Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝ ပြဿနာ ဘယ်လဲ၊ ဘာလဲ

Arakan Bay News-Article

မာမဃ-ရေးတယ်။

၂၀၂၄ နှစ်သစ်နဲ့အတူ ပလက်ဝဒေသရဲ့ ထူးခြားချက်ကတော့ လုံးဝ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်နေတာပါ။ နှစ်ပေါင်း ၇၀ ကျော်ကြာ အုပ်စိုးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒီနှစ် ဇန်နဝါရီ ၁၄ နေ့ကနေ ဒီဒေသမှာ မမြင်ရတော့ ပါဘူး။ ဒါဟာ အာရက္ခတပ်တော်ရဲ့ ပွဲဦးထွက် ရလိုက်တဲ့ မြို့လည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များအား ပလက်ဝမြို့နယ် ထွေအုပ်ရုံးရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်နေသည်ကို တွေ့ရစဥ်/AA

တော်လှန်ရေး အောင်မြင်မှုနဲ့အတူ တဖက်မှာလည်း ပလက်ဝဒေသမှာ အာရက္ခတပ်တော်အတွက် လူမျိုးရေး ဆန် တဲ့ ပြဿနာတွေ၊ အငြင်းပွားမှု၊ ဖိအားပေးမှုစတဲ့ ထိုးနှက်မှုတွေ ပိုပြီးကြီးထွားလာပါတယ်။

ပြဿနာ ဘယ်လိုဖြစ်လာတာလဲ

ဒီအကြောင်းတွေကို မပြောခင်မှာ ပလက်ဝဒေသမှာ ရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သိထားသင့်ပါတယ်။ အဲဒီ မှာ စစ်ကောင်စီ၊ Arakan Army၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့-မရာ (CDF-Mara)၊  ပလက်ဝ (CDF-Paletwa)၊ ချင်းပြည် ကာကွယ်ရေးတပ်ဦး-ဒိုင် (CDF-Daai)၊ ချင်းညီနောင်တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားခဲ့ပါတယ်။ လက်ရှိ မှာတော့ ဒေသတစ်ခုလုံးကို ULA/AA က ထိန်းချုပ်ထားတာပါ။

ဆက်ရမယ်ဆိုရင် ဒေသခံတွေကို AA က စစ်သားသစ် စုဆောင်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်။ စတဲ့ စွပ်စွဲချက်က ထိပ်ဆုံးက ဖြစ်ပါတယ်။  GKO လို့ အမည်ပေးထားတဲ့ Global Khumi Organization (ကမ္ဘာလုံး ဆိုင်ရာ ခူမီးအစည်းအရုံး) ရဲ့ ဇွန် ၄ ရက် ထုတ်ပြန်ချက်မှာ AA တပ်ဖွဲ့ဝင်တွေဟာ ပလက်ဝ ဒေသခံတွေကို လိင် ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ စစ်သားစုဆောင်းခံရမှု၊ မူးယစ်ဆေးဝါး ရောင်းချမှု စတဲ့ ကိစ္စတွေရှိနေတယ်လို့ စွပ်စွဲပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်းဆိုပါတယ်။

ထုတ်ပြန်ချက်မှာတော့ ၂၀၁၅ ခုနှစ် နောက်ပိုင်း ပလက်ဝဒေသကို AA ဝင်လာချိန်ကစတင်ပြီး ဖြစ်ပွားခဲ့တာလို့ ဆိုထားပြီး လတ်တလော စစ်ဆင်ရေး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာလို့ ဌာနေဒေသခံတွေ ထွက်ပြေး နေရတယ် လို့လည်း ပြောထားတာပါ။

ဒါပေမဲ့ ထွက်ပြေးနေကြသူတွေဟာ အကြောင်းအမျိုးမျိုးရှိတယ်လို့ ဒေသနေ ပြည်သူတွေဆီက သိရပါတယ်။ လက်နက်ကိုင်တွေကြား  ကြားညှပ်မှာစိုးလို့ ရှောင်တာတွေ၊ Nom-CDM ဝန်ထမ်းအချို့ကို CDF ပလက်ဝက လိုက် ဖမ်းတာ၊ ဖိအားပေးတာတို့ ဒေသတွင်းရှိနေတာပါ။

နောက်ပြီး AA ကို မနှစ်သက်သူတွေဟာ လုံခြုံရေး အရ ရန်ကုန်၊ ပြည်မနဲ့ အိန္ဒိယဘက်ကို တိမ်းရှောင် နေကြတာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ နောက်တစ်ချက် နိုင်ငံခြားကို ထွက်ပြီး UNHCR ဒုက္ခသည် လျှောက်ကြတာတွေလည်း ပုံစံမျိုးစုံနဲ့ ရှိနေတာကို AA ကြောင့် ဆိုတဲ့ တစ်ချက်တည်းနဲ့ စွပ်စွဲတာပါ။ ပလက်ဝဒေသက စစ်ဘေးရှောင်တွေဟာ အိန္ဒိယနယ်စပ်မှာ အခြေချသူတွေလည်း ရှိတယ်။ အဓိကတော့ AA ထိန်းချုပ်လိုက်တော့ လုံခြုံမှုမရှိဆိုတဲ့ အဖွဲ့တွေပါ။  AA က ဖြေရှင်းချက်ကတော့ သူတို့ဟာ တပ်သားသစ် စုဆောင်းစရာ မလိုတဲ့ အဖွဲ့ဖြစ်ပြီး ပလက်ဝမှာ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်ထားတာလို့ ဆိုပါတယ်။

အပေါ်က ထုတ်ပြန်ချက်ထုတ်တဲ့အဖွဲ့အစည်းဟာ ပြည်တွင်းမှာအခြေစိုက်တာ မဟုတ်ဘဲ နော်ဝေ နိုင်ငံနဲ့ ပြည်ပရောက် ခူမီးလူမျိုးစုတွေ ဖွဲ့စည်းတာပါ။

၂၀၁၉ ခုနှစ်က ပလက်ဝဒေသခံ NLD လွှတ်တော်အမတ်ဟောင်း ၁ ဦးကို ၂ လကျော်ကြာ AA က ထိန်းသိမ်းခဲ့တဲ့ အဖြစ်အပျက် ရှိခဲ့ပါတယ်။ ဒါကြောင့် ဒေသနေ ခူမီးလူမျိုးတွေနဲ့ AA ကြားမှာတော့ နားလည်မှုလွဲတာလည်း ရှိခဲ့မှာပါ။ ဒီအခြေအနေကို အခု AA က ပလက်ဝဒေသကို အလုံးစုံထိန်းချုပ်ပြီးမှ ပြန်ဖော်လာတာလို့လည်း ယူဆ နိုင်ပါတယ်။

ဒီခူမီးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ချင်းတော်လှန်ရေး အင်အားစုအဖွဲတွေက မနှစ်သက်ပါဘူး။ ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ဒေသနေ ပြည်သူတွေ စိတ်ဝမ်းကွဲစေပြီး တော်လှန်ရေးမှာ အဟန့်အတားဖြစ်စေတယ် ဆိုတဲ့ အကြောင်း ချင်းညီနောင်အဖွဲ့က ကန့်ကွက်တဲ့စာထုတ်ပြန်ခဲ့ပါတယ်။

“လက်တဆုပ်စာ လူတွေနဲ့ ဖွဲ့စည်းထားတဲ့ GKO က မဟုတ်မမှန်သတင်းတွေ ထုတ်ပြန်လိုက်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်” လို့ဇွန် ၈ ရက်နေ့က ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒီအဖွဲ့တွေထဲမှာ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ကန်ပက်လက်)၊ ချင်းလဲန်းကာ ကွယ်ရေးတပ်ဖွဲ့မတူပီ (တပ်မဟာ- ၁) တို့ ပါဝင်ပါတယ်။

ဒီအဖွဲ့တွေဟာ လက်ရှိ ချင်းပြည်မှာရှိတဲ့ စစ်ကောင်စီကို တိုက်ထုတ်နေပြီး AA နဲ့ ခိုင်မာတဲ့ မဟာမိတ် ဆက်ဆံ ရေးကိုလည်း တည်ဆောက်ထားပါတယ်။ အပြန်အလှန်မြေပြင်တိုက်ပွဲတွေမှာလည်း ရှိနေတာပါ။

ဒီကိစ္စဟာ ဒီလောက်နဲ့ မပြီးဆုံးသေးပါဘူး။ AA ကို ထပ်မံ ဖိအားပေး ထိုးနှက်ချက်တစ်ခုကတော့ ချင်းလဲန်းကောင်စီ (Chinland Council) အဖွဲ့ဖြစ်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့ ချင်းလဲန်းကောင်စီဟာ ပြင်းထန်တဲ့ ကြေညာချက် တစ်စောင်ထုတ်ပါတယ်။ ဒါတွေက ပဋိပက္ခကို ထပ်လောင်း လေပင့်လိုက်တာလို့ မြင်ကြပါတယ်။

“ပလက်ဝဒေသမှာ အတင်း အုပ်ချုပ်ရေးချတယ်။ ဘာသာရေး လူမျိုးရေး လွတ်လပ် ခွင့်မပေးဘူး။ စစ်ရေးမဖော်ဖို့ နဲ့ AA နောက်ဆုတ်ပေးဖို့” ချင်းလဲန်းကောင်စီက ကဆိုပါတယ်။ ချင်းလဲန်းကောင်စီဟာ ပြည်နယ်အတွင်းအဖွဲ့ကြီး လို့ ဆိုနိုင်ပါတယ်။

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး (CNF) က ဦးဆောင်ဖွဲ့စည်းထားတာပါ။ ဒီအဖွဲ့မှာ CNF ကိုယ်စား လှယ် ၂၇ ဦး၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁၇ ဦး၊ မြို့နယ်နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားလှယ် ၆၈ ဦးတို့ပါဝင်ပါတယ်။ ဒါပေမယ့်လည်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)ကလည်း ချင်း ပြည်မှာ အစိုးရအဖြစ် ကြေညာထားပါတယ်။ ဒါကြောင့် ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရဖွဲ့စည်းခြင်းကို အသိအမှတ်မပြုဘဲ လုံးဝ ကန့်ကွက်တယ်လို့ (ICNCC)က ထုတ် ပြန်ခဲ့ပါတယ်။ ဒါ့အပြင် CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီနဲ့ အစိုးရဖွဲ့ဖို့ ကြိုးပမ်းမှုကို ချင်းလက်နက်ကိုင် ၆ ဖွဲ့ကလည်း ကန့်ကွက်ထားပါသေးတယ်။ ဒါတွေကတော့ ချင်းပြည်က တော်လှန်ရေးနဲ့ ကြားကလ အစိုးရအဖွဲ့တွေရဲ့ အကွဲအပြဲ ဇာတ်လမ်းတွေပါ။

ချင်းလဲန်းကောင်စီရဲ့ ကြေညာချက်ကို ကြည့်ရင်တော့ လက်တွေ့မကျတာမြင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ခြမ်းဖြစ်နေတာပါ၊  ဒါ့အပြင် ပလက်ဝက တော်လှန်ရေးအဖွဲ့ အားလုံးမပါဘူး။ ဒါကြောင့် ဒေသအတွက် ကိုယ်စားပြုမှု အားနည်းပြီးတော့ အမုန်းစကားတွေ ပြန့်ပွားတဲ့ဘက်ကို ရောက်ပါတယ်။

AA အပေါ် ချင်းအဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိနေလဲ

အပေါ်က အချက်တွေကိုကြည့်ရင် AA နဲ့ ပတ်သက်တဲ့ သဘောထားက ချင်းအဖွဲ့တွေကြားမှာ အမျိုးမျိုးဖြစ်နေတာကို မြင်ရပါမယ်။ ဘာကြောင့် ဖြစ်နေရတာလဲ။

နောက်ခံ သမိုင်းကြောင်းအရ ပလက်ဝဒေသမှာ  AA စတင်လှုပ်ရှားတုန်းက အဆင်မပြေတာရှိပါတယ်။ AA အောက်ခြေ စစ်သားတွေကလည်း “ခြောက်ပြစ်ကင်း သဲလဲစင် ” မဟုတ်တာ သေချာမှာပါ။  စင်းလုံးချော AA ကောင်းတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မြေပြင်မှာ ဆက်ဆံရေး အဆင်မပြေတာ တချို့လည်း ရှိကောင်း ရှိနိုင် ပါတယ်။ ဒါတွေကို မနှစ်သက်တဲ့သူတွေကတော့ ဒီနေ့အထိ အမုန်းတရားတွေနဲ့ ပုံဖော်တာလို့ ယူဆရမှာပါ။

နောက်ပြီး AA က ရခိုင်အတွက် တိုက်ပွဲ စဖော်တာက ပလက်ဝက စပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒုက္ခရောက် တယ်ဆိုပြီး ချင်းဘက်က ဘဝင်မကျတဲ့ အမြင်ရှိခဲ့တာပါ။ နောက်ပြီး AA ရဲဘော်တွေရဲ့ပြောပြချက်အရ ဒီဒေသခံ တွေထဲက အချို့ဟာ ချင်းတပ်ဖွဲ့မဟုတ်တာကြောင့် AA ကို မနှစ်သက်ခဲ့ဘူးလို့ ဆိုတယ်။ ဒါတွေကတော့ နေရာ တိုင်းမှာ အဆိုး အကောင်း ရှိတဲ့သဘောပါပဲ။ ဒါပေမဲ့ အခုချိန်မှာ စစ်အုပ်စုက အာဏာသိမ်းလိုက်တော့ အဖိနှိပ်ခံ အချင်းချင်း စိတ်တူကိုယ်တူနဲ့ AA နဲ့ မဟာမိတ် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတာပါ။

တော်လှန်ရေးနဲ့ ချင်းအဖွဲ့တွေ ဘယ်လိုကွဲနေလဲ

 လက်ရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေမှာ မတူညီတဲ့ မူဝါဒတွေကြောင့် ပေါင်းစည်းရခက်တာတွေ ရှိပါတယ်။ အဖွဲ့ ကြီးအဖြစ် ICNCC နဲ့ ချင်းလန်းကောင်စီတို့က ကွဲပါတယ်။ သူတို့က တော်လှန်ရေး အစိုးရ အဖြစ် ချင်းပြည်မှာ စင်ပြိုင် အုပ်ချုပ်နေတယ်လို့ နားလည်နိုင်ပါတယ်။ ဒီအထဲ သူတို့နဲ့ လက်တွဲနေတဲ့ တော်လှန်ရေးတပ်တွေလည်း နှစ်ဘက်စလုံးမှာ ရှိနေပါတယ်။

ဒါကြောင့် ဒီအဖွဲ့တွေ မပေါင်းစည်းနိုင်သရွေ့ကတော့ ပလက်ဝ အငြင်းပွားမှုကို ဖြေရှင်းရခက်ပါလိမ့်မယ်။ ဒါ ကြောင့် ချင်းတွေအနေနဲ့ မိမိတို့အချင်းချင်း ညှိနှိုင်းဖို့လိုအပ်နေပါသေးတယ်။ ဒါမှ AA နဲ့ ဆွေးနွေးရေး လမ်းဖြောင့် တန်းပါလိမ့်မယ်။

AA ပြန်ကြားရေး ဦးခိုင်သုခကတော့ “လုံခြုံရေးအခြေအနေကြောင့် ပလက်ဝကို သိမ်းတာဖြစ်ပြီး ပေးဆပ်မှုတွေ အများကြီး ရှိခဲ့တယ်။ ဒါကြောင့် လောလောဆဲ ပလက်ဝဒေသ အငြင်းပွားဖို့ထက် ချင်းပြည်တစ်ခုလုံး လွတ်မြောက်ဖို့ တော်လှန်ရေး ခရီးကို ဦးစားပေးပြီး အတူလုပ်သင့်တယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ အကြံပြုခဲ့ပါတယ်။

ပလက်ဝကနေ AA တပ်ဆုပ်ပေးဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်

ချင်းတပ်တွေ အကွဲအပြဲဖြစ်နေတဲ့ ဒီလိုကာလမျိုးမှာ AA က ပလက်ဝကနေ တပ်ဆုတ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်မှုတွေ ရှိနေပြန်တယ်။  ချင်းပြည် တစ်နေရာကဖြစ်ဖြစ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဖြစ်ဖြစ် စစ် ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာရင် AA အတွက် လုံခြုံရေး စည်းပျက်နိုင်ပါတယ်။ ဒါတွေ အကျိုးဆက် AA သိမ်းထားတဲ့ ရခိုင်ပြည်အထိ ရိုက်ခတ်နိုင်ပါတယ်။ နောက်ဆက်တွဲ စိုးရိမ်စရာတွေပါပဲ။ ဒါကြောင့် စစ်ရေး ဗျူဟာအရ အရေးပါတဲ့ ပလက်ဝကို ချင်း အဖွဲ့တွေ တောင်းဆို၊ ဖိအားပေးတိုင်း AA ဖက်က လိုက်လျှော့ပေးဖို့ လုံးဝ မဖြစ်နိုင်သေးလို့ မြင်ကြတာပါ။

ချင်းအဖွဲ့အစည်းတွေအနေနဲ့ တမိန့်တည်း တသံတည်း၊ တစိတ်တည်းဖြစ်အောင် စည်းရုံး ညီညွတ်ဖို့နဲ့၊ စစ်ကောင် စီကို လက်တွေ့ကျကျ ဘယ်လောက်ထိ ကင်းစင်နယ်မြေဖြစ်အောင် လုယူနိုင်မှာလဲ ဆိုတာက အဓိကကျပါတယ်။  ဒါကြောင့် လက်တွေ့ကျတာ၊ အရေးကြီးတာကို လုပ်ရမယ်လို့ ဆိုလိုတာပါ။

တဖက်မှာလည်း ချင်းတွေအနေနဲ့ ရခိုင်တွေကို နားလည်ပေးရပါမယ်။ အဆင်းရဲဆုံးပြည်နယ်ကနေ အခုလို အောင် မြင်တာကို ဂုဏ်ပြုသင့်တာပါ။ မကျေနပ်ကြတဲ့အဖြစ်အပျက်တွေရှိပေမဲ့ ဘုံရန်သူ(စစ်ကောင်စီ) ကို ဖြုတ်ချနေ ချိန်မှာ  ညှင်သာတဲ့ ဖြေရှင်းချက်တွေ ဖြစ်သင့်တာပါ။

ပလက်ဝရဲ့ လူမှုရေး ပထဝီဝင်

ပလက်ဝဒေသမှာ ချင်း၊ ခူမီး အများစုနေထိုင်ကြပြီး ရခိုင်နှင့် အခြားမျိုးနွယ်စုတွေလည်း ရှိပါတယ်။ ၂၀၁၉ ထွေ /အုပ် စာရင်းအရ ချင်းမျိုးနွယ်စု လူဦးရေ ၈၈,၀၀၀ ကျော်နဲ့၊ ရခိုင် ၁၈,၀၀၀ ကျော် နေထိုင်တယ်လို့ ဆိုပါတယ်။

ဒီဒေသဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့လည်း နယ်နိမိတ်ထိစပ်နေပြီး လမ်းပန်းဆက်သွယ်ရေးအရ ရခိုင် ပြည် ကျောက်တော်၊ မြောက်ဦးက တဆင့် ပြည်မသို့ အများဆုံး ကူးလူးဆက်သွယ်ကြပါတယ်။ ကုလားတန် မြစ်၊ လေးမြို့မြစ်ကြောင်းအပြင် ပလက်ဝ- ကျောက်တော် ကားလမ်းရှိပါတယ်။ ဒါကြောင့် ရခိုင်နဲ့ ပိုနီးစပ်မှုရှိပြီး ဒေသခံ တွေက ရခိုင်စကားကို ကြားခံပြောဆို ဆက်ဆံကြတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနယ်မြေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးနိုင်ငံဆုံတဲ့နေရာရှိပြီး နယ်စပ်ကုန်သွယ်‌ရေး လုပ်ငန်းတွေ အားကောင်းလာမှာပါ။ အိန္ဒိယ မီဇိုရမ်ပြည်နယ်က အာဏာပိုင်တွေနဲ့ AA ညှိနှိုင်းပြီး လက်ရှိမှာ ကုန်သွယ်မှု အချို့ စတင်နေပါပြီ။ ဒါ့အပြင် ရပ်နားထားတဲ့ အိန္ဒိယရဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းရှိနေပါသေးတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ရခဲ့ရင် အလားအလာကောင်းတဲ့ စီးပွားရေးနယ်စပ်ဖြစ်ပြီး အနာဂတ်မှာ တိုးတက်မှာကို တွက်ဆနိုင်ပါ တယ်။

အငြင်းပွားမှုမှာ ဖြစ်တန်စွမ်းက ဘာလဲ

ဒီလိုအငြင်းပွားနေမှုကို ဦးစားမပေးဘဲ ဖြစ်နိုင်ခြေကို တွက်ချရအောင်ပါ။ လက်ရှိ ချင်းတော်လှန်ရေး တပ်ဖွဲ့ တွေ ဟာ ချင်းပြည်မှာ ၁၀ မြို့ထိကို သိမ်းပိုက်ထားပါပြီ။ ချင်းတပ်ဖွဲ့တွေအနေနဲ့ မြို့နယ်ခွဲ မြို့ အဆင့်မဟုတ်ဘဲ ခရိုင် မြို့၊ မြို့နယ် အဆင့်ရှိမြို့တွေကို ထပ်သိမ်းဖို့လိုသေးပါတယ်။ ဒါတွေကို အာရုံစိုက်ဖို့ အဓိက ကျနေတာပါ။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ AA ကူညီပေးခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားတာတွေ့ရပြီးတော့ လက်ရှိ ခရိုင် အဆင့်ရှိတဲ့ မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က စတင်တိုက်ခိုက်နေသလို  AA ကလည်း ပူးပေါင်း ပေးနေတယ်လို့ သိထား ပါတယ်။

ဒါကြောင့် လက်ရှိကာလဟာ စစ်အာဏာရှင် အမြစ်ပြတ်ဖို့ နိုင်ငံတဝန်း အရှိန်မြှင့် ထိုးစစ်ဆင်နေကြတာကြောင့် အကြမ်းဖက် စစ်ကောင်စီ ယိုင်နဲ့လာချိန်ဖြစ်ပေတယ်။ ဒေသခံတွေဟာလည်း စစ်ကောင်စီရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံနေရတဲ့ အခုအချိန်မှာ လူမျိုးစုရေး ပဋိပက္ခပြဿနာတွေ ကောလာဟလသတင်းတွေကို အချိန်ကိုက်လုပ် ဆောင်နေတာတွေကို ရှောင်ရှားသင့်ပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာရက္ခတပ်တော်တို့ဟာ “ အိမ်နီးနားချင်း၊ ဆွေမျိုးရင်း တဖုံ၊ ညီအစ်ကိုသဖွယ် တစ်မျိုး ” အသက်ထပ် တိုက်ပွဲဝင်နေချိန်မှာ တော်လှန်ရေးကို ထိခိုက်ပြီး မလိုလားအပ်တဲ့ စွပ်စွဲချက်တွေကို ရှောင် ရှား သင့်တယ်လို့ ပြောဆိုနေကြပါတယ်–ခင်ဗျား–။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ