ဆောင်းပါးရှင်-ဟိန်းထွန်း၊ ရွှေသီး
Arakan Bay News-ဒီဇင်ဘာ ၃၁၊ ၂၀၂၃
ဘဝကို မိဘတွေနဲ့အတူ ဖြတ်သန်းချင်ခဲ့တဲ့ မခိုင်စောဝေရဲ့ အိမ်မက်ဟာ ဖက်ဆစ်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဖမ်းဆုတ်လို့မရတဲ့ လေဟာနယ်လို မိခင်ရဲ့နွေးထွေးမှုနဲ့ ဖခင်ရဲ့ ဂရုစိုက်မှုတွေ ပျောက်ဆုံးသွားခဲ့ရရှာတယ်။
“ခွဲစိတ်ခန်း ကုတင်ပေါ်ထက်မှာ ညအမှောင်ကို ငေးကြည့်ရင်း သေဆုံးသွားတဲ့ အဖေ အမေကို လွှမ်းဆွတ်နေတဲ့ မခိုင်စောဝေဟာ ဘဝကို ရှေ့ဆက်ရှင်သန်နေထိုင်ဖို့ တွေးရင်း ငိုကြွေးရှာနေတာက အစားထိုးမရတဲ့ လက်တစ်စုံကို ပြန်လာပေးပါလို့ တစ်ဖက်မှ အုတ်နံရံကို မျက်ရည်ဝဲဝဲနဲ့ လှမ်းကြည့်နေမိတယ်’။
လူဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဘယ်သူမဆို မိသားစုရဲ့အရိပ်အမြုံထဲမှာ ခိုလှုံချင်တာကြီးပါပဲ။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ရဲ့ ခမရ ၃၇၇ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရတဲ့အပြင် မခိုင်စောဝေရဲ့ လက်တစ်ဖက်လည်း ပြတ်တောက်သွားခဲ့ရတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာလ ၂၇ရက်နေ့ ရှမ်းမြောက်ဒေသအတွင်းမှာ စတင်ခဲ့ပြီးတော့ နိုဝင်ဘာလ ၁၃ရက်နေ့မှာ ရက္ခိုင်ပြည်ကို အာဏာရှင်ဆန့်ကျင်တဲ့စစ်ပွဲအဖြစ် ကူးစက်ပြန့်နှံ့လာခဲ့ကာ လွတ်လပ်ရေးပန်းတိုင်ဆီကို မီးမောင်းထိုးပြဖို့အတွက် ရက္ခိုင့်တပ်တော်က အလင်းတစ်စ ယူဆောင်လာခဲ့တယ်။
အေးစက်စက် ဆောင်းရာသီကူးပြောင်းချိန် ဘယ်သူမှ မျှော်လင့်မထားတဲ့ အာဏာရှင်အမြစ်ပြတ် ဆန့် ကျင်ရေးတိုက်ပွဲဟာ နိုဝင်ဘာလ ၁၃ရက်နေ့မှာ ရက္ခိုင်ပြည်မြောက်ပိုင်း ရသေ့တောင်မြို့နယ်မှ စတင်ဖြစ်ပွားခဲ့ပါတယ်။
ရက္ခိုင်ပြည်ရှိ မောင်တော၊ မင်းပြား၊ ပေါက်တောမြို့တွေမှာ ရက္ခိုင့်တပ်တော်က အကြမ်းဖက်စစ်ကောင်စီကို စီးနင်းတိုက်ထုတ်နေချိန်အတွင်း မြောက်ဦးမြို့ ဟာလည်း ၂၃၉ နှစ်ကြာ ကျွန်သက်တမ်း သင်ပုန်းချေပြီး လွတ်လပ်ရေးကို တောင်းတနေလေသလား သို့မဟုတ် သမိုင်းအမွေ နန်းရာမြေက တိုက်ပွဲတွေကို ဖိတ်ခေါ်ခဲ့လေသလား မသိရှာဘူး။ များမကြာမီမှာပဲ မြောက်ဦးမြို့ကို စစ်မီးကူးစက် ပြန့်နှံ့လာခဲ့ပါတော့တယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ မြောက်ဦးမြို့ထဲ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီအဖွဲ့တို့ ထိတွေ့တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက မြို့ထဲကို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်ခဲ့တယ်။
အဲ့လို ပစ်ခတ်တာကြောင့် မြို့ခံတွေ အိုးအိမ်စွန့်ခွာနေရတဲ့အချိန်မှာ ဝမ်းစာရေးအတွက် ဆိုင်ကယ်နဲ့ ဈေးဝယ်သွားတဲ့ မခိုင်စောဝေတို့ မိသားစုကို လက်နက်ကြီးကျည် ထိမှန်ခဲ့ပါတယ်။
မခိုင်စောဝေရဲ့ မိဘတွေမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ သမီးဖြစ်သူကိုလည်း ကြည့်ရှူခွင့်မရခဲ့တဲ့အပြင် ငါ့သမီး ဘာဖြစ်သွားသလဲ၊ ငါ့သမီးနာသွားလေသလားလို့တောင် မေးခွင့်မရခဲ့တဲ့ သူမရဲ့ မိဘတွေက ဇရာမအိုဘဲ အသေစောခဲ့ရရှာတယ်။
ဒီဇင်ဘာလ ၂၄ရက်နေ့ ပူပြင်းတဲ့ နေ့လည်အချိန်မှာ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ မိသားစု ၁စု ဟာ ဆိုင်ကယ်နဲ့ ဈေးသို့ သွားနေတဲ့အချိန်တွင် စစ်ကောင်စီ ခမရ ၃၇၇က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၁လုံးဟာ သူတို့စီးသွားနေတဲ့ ဆိုင်ကယ်အနီးမှာ လျှပ်တပြက်အတွင်း ပေါက်ကွဲခဲ့တယ်။ သွေးအိုင်ရဲရဲထဲမှာ သေဆုံးနေတဲ့ အဖေ၊ အမေရဲ့ ရုပ်အလောင်းကို မကြည့်ရှုနိုင်ဘဲ အသက် ၅နှစ်အရွယ် မခိုင်စောဝေဟာ ဦးခေါင်းနဲ့ ဘယ်လက်မှာလည်း လက်နက်ကြီးကျည် ထိမှန်ပြီး သတိလစ်သွားခဲ့တယ်။
အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး မိဘ ၂ဦး ဆုံးရှုံးခဲ့ရတဲ့အပြင် မခိုင်စောဝေရဲ့ ဦးခေါင်းနဲ့ ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တယ် လို့ အခင်းဖြစ်ပွားခဲ့တာကို မြင်ခဲ့ရတဲ့ အမျိုးသမီး ၁ဦးက ရင်နာနာနဲ့ အခုလို ပြောပါတယ်။
“ဘယ်ကလာမှန်းမသိတဲ့ လက်နက်ကြီးကျည် ၁လုံးက သူတို့ရဲ့ မိသားစုစီးလာတဲ့ ဆိုင်ကယ်အနီးမှာ ကျရောက်ပေါက်ကွဲတယ်။ လက်နက်ကြီးဟာ ကျမတို့ရှေ့တင် ပေါက်ကွဲတာဆိုတော့ ကျမတို့လည်း ကြောက်ရွံ့နေတယ်လေ။ လမ်းမပေါ်ကို လှမ်းကြည့်လိုက်တော့ အဖေ၊ အမေ သေဆုံးနေပြီး သတိလစ် မေ့မျောနေတဲ့ မိန်းကလေးငယ်လေး ၁ယောက်ဟာ သွေးအိုင်ရဲရဲထဲမှာ အသက်ထွက်လုနီးပါး ဖြစ်နေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒီ ကလေးမှာလည်း လက်နက်ကြီးကျည်စ ထိမှန်ပြီး ဦးခေါင်းနဲ့ ဘယ်ဘက်လက်မှာ ပြင်းထန်ဒဏ်ရာရထားတယ်” လို့ ဆိုပါတယ်။
မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၃၅နှစ် အရွယ် ဦးစံမောင်နဲ့ အသက် ၂၆နှစ်အရွယ် ဒေါ် လှလှသန်းတို့ဟာ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ပြီး အရွယ်မရောက်သေးတဲ့ မခိုင်စောဝေမှာလည်း ဘယ်ဖက်လက် ပြတ်လုနီပါးဖြစ်ခဲ့ရတယ်။
ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲ လဲနေတဲ့ သူမကို မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကြီးဆီ အရေးပေါ် ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့ရတယ်။ ဒီဇင်ဘာလ ၂၄ရက် ညဥ့် ၉နာရီအချိန်မှာ သူမ သတိပြန်ရလာခဲ့ပါတယ်။ အဖေနဲ့အမေကို အော်ခေါ်လိုက်ရှာခဲ့ပေမယ့် ပြန်ထူးသံ မကြားနိုင်တော့ပါဘူး။ ဘာမှ မပြောမဆိုနဲ့ သူတို့ရဲ့ သမီးလေးကို ထားသွားခဲ့ကြလေပြီဆိုတာကိုကား သမီးငယ်လေး မခိုင်စောဝေတစ်ယောက် မသိလိုက်ချေ။
လက်တစ်ဖက် ဆုံရှုံးခဲ့တာဟာ သူမရဲ့ဘဝအတွက် ပြီးပြည့်စုံတဲ့အနာဂတ်ကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အခက်အခဲ့တစ်ခုသဖွယ် ဖြစ်ခဲ့ရတဲ့အပြင် လူ့အသိုင်းအဝိုင်းတွင် မိဘမဲ့ကလေးတစ်ဦးအဖြစ်နဲ့ ညိုးငယ်စွာ ဆက်လက်လျှောက်လှမ်းရတော့မည်။
မိဘမဲ့ လက်တစ်ဖက်နဲ့ လူမမယ်ကလေးတစ်ယောက် စစ်ဇုန်ကြားမှာ ဘဝကို ဘယ်လိုရှေ့ဆက်မလဲဆိုတာကတော့ မေးခွန်းတစ်ခုအဖြစ် လူတိုင်းရင်ထဲမှာ ရှိနေကြပါလိမ့်မယ်။
လက်ရှိမှာ သူမကို ဆွေမျိုးတွေက စောင့်ရှောက်ပေးနေပေမယ့်လည်း လိုအပ်နေတာက သူမရဲ့ မိဘနှစ်ပါးနဲ့ လက်သည်းနီ ရဲရဲလေးဆိုးတဲ့ ဘယ်ဖက်လက်ပါ။ အာဏာရမ္မက်သားကောင်တွေရဲ့ အတောမသတ်နိုင်တဲ့ စစ်ရဲ့ အနိဌာရုံကို သူမ ဒီတစ်သက် မေ့နိုင်ဖို့ ဘယ်လွယ်ပါတော့မလဲ။
မခိုင်စောဝေရဲ့ နာကျင်နေတဲ့ ပူပင်သောကတွေဟာ ဖြည်မဆည်နိုင် ဖြစ်ခဲ့ရသလို သူမရဲ့ ရှေ့ရေးအတွက် စားဝတ်နေရေး၊ ပညာရေးတွေကို ခတ်ခဲ့တဲ့ လောကဓံကြား တစ်ဦးတည်း ရုန်းကန်ရင်ဆိုင်ရတော့မယ်။
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့အတွက် အရပ်သားပြည်သူ ၁၉ဦးသေဆုံးခဲ့ပြီး ၂၃ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်။
ဒီဇင်ဘာလ ၂၅ရက်နေ့ နံနက် ၅နာရီကျော်အချိန်မှာ စစ်ကောင်စီအဖွဲ့က မြောက်ဦးမြို့ နန်းရာကုန်းပေါ်မှာတည်ရှိတဲ့ ရက္ခိုင်တို့ရဲ့ နှလုံးသားဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှုသုတေသနပြတိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်။
အဲ့ဒါကြောင့် ယဉ်ကျေးမှုပြတိုက်အတွင်း နှစ်ပေါင်း ၂၀၀နှင့်အထက် ရက္ခိုင့်ဘုရင့်နိုင်ငံကာလတုန်းက အသုံးပြုခဲ့တဲ့ နန်းတွင်းအသုံးအဆောင်ပစ္စည်းတွေ၊ သမိုင်းမှတ်တမ်း ကျောက်စာတိုင်တွေ၊ ရှေးဟောင်းလက်နက်တွေ၊ ရှေ့ဟောင်းရွှေဒင်္ဂါးပြားတွေ၊ ရှေးခေတ်ကျောက်ဆစ်လက်ရာတွေနဲ့ ကြေးထည်တွေအများအပြား ပျက်စီးဆုံးရှုံးခဲ့ရတယ်။
ကိုလိုနီကျွန်စနစ်အောက်မှာ နှစ်ပေါင်း ၂၃၉နှစ်ကြာ ကျွန်ပြုခံနေရတဲ့ ရက္ခိုင်လူမျိုးတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်မှုတွေ၊ မတရားဖမ်းဆီး သတ်ဖြတ်မှုတွေနဲ့ လူအခွင့်အရေးချိုးဖောက်များစွာကို ကိုလိုနီနယ်ချဲ့ ခေတ်အဆက်ဆက် အလူးအလဲ ခံခဲ့ရပါတယ်။ လက်ရှိမှာလည်း ဖက်ဆစ်ကိုလိုနီ နယ်ချဲ့သောင်းကျန်းသူတွေရဲ့ ဒဏ်ကို ခံစားနေကြရဆဲ ဖြစ်ပါတယ်။