သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဒုတိယအကြိမ် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရမ့်နဲ့ နိုင်ငံရေးအပြောင်းအလဲရိုက်ခတ်မှုများ

ဆောင်းပါး

AB News-ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅

ရေး-စောမြတ်သွီး

အိမ်ဖြူတော်ကို ဒုတိယအကြိမ် တကျော့ပြန်ရောက်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ သူရုံးထိုင်တဲ့ ဇန်နဝါရီ (၂၀) ရက်နေ့ မှာ အမိန့်ညွန်ကြားချက်တွေ တော်တော်များများကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲ့ဒီထဲမှာ အမေရိကန်နဲ့ မက္ကဆီ ကိုနယ်စပ်ကို လူဝင်မှုကြီးကြပ်ရေးပြဿနာတွေကြောင့် အရေးပေါ်ကြေညာချက်ထုတ်တဲ့အပြင် အမိန့်အာဏာ (၂၆) ခုလောက်ထိကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ထရမ့်အတည်ပြု လက်မှတ်ရေးထိုးလိုက်တဲ့ထဲမှာ ယခင် သမ္မတဘိုင်ဒင် အစိုးရ လက်ထက်က အတည်ပြုထားတဲ့ ပါရီဥတုရာသီ သဘောတူညီချက်ကနေ နှုတ်ထွက်လိုက်တာလည်းပါပါတယ်။ ဒီပါရီဥတုရာသီ သဘောတူညီချက်ကနေ ဒေါ်နယ်ထရမ့် ပထမသမ္မတအကြိမ် ၂၀၁၇ တုန်းက နှုတ်ထွက်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ၂၀၂၁ သမ္မတ ဘိုင်ဒင်အစိုးရလက်ထက်မှာ ပြန်ပြီး ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး ပါလက်စတိုင်းက ဒုက္ခသည်တွေအတွက် နှစ်စဉ် ကန်ဒေါ်လာ သန်း (၃၀၀) ကျော်ပေးနေတဲ့ United Nations Relief and Works Agency (UNRWA) အစီအစဉ်တရပ်ကို ဟားမစ်တွေနဲ့ အဆက်အသွယ်ရှိနေတာကြောင့် အထောက်အပံ့မပေးတော့ဘူးဆိုပြီး ၂၀၁၈ သမ္မတ ဒေါ်နယ်ထရမ့်လက်ထက်မှာ ပိတ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် သမ္မတ ဘိုင်ဒင်တက်လာတော့ အဲ့ဒီအစီအစဉ်တွေ ပြန်ပြီး ပေးပြန်ပါတယ်။ အခု ဒုတိယအကြိမ် ထရမ့် ပြန်တက်လာတော့ အဲ့အစီစဉ်ကို ထပ်မံပြန်ပိတ်လိုက်ပါတယ်။ ဒါကြောင့် သမ္မတ ဘိုင်ဒင်နဲ့ ထရမ့်အကြားမှာ အားပြိုင်မှုတွေ ရှိနေတယ် ဆိုတာကို သိသာထင်ရှားစေခဲ့ပါတယ်။ အဓိက သူတို့နှစ်ယောက်ရဲ့ အားပြိုင်ဆိုင်ရတဲ့ အကြောင်းရင်းတွေက နိုင်ငံခြားရေး မူဝါဒတွေ၊ အမေရိကန်နိုင်ငံရေး၊ စီးပွားရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီရေးတို့မှာ မတူညီတဲ့ အတွေးအခေါ် တွေရှိနေတဲ့အတွက်ကြောင့်ပါ။ ဥပမာ နိုင်ငံရေးခြားရေးမူဝါဒတွေနဲ့ ပြောရမယ်ဆိုရင် ဟားမစ်တွေကို အကြမ်းဖက် အဖွဲ့အဖြစ် ထရမ့်က ကြေညာပေးပြီး ပါလက်စတိုင်းကို ဖိအားပေးခဲ့ပေမဲ့ ဘိုင်ဒင်က လူသားချင်းစာနာမှုအကူ အညီတွေ ပေးခဲ့ပါတယ်။ နောက်ထပ် တရုတ်ကိုဆိုရင် ထရမ့်က Huawei, TikTok, WeChat တို့ကို တိုက်ခိုက်ပြီး ကုန်သွယ်ရေးစစ်ပွဲပုံစံမျိုး တွေလုပ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘိုင်ဒင်လက်ထက်မှာ အာရှနိုင်ငံတွေနဲ့ မိတ်ဖွဲ့ပြီး အမေရိကန် – တရုတ် ဆက်ဆံရေးကို တည်ငြိမ်အောင် လုပ်ဖို့ကြိုးစားပါတယ်။ ဒါဟာ ထရမ့်နဲ့ ဘိုင်ဒင်ကြားက အမေရိကန်နိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးရပ်တည်ချက်အပေါ်မှာ မတူညီတဲ့ မဟာမိတ်တည်ဆောက်ရေးအပိုင်းလဲ ဖြစ်ပါတယ်။

တကျော့ပြန် သမ္မတ ထရမ့်ရဲ့ နိုင်ငံရေးမူဝါဒ အပြောင်းအလဲတွေမှာ အရိုက်ခတ်ဆုံးကတော့ နိုင်ငံရပ်ခြား အကူအညီတွေကို ဖြတ်တောက်လိုက်တာပါပဲ။ သမ္မတ ထရမ့်ရဲ့ ပထမအကြိမ် အစိုးရလက်ထက်တုန်းက အမေရိကန်ဦးစားပေး America First မူဝါဒကို ကျင့်သုံးခဲ့ပြီး ဒုတိယအကြိမ်မှာလည်း ဒီနည်းလမ်းကို အသုံးပြုမယ်လို့ နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီကို ညွန်ကြားခဲ့ပါတယ်။ တနည်းအားဖြင့် အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးတဲ့ အနေအထားတခုလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်က အကူအညီ ပေးနေတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ကို တောင် လှည့်မကြည့်ခဲ့ပါဘူး။ အဲ့ဒီနောက် United Nations Relief and Works Agency (UNRWA)၊ USAID တို့လို အဖွဲ့အစည်းကြီးတွေကိုပါ ငွေကြေးထောက်ပံ့တာတွေကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမေရိကန်နဲ့ ကုန်သွယ်ဖက်ဖြစ်တဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့ကို ပြောင်တင်ပဲ အခွန်စည်းကြပ်လိုက်ပါတယ်။ ဒီလိုနိုင်ငံတွေကို အခွန်စည်းကြပ်လိုက်တာဟာ ဥရောပတိုက်မှာ ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲဖြစ်လာမှာကို NATO အဖွဲ့အစည်းကြီးမှာတောင် စိုးရိမ်ချက်တွေ ရှိလာနေတာကို တွေ့ရပါတယ်။

ဒီလို အမေရိကန်က နိုင်ငံရပ်ခြားအကူအညီတွေ ရပ်ဆိုင်းတာကြောင့် ရေရှည်မှာ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ ဥရောပ၊ အာရှနိုင်ငံတွေက ပြင်းထန်တဲ့ သက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ လက်ရှိ အစ္စရေးနဲ့ ဟားမစ်တို့ အကြား အပစ်ခတ်ရပ်စဲပြီး ဓါးစာခံတွေကို အပြန်အလှန် လဲလှယ်နေကြပေမဲ့လို့ အမေရိကန်အကူအညီ မရရှိရင် အဲ့ဒီစစ်ပွဲကြားထဲမှာ စစ်ဘေးဒုက္ခသည်ဖြစ်သွားတဲ့ ပြည်သူတွေဟာ အခက်အခဲကာလတွေနဲ့ ရင်ဆိုင်ရနိုင်ပါ တယ်။

လက်ဘနွန် ဂျော်ဒန်တို့ဘက်မှာရှိတဲ့ ဒုက္ခသည်တွေအတွက်လည်း ထိုနည်းတူစွာပါပဲ။ ဒီလို ထရမ့်က ထောက်ပံ့မှု ရပ်ဆိုင်းလိုက်တာဟာ ဂါဇာကမ်းမြောင် ဒေသက စစ်ပွဲမှာ ဟားမစ်တွေဆီကို တနည်းအားဖြင့် ငွေကြေးဖြတ်တောက်ပြီး စစ်ရေးကိုနှောင့်နှေးအောင် လုပ်လိုက်တာဖြစ်ပါတယ်။ ဒါကလည်း ထရမ့်က အစ္စရေးဘက်ကို ပိုပြီးထောင်ခံမှုအားကောင်းတာကြောင့် စစ်ရေးအရ အကူအညီပေးလိုက်တဲ့ သဘောဖြစ်ပါ တယ်။ ဒါပေမဲ့ တခုရှိတာက ငွေကြေးအထောက်အပံ့ပြတ်တောက်သွားရင် အခြားဆေးဝါး၊ စားနှပ်ရိက္ခာ၊ ပညာရေး စတဲ့အခန်းကဏ္ဍတွေမှာလည်း ထိခိုက်မှုရှိမှာဖြစ်ပါတယ်။

နောက်တခုက ယူကရိန်းစစ်ပွဲပဲဖြစ်ပါတယ်။ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ယူကရိန်းကိုပါ အထောက်အပံ့ ဖြတ်တောက်လိုက်ရင်တော့ သေချာပါတယ်။ ယူကရိန်းက ရုရှားလက်ထဲကို ကျရောက်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်အစိုးရဖြစ်လာချိန် ပထမအပတ်မှာပဲ ယူကရိန်းအရေးနဲ့ပတ်သက်လို့ သမ္မတပူတင်အနေနဲ့ ညှိနှိုင်း မှုမလုပ်ဘူးဆိုရင် ဒဏ်ခတ်ပိတ်ဆို့တာတွေလုပ်မယ်လို့တောင် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းနဲ့ ပတ်သက်လို့တော့ တိတိကျ​ကျအဖြေမရှိသေးတဲ့အချိန်မှာ ယူကရိန်းနဲ့ ရုရှားစစ်ပွဲကို ဥရောပသမဂ္ဂ (EU) က ပိုပြီးတာဝန်ယူသင့်တယ် လို့ ပြောခဲ့တာကြောင့် NATO နဲ့ EU အတွက် တာဝန်ကြီးတခုလိုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အမေရိကန် မပါတဲ့ ဥရောပကာကွယ်ရေးက အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဘယ်လ်ဂျီယံနိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ ဖေဖော်ဝါရီလ ၃ ရက်ကပြုလုပ်တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ NATO စစ်ရေး မဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ပြောခဲ့ပြန်ပါတယ်။ သေချာတာကတော့ ယူကရိန်းကို အမေရိကန် လှည့်မကြည့်ရင် ရုရှားက ရက်ပိုင်းအတွင်းမှာ သိမ်းလိုက်မှာ အသေအချာပါပဲ။

ဒီဘက် USAID နဲ့ WHO ကို အထောက်အပံ့တွေ ဖြတ်တောက်လိုက်မယ်ဆိုရင် အဓိက ထိခိုက်လာနိုင်တာကတော့ အာဖရိကနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဖြစ်ပါတယ်။ အာဖရိကနိုင်ငံတွေထဲက HIV/AIDS, Malaria, Ebola လိုမျိုး ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးအတွက်အကူအညီတွေ လျော့နည်းလာနိုင်ပြီး Sudan နဲ့ Congo လိုနိုင်ငံတွေ မှာ လူသားချင်းစာနာမှု ဘေးအန္တရာယ်တွေလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အာရှမှာကြည့်မည်ဆိုရင် ထိုင်း၊ မြန်မာ၊ နိုင်ငံတွေအတွက် လူသားချင်းစာနာမှုပိုင်းနဲ့ ကျန်းမာရေးပိုင်း ထိခိုက်လာနိုင်ပြီး အထူးသဖြင့် စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာလို မီဒီယာလုပ်ငန်းတွေ၊ ဒီမိုကရေစီလှုပ်ရှားသူတွေအတွက် ထိခိုက်ဆုံးရှုံးမှုကြီးဖြစ်လာနိုင်ပါတယ်။ အမေရိကန်ရဲ့ နိုင်ငံရေးမူဝါဒအပြောင်းအလဲမှာ အထောက်အပံ့တွေကို ဖြတ်တောက်လိုက်နိုင်တယ်ဆိုပေမဲ့ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဩဇာလွှမ်းမိုးမှုတွေကလည်း တချိန်တည်းမှာ အခွင့်ကောင်းယူပြီး ဝင်ရောက်လာနိုင်ပါတယ်။

နောက်တချက်က သမ္မတ ထရမ့်ထုတ်လိုက်တဲ့ အမိန့်ညွှန်ကြားချက်တွေထဲက လူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေက မက္ကဆီကို ကိစ္စ၊ ပနားမားတူးမြောင်းတူးမြောင်းကိစ္စနဲ့ ဂါဇာကို သိမ်းမယ်ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီလို ကိစ္စတွေကို သမ္မတ ထရမ့်လက်ထပ်မှာ ဘာကြောင့် ထုတ်ပြန်လာတာလဲ၊ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာက အတော်လည်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ မက္ကဆီကိုနဲ့ ပတ်သက်လို့ပြောမယ်ဆိုရင်တော့ ဒါက လူဝင်မှုကြီးကြပ်ရေးပြဿနာကို ကာကွယ်ဖို့အတွက်လုပ်တယ်လို့ ထင်ရပေမဲ့ တကယ်တမ်း ထရမ့်ရဲ့ ရည်ရွယ်ချက်က Gulf of Mexico ဆိုတဲ့ မက္ကဆီကို ပင်လယ်ကွေ့နာမည်ကို Gulf of America လို့ ပြောင်းလဲချင်တာဖြစ်ပါတယ်။ ထရမ့်က မက္ကဆီကို နဲ့ နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေးပြဿနာကို ကာကွယ်ဖို့ ပထမတကြိမ် သမ္မတတုန်းကလည်း ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခု ဒုတိယအကြိမ်မှာ ဒါကိုပြန်လုပ်ဖို့ ကြိုးစားနေတဲ့အပြင် မက္ကဆီကို ပင်လယ်ကွေ့ကိုပါ အပိုင်စီးဖို့ကြိုးစားလာတဲ့ပုံက ဒီမိုကရေစီဆန်တဲ့ နိုင်ငံတခုမပီသတဲ့ သဘော ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဒီလိုပင်လယ်ကွေ့တခုကိုတော့ လွယ်လွယ်နဲ့တော့ ပြောင်းလို့ရမှာမဟုတ်ဘူးလို့ မြင်မိ ပါတယ်။

နောက်ပြီး ဒီပနားမားတူးမြောင်း အကြောင်းကို ဆက်ရမယ်ဆိုရင်။ ပနားမားတူမြောင်းဆိုတာ တကယ့် ကမ္ဘာကြီးရဲ့ ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းတခုပဲဖြစ်ပါတယ်။ ဒီရေလမ်း ကြောင်းမှာ ကုန်သွယ်ဖို့ဆိုတာလည်း တော်ရုံတန်ရုံ ငွေကြေးလောက်နဲ့ ကုန်သွယ်လို့မရပါဘူး။ တကယ့်ကို တန်ဖိုး ကြီးတဲ့နေရာလည်းဖြစ်ပါတယ်။ ပနားမားတူမြောင်းရဲ့ ရေကြောင်းကုန်သွယ်မှုဟာ ကမ္ဘာ့စီးပွားရေးတခုအတွက် အရေးပါနေပြီး တရုတ်ကလည်း လိုချင်တဲ့အထဲမှာပါပါတယ်။ စစ်ရေးအရရော၊ စီးပွားရေးအရပါ အရေးပါတဲ့ ပနားမားတူးမြောင်းကို အမေရိကန်က မျက်စိကျနေတာ အခုမှပဲ မဟုတ်ပါဘူး။ အခု ထရမ့်လက်ထပ်မှာတော့ ပနားမားတူးမြောင်းလို အရေးကြီးတဲ့ နေရာတခုကို သိမ်းမယ်လို့ ပြောလိုက်တာကလည်း တကယ့်ကို စိတ်ကူးယဉ်ကောင်းတဲ့ ထရမ့်ရဲ့ တွေးခေါ်မှုတခုလို့ ယူဆရပါမယ်။ ဒါပေမဲ့ ထရမ့်က ဘယ်လိုသိမ်းမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပြီးနောက် နောက်ဆုံးသိမ်းမယ်လို့ ကြုံးဝါးလာတာကတော့ ဂါဇာပဲဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမစ်အပစ်ရပ်နေ ချိန်မှာ ထရမ့်ကလည်း သမ္မတဖြစ်လာတဲ့အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာခဲ့ပြီး ပထမဆုံး ထရမ့်က အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကို အိမ်ဖြူတော်မှာ တွေ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ ထရမ့်က ဂါဇာကို သိမ်းပြီး အဲ့ဒီက နေရာတွေမှာ မပေါက်ကွဲပဲ ကျန်နေသေးတဲ့ ဗုံးတွေကို ရှင်းလင်းရေးလုပ်မယ်လို့ ထူးထူးခြားခြား ပြောခဲ့ပါတယ်။ တကယ်တမ်း ထရမ့်ဟာ ယခင်က အိမ်ခြံမြေ လုပ်ငန်းကို လုပ်ကိုင်ဖူးတာကြောင့် ဂါဇာကမ်းခြေကို စီးပွားရေးအရ နယ်မြေချဲ့မဲ့ သဘောရှိပါတယ်။ ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေကိုလည်း အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတွေမှာ ရွှေ့ပြောင်းဖို့အတွက် နေတန်ညာဟုနဲ့တွေ့တဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ထရမ့်ရဲ့ ဒီလိုပြောဆို ချက်တွေကို အီဂျစ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဗျ၊ ကာတာနဲ့ (UAE) စတဲ့ အာရပ် (၅) နိုင်ငံက သဘောမတူပါဘူး။ ဒါပေမဲ့ ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းက စစ်ပွဲကို ဘယ်လိုအဆုံးသတ်ပြီး ဂါဇာကို ဘယ်လို သိမ်းယူမယ်ဆိုတာကလည်း တကယ့်ကို အရည်အချင်းစစ်တဲ့ Final Exam တခုလိုပါပဲ။ ပေါ့ပေါ့တန်တန်တွေးရင်တော့ တရုတ်နဲ့ ရုရှား၊ အီရန်တို့က ပွဲလန့်တုန်း ဖျာခင်းသွားပါလိမ့်မယ်။

နောက်ဆုံးချုပ်ပြောရမယ်ဆိုရင် ဒုတိယတကြိမ်သမ္မတဖြစ်လာတဲ့ ထရမ့်ရဲ့ (၄) နှစ်တာကာလမှာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို သူမတူအောင် ပြောင်းလဲနိုင်၊ မနိုင်ကတော့ ပြောဖို့စောပါသေးတယ်။ ဒါပေမဲ့ ထရမ့် ရဲ့ လုပ်ရပ်တွေက ကမ္ဘာမှာ ရိုက်ခတ်သွားတာကတော့ အမှန်ပါပဲ။ ဒီလို ထရမ့်ရဲ့ ဆုံးဖြတ်ချက်တွေက အမေရိကန် နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျိုးအမြတ်တွေကို အခြေခံနေတာတွေ့ရပြီး စောင့်ကြည့်ရမဲ့ အပိုင်းတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ သေချာတာတခုကတော့ အမေရိကန်ရဲ့ ငွေကြေးအထောက်အပံ့နဲ့ ဩဇာသက်ရောက်မှုတွေကို ကမ္ဘာကို ချပြချင်နေတာလည်းဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

ထင်မြင်ယူဆချက်‌‌ပေးရန်