သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မျှော့စစ်ဆင်ရေး (အထူးဆောင်းပါး)

Arakan Bay News-ဖေဖော်ဝါရီ ၁ ရက်

(အိန္ဒိယအစိုးရက ဗိုလ်ချုပ်ခိုင်ရာဇာ ဦးဆောင်သော ရခိုင့်တော်လှန်ရေးခေါင်းဆောင်များကို ၁၉၉၈ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့မှုအကြောင်းကို ၂၀၁၉တွင် စာရေးဆရာမ (Kritika) The Quaintသတင်းဌာနတွင် ရေးသားခဲ့သည့် ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

၁၉၉၈ခုနှစ်တွင် အိန္ဒိယအစိုးရသည် ကြည်း၊ရေ၊လေ တပ်သုံးခုပေါင်းကာ “မျှော့” ဟုအမည်ပေးထားသည့်စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့ကြသည်။ သည်မျှော့စစ်ဆင်ရေးဆိုသည်ကား အဘယ်နည်း။ အဘယ်ကြောင့် သည်စစ်ဆင်ရေးမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေရသနည်း။

လွန်ခဲ့သော ၂၁နှစ်အကြာ ၁၉၉၈ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် “မျှော့” ဟုအမည်ပေးထားသည့် စစ်ဆင်ရေးတစ်ခုအတွင်း ကြည်း၊ရေ၊ လေ သုံးတပ်ပေါင်းကာ အိန္ဒိယပိုင်နက်အတွင်းရှိ အန်ဒမန် ကျွန်းစုများထဲက တစ်ခုဖြစ်သည့် လန်းဖောကျွန်းကို ဖြတ်၍ လက်နက်များတရားမဝင်ဖြတ်သန်း ပို့ဆောင်နေကြသည် ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံမှ တော်လှန်ရေးသမား ၇၃ဦးတို့ကို ဖမ်းဆီးခဲ့သည်။ ဤစစ်ဆင်ရေးအတွင်း Outlook magazine ပြောကြားချက်အရ ၄င်းပူးပေါင်းတပ်များသည် တော်လှန်ရေးသမား ၆ဦးကို သတ်ခဲ့ပြီး အေကေ သေနတ်အမျိုးအစား ရိုင်ဖယ် ၁၄၀ နှင့် ခဲယမ်းများအပါအဝင် စစ်လက်နက်အမြောက်အမြားကို ဖမ်းဆီးသိမ်းယူခဲ့သည်။

ဖမ်းဆီးခံခဲ့ရသော လူပေါင်း ၇၃ ဦးထဲမှ ၃၅ ဦးမှာ တံငါသည်းများဖြစ်နေပြီး တစ်နှစ်အကြာတွင် ပြန်လည်လွှတ်ပေးခဲ့သည်။ နောက်ထပ် ထိုင်းစက်လှေေမောင်းသမား ၂ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၂ ဦးမှာ ထွက်ပြေးဖို့ ကြိုုးစားခဲ့သဖြင့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။ ကျန်သည့် ၃၄ ဦးကို အိန္ဒိယနိုင်ငံတွင် ၁၃ နှစ်နီးပါး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး ၂၀၁၁ ခုနှစ်ကျမှ ပြန်လည်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသူများမှာ သူတို့သည် မြန်မာပြည်စစ်အစိုးရကို တော်လှန်နေကြသည့် ကရင်အမျိုးသားအစည်းအရုံးမှ အဖွဲ့ဝင်များနှင့် ဒီမိုကရေစီကို ထောက်ခံလိုလားသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) မှ တော်လှန်ရေးသမားများဖြစ်သည် ဆိုသည့်အချက်ကို နှစ်ပေါင်းများစွာ ထွက်ဆိုခံယူထားကြသည်။

သူတို့ကို အိန္ဒိယနိုင်ငံက ခိုလှုံခွင့်ပေးမည်ဟု ဂတိပေးထားသော်လည်း အိန္ဒိယစစ်ထောက်လှမ်းရေးထံတွင် နောက်ကျောဓားထိုးခံလိုက်ရသည်ဟု သူတို့ က အခိုင်အမာဆိုကြသည်။ The Guardian သတင်းစာတွင်ပါရှိသော အစီရင်ခံစာတစ်စောင်တွင် ဤကဲ့သို့ လုပ်ကြံခြင်းခံရသည့်အချက်ကို အိန္ဒိယလူမျိုး အငြိမ်းစား စစ်ထောက်လှမ်းရေး တစ်ဦးနှင့် ဗမာစစ်အစိုးရဆန့်ကျင်သည့် အုပ်စုနှစ်ခုမှ ခေါင်းဆောင်များက ထောက်ခံပြောဆို ခဲ့သည်။

The Daily သတင်းစာကလည်း ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၏ ခေါင်းဆောင် ခင်မောင်ပြောကြားခဲ့သည့် အချက်ဖြစ်သော “ဒီလူတွေက လက်နက်မှောင်ခိုသမားတွေမဟုတ်ဘူး၊ ကျွန်တော်တို့လူတွေဖြစ်တယ်၊ ကျွန်တော်တို့ တော်လှန်ရေးသမားတွေကို အန်ဒမန်ကျွန်းမှာ နေရာပေးမယ်လို့ ကတိပေးခဲ့ကြတယ်။ ဒါပေမယ့် နောက်ပိုင်းတော့ ဖမ်းပြီးသတ်လိုက်ကြတာပဲ” ဆိုသည့် စကားကို ကိုးကားဖော်ပြသည်။

သို့ရာတွင် ၄င်းအဖြစ်အပျက်နှင့်ပတ်သတ်၍ တခြားသော ပြောကြားချက်များလည်း ရှိနေသည်။ the Outlook သတင်းစာပါ ဆောင်းပါးတွင် တရားမဝင်လက်နက်များ ဖြတ်သန်းသည့်လုပ်ငန်းများကို စတင်ခဲ့သူမှာ အိမ်နီးချင်းနိုင်ငံများရှိ မြန်မာစစ်အစိုးရကို ဆန့်ကျင်သည့် တော်လှန်ရေးအုပ်စုများကို ကူညီပေးသည်ဟု အများကသိကြသည့် အိန္ဒိယထောက်လှမ်းရေးအေဂျင်စီ (R&AW) ဖြစ်သည် ဟုဆိုထားသည်။

၄င်းစစ်ဆင်ရေးကြောင့် R&AWမှာ မထင်မှတ်စရာများနှင့်ကြုံတွေ့ခဲ့ရသော်လည်း ၄င်းအိန္ဒိယထောက်လှမ်းရေးအဖွဲ့သည် အမျိုးသားအကျိုးစီးပွားကို ချနင်းလျှက် လုပ်ဆောင်ခဲ့သဖြင့် အိန္ဒိယကာကွယ်ရေးတပ်ဖွဲ့များက အလွန်ဒေါသထွက်ခဲ့ရသည့်တိုင် ထိုအဖွဲ့အနေဖြင့် နောင်တမရဟု ဆိုသည်။

ထိုအချိန်အခါက အိန္ဒိယကာကွယ်ရေးဝန်ကြီးဖြစ်သော George Fernandes မှာ မြန်မာပြည် တော်လှန်ရေးနှင့် ရင်းနှီးကာ အကျွမ်းတဝင်ရှိသည်ဟု ဆိုသည်။ စစ်ဆင်ရေးကာလ လေးလအတွင်း ကာကွယ်ရေးဝန်ကြီးက ထိုလက်နက်ကိုင်တပ်ဖွဲ့များကို အန်ဒမန်ကျွန်းစုရှိ တရားမဝင်လက်နက်ဖြတ်သန်းတင်ပို့နေကြသူများကို အရေးယူဆောင်ရွက်မှု မပြုလုပ်ရန် ညွန်ကြားခဲ့သည်ဟု ဆိုသည်။

မျှော့စစ်ဆင်ရေးဆိုတာ ဘာလဲ

၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေတွင် ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် ရခိုင့်တပ်မတော်၏ တပ်ဖွဲ့ဝင်များသည် စက်လှေများတွင် လက်နက်များတင်ဆောင်၍ ထိုင်း-မြန်မာနယ်စပ်မှ ခရီးစဥ်တစ်ခုကို စတင်ခဲ့သည်။

သတင်းမီဒီယာများပြောကြားချက်အရ ထိုစက်လှေများသည် အန်ဒမန်ကျွန်းနှင့် နီကိုဘာ၏ လန်းဒ်ဖော ကျွန်းတွင် ရပ်တန့်မည်ဖြစ်ပြီး ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ် ၊ ကော့ဘဇား သို့ သွားရောက်မည်ဖြစ်သည်။ လက်နက်များကို ဘင်္ဂလားဒေ့ရှ်မှ မြန်မာပြည်ရှိ တော်လှန်ရေးသမားများထံသို့ ပို့ဆောင်မည်ဖြစ်သည်။ သို့ရာတွင် အိန္ဒိယစစ်တပ်က ၄င်းလက်နက်များသည် အိန္ဒယ အရှေ့မြောက်ဘက် ပြည်နယ်များတွင်ရှိသော သောင်းကျန်းသူများအတွက် ရည်ရွယ်သည်ဟု ထင်ခဲ့သည် ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်နက်များတင်ဆောင်လာသည့် တော်လှန်ရေးသမားများသည် အန်ဒမန်ကျွန်းစုရှိ နာကွန်ဒင် ကျွန်းတွင် ရပ်တန့်ခဲ့ကြပြီး ရခိုင့်တပ်မတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်သော စိုးထွန်းမှ အိန္ဒိယစစ်တပ်အရာရှိများနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုသဖြင့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် လန်းဖောကျွန်းအထိ ထပ်မံ၍ ခရီးဆက်ကြသည်။

ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ လန်းဖော ကျွန်းကို ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကောင်းကောင်းမွန်မွန် ရောက်ရှိကြပြီးနောက် ခေါင်းဆောင်များကို အိန္ဒိယစစ်တပ်အရာရှိများနှင့် တွေ့ဆုံမည် ဆိုသော အကြောင်းပြချက်ဖြင့် တောထဲသို့ ခေါ်သွားကြပြီးနောက် ခေါင်းဆောင်များမှာ ပြန်မလာတော့ဟု တပ်ဖွဲ့ဝင်များမှ ဆိုကြသည်။

ဖမ်းဆီးခံရသူများက တောထဲသို့ ခေါ်ဆောင်သွားသည့် ခေါင်းဆောင်များနှင့်တပ်ဖွဲ့ဝင်များကို ပစ်သတ်လိုက်ကြပြီး တခြားသူများကို ဖမ်းဆီးလိုက်ကြသည်ဟု ဆိုသည်။

နောက်ကျောဓားထိုးသည့်ဟု စွပ်စွဲခံ အိန္ဒိယစစ်ထောက်လှမ်းရေး

တော်လှန်ရေးသမားများက သူတို့ကို အယုံသွင်းကာ နောက်ကျောဓားနှင့်ထိုးသည့်ဖြစ်ရပ်အတွက် အငြိမ်းစား ဗိုလ်မှူးကြီး VS Grewal ကို အပြစ်တင်ကြသော်လည်း ထို အငြိမ်းစား ဗိုလ်မှူးကြီးမှ the Quaint သို့ပြောကြားသည်မှာ ထိုစစ်ဆင်ရေးကို စစ်တပ်တစ်ခုတည်း သူ့သဘောအတိုင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း ဆိုသည်။ အိန္ဒိယအစိုးရမှ ခွင့်ပြုချက်ရပြီးမှသာလျှင် ထိုစစ်ဆင်ရေးကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းခုံပြောဆိုခဲ့သည်။

“ဗမာအစိုးရက အိန္ဒိယအစိုးရကို ချဥ်းကပ်ခဲ့တယ်၊ ဒါဟာ အစိုးရတစ်ဖွဲ့ကနေ တခြားအစိုးရတစ်ဖွဲ့ကို တောင်းဆိုတဲ့ တောင်းဆိုမှုပဲ” – အငြိမ်းစား ဗိုလ်မှူးကြီး VS Grewal မှ The Quaint သို့ ပြောကြားခဲ့သည်။

“မျှော့” ဟု လျှို့ဝှက်အမည်ပေးထားသည့် ထိုစစ်ဆင်ရေးအတွက် အိန္ဒိယအစိုးရက ညွန်ကြားချက်ထုတ်ပြန်ခဲ့သည်ဟု သူကဆိုသည်။

၁၉၉၅ ခုနှစ်တွင် အိန္ဒိယအစိုးရသည် မြန်မာပြည်၏ စစ်အစိုးရနှင့် တရားဝင်ဆက်ဆံရေးတည်ဆောက်ရန် စတင်ခဲ့သည်။ သို့သော်လည်း ၁၉၉၈ခုနှစ်တွင် မြန်မာ စစ်အစိုးရက အိန္ဒယ စစ်တပ်၏ ကာကွယ်ရေးဝန်ကြီးကို တော်လှန်ရေးသမားများနှင့် တကျိတ်တည်း တဉာဏ်တည်းဖြစ်သည် ဟု စွပ်စွဲခဲ့သည်။

အစီရင်ခံစာများပါ အချက်အလက်များအရ ကြည်း၊ ရေ၊ လေ သုံးခုစလုံးကို ၁၉၉၈ ခုနှစ်အလယ်ပိုင်း လက်နက်ကိုင် လှုပ်ရှားမှုများနှင့်ပတ်သတ်၍ အရေးယူဆောင်ရွက်မှုများ မပြုလုပ်ကြရန် အထူးသဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။

ထောက်လှမ်းရေး အရာရှိဟောင်း DB Nandi က ၂၀၀၇ ခုနှစ်တွင် “ဒီဖြစ်ရပ်ကြီးတစ်ခုလုံးဟာ ရခိုင့်တော်လှန်းရေးကို ဖျက်ဆီးပစ်လိုက်ဖို့ စီစဥ်ထားတဲ့ အရာပဲ၊ ဒီလူတွေဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံမှု အကျိုးစီးပွားကို ထိခိုက်နစ်နာအောင်လုပ်မဲ့ လူတွေမဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို လုပ်ကြံသတ်ဖြတ်ပြီး ထောင်ချလိုက်ကြတယ်” ဟု ဂါဒီးယန်း သတင်းစာ ကို ပြောကြားခဲ့သည်။

အဖမ်းခံရတဲ့ ၃၄ ယောက် ဘာဖြစ်သွားလဲ

ထို လူပေါင်း ၃၄ ဦး မှာ များစွာသော စွပ်စွဲချက်များဖြင့် ၆ နှစ်ခွဲနီးပါး အကျဥ်းချထားခဲ့သည်ဟု ဂါဒီးယန်း သတင်းစာက အစီရင်ခံတင်ပြသည်။ ၂၀၁၀ ခုနှစ်တွင် ဗဟို ထောက်လှမ်းရေးဗျုရို (CBI) တရားမဝင်လက်နက်ကုန်ကူးသည်ဟူသော စွပ်စွဲချက်ကို သက်သေမပြနိုင်သဖြင့် စွပ်စွဲချက်များကို ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့ကာ သူတို့လွတ်မြောက်ရေးအတွက် ရာဇဝတ်မှတ်တမ်းများကို ဖယ်ရှားပေးခဲ့သည်။

လူ့အခွင့်အရေးရှေ့နေ Nandita Haksar နှင့် The Quaint ပြောကြားရာတွင် ထိုလူ ၃၄ ဦးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကော်မရှင် အဖွဲ့က “ဒုက္ခသည်” အဖြစ်သတ်မှတ်ပြီး ၂၀၁၁ ခုနှစ်တွင် လွတ်မြောက်လာခဲ့ကာ နောက်ပိုင်းတွင် နယ်သာလန်နိုင်ငံတွင် အခြေချနေထိုင်သွားသည် ဟု ဆိုသည်။

မှတ်ချက်။ ဤသို့ နောက်ကျောကို ဓားနဲ့ထိုးပြီး ရခိုင်တော်လှန်ရေးခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ဖော်ထုတ်ခံရ‌သော အိန္ဒိယအစိုးရ‌အနေဖြင့် ယခုနှစ်ပေါင်း ၂၅နှစ် ကြာသည်အထိ ရခိုင်အမျိုးသားတစ်ရပ်လုံးနှင့် မြန်မာစစ်အဏာရှင်စနစ်အား တိုက်ပွဲဝင်‌နေသည့် လူထုတစ်ရပ်လုံးအား ဤမတရားလုပ်ကြံမှုကြီးနှင့်ပတ်သက်၍ တာဝန်ယူ ပြန်လည်ဖြေရှင်းခြင်း မရှိသေးပေ။

မျှော့စစ်ဆင်ရေး (အထူးဆောင်းပါး)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×