ချက်။ ဤဆောင်းပါးမှာ ဆောင်းပါးရှင် ဇော်သိုက်၏ အာဘော် အယူအဆများသာဖြစ်ပါသည်။)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ