ကျော်ဇံဘာသာပြန်သည်
ဆောင်းပါးရှည်
တူနီရှားနိုင်ငံ၏ ဒီမိုကရေစီလမ်းခရီးသည်ကား ကိုယ့်ကိုကိုယ်မီးရှို့လောင်ကျွမ်းစေကြသည့် ဖြစ်ရပ်များနှင့် အစပြုခဲ့သည်။ ရွေးကောက်ခံခေါင်းဆောင်များ နိုင်ငံတိုးတက်ရေးအတွက် ပေးအပ်ထားသည့် ကတိကဝတ်များကို မဖြည့်ဆည်းပေးနိုင်သည့်အခါ ဆေးရုံရှိ မီးလောင်ဒဏ်ရာများကို ကုသသည့် လူနာဆောင်တွင် ထိုကဲသို့ မိမိကိုယ်ကိုမီးရှို့ကြသည့် လူနာများဖြင့် ပြည့်နှက်သွားတော့သည်။
ပြင်းထန် မီးလောင်ဒဏ်ရာကုသဆောင်တွင် စိတ်ဒုက္ခအပေးဆုံးလူနာသည်တစ်ဦးသည် တာဝန်ကျသူနာပြုများကို ပတ်တီးလဲခွင့်မပေးဘဲ ငြင်းဆန်လျှက်ရှိသည်။ ထိုပတ်တီးများမှာ လွန်ခဲ့သည့်သုံးလအကြာက သူ့ကိုယ်သူမီးရှို့စဥ်ကပင် ဖုံးအုပ်ထားသည့် ပတ်တီးများလည်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန် အီမန် ဂျာမီ သည် သူမဝသီအတိုင်း ဖြစ်နိုင်သမျှ မျက်မှုန်တင်းတင်းကုပ်၍ ခရမ်းရောင်ဆိုးထားသည့် နှခမ်းများကို ကိုက်ကာ ထိုလူနာအခန်းထဲသို့ ပေါက်ချလာခဲ့သည်။
“ဒီမှာ … ကျွန်မနောက်ထပ်ကြည့်ရမယ့် သတိမေ့နေတဲ့ လူနာတစ်ယောက်ရှိသေးတယ်၊ ကျွန်မအချိန်မရဘူး “နောက်ဆုံး ကျွန်မပြောစရာ စကားတခွန်းကတော့ ရှင် အိပ်ရာပေါ်တက်ပြီး ပတ်တီးတွေကို လဲမှရမယ်ဆိုတာပဲ” ဟု ဆရာဝန်မှ ထိုလူငယ်ကို ပြောသည်။
“ကျွန်တော်အရမ်းမောနေတယ်” ဟု ထိုလူငယ်မှ ညဉ်းတွားပြသည်။
“ရှင် အမှန်တကယ် ပတ်တီးမလဲခိုင်းဘူး ပေါ့” ဟု ရုတ်တရက် မေးလိုက်သည့်အခါတွင်း “ဟင့်အင်း, ကျွန်တော် မလဲချင်ဘူး” ဟု တွန့်ဆုတ်လျှက် ပြန်ဖြေသည်။
ထိုဆရာဝန်မသည် ထိုကဲ့သို့ ဖြစ်ရပ်များကို အရင်ကတည်းကပင် မြင်ဖူးသည်။ တူးနီးရှားနိုင်ငံသားများသည် ကြံရာမရဖြစ်လျှက် သူ့တို့ကိုယ်သူတို့ မီးရှို့ကာ မချိတင်ကဲဖြစ်နေသော်လည်း ဒဏ်ရာသက်သာလိုစိတ် အလျှင်းမရှိကြချေ။ အစိတ်အစိတ် အမြွာမြွာ ဖြစ်နေသည့် တိုင်းပြည်တစ်ပြည်တွင် သူတို့မိသားစုကို ဆက်လက်မထောက်ပံ့နိုင်သည့်အခါတွင် အိမ်အပြန်စောင့်မျှော်နေကြ သည့် အရာများမှာ ခံစားနေကျ အဓိပ္ပာယ်မရှိခြင်းများသာလျှင်ဖြစ်သည်။
အာရပ်နွေဦးတော်လှန်ရေးမှ လှုံ့ဆော်ပေးလိုက်သည့် တူနီးရှား၏ ၂၀၁၀ တော်လှန်ရေးသည် မြို့တော် တျူးနစ်ဆ် အနီးရှိ မီးလောင်ဒဏ်ရာကုသသည့် လူနာဆောင်တွင် အစပျိုးခဲ့သည်။ တခါတရံတွင်လည်း ထိုတော်လှန်ရေးသည်ကား နောက်ဆုံး ထွက်သက်ကို လုရှူနေရသလို ဖြစ်နေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအကြာက ခွဲစိတ်ဒဏ်ရာများနှင့် ပြင်းထန်မီးလောင်ဒဏ်ရာများကို ကုသသည့် ဆေးရုံတွင် မိုဟာမက် ဘူဇီဇီ အမည်ရှိ အသက် ၂၆ နှစ်အရွယ်ရှိ သစ်သီးရောင်းသူတစ်ဦးကို ကုသခဲ့ပြီး ထိုလူနာသည် အာဏာရှင်စနစ်ကိုဖြုတ်ချပြီး ဒီမိုကရေပြန်လည်ရရှိရေးအတွက် ရပ်တည်ကာ မိမိကိုယ်ကို မီးရှို့ခဲ့သူလည်း ဖြစ်သည်။
ယခုအချိန် ထိုဆေးရုံ၌ မိမိကိုယ်ကိုမီးရှို့သည့်လူနာများကို ထားရှိပြီး ထိုလူနာများတွင် ကန့်လန့်တိုက်ဆန့်ကျင်မှုများ မပြောင်းမလဲရှိနေသောကြောင့် ဆရာဝန်အတော်များများလည်း ထွက်ပြေးရန် ကြိုးစားနေကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအကြာက လူတစ်ဦးတစ်ယောက်အုပ်ချုပ်သည့် စနစ်ကို ဖြုတ်ချရန် အသည်းအသန် တိုက်ခိုက်ခဲ့ပြီးမှ တဖန်ပြန်လည် ပြောင်းလဲလိုသည်အထိ တူနီးရှားနိုင်ငံ၏ မျှော်လင့်ချက်ပျက်သုဥ်းခြင်းကား ကြီးမားလွန်းလှသည်။
ထိုအချိန်ကာလတစ်လျောက်လုံး ဒေါက်တာ ဂျာမီ မှာ လေးထပ်မြောက်အခန်းတွင် ရှိနေခဲ့သည်။
အသည်းအသန်ဖြစ်နေသော မစ္စတာ ဘူဇီဇီ ကို လူနာကုသဆောင်ထဲကို ယူဆောင်လာသည့် 2010 ကုန်ခါနီး နေ့ရက်များတွင် ဒေါက်တာ ဂျာမီ ရှိနေခဲ့သည်။ ထိုလူနာဆောင်ကို အာဏာရှင်ဟောင်း သမ္မတ ဇိန်း အယ်လ် အယ်ဘီဒိန်းက ရောက်လာခဲ့ပြီး မစ္စတာ ဘူဇီဇီကို ဂရုစိုက်ကြောင်း လူထုကို ပြသရန် လူနာအိပ်ရာဘေးထိုင်လျှက် ဓာတ်ပုံရိုက်ယူခဲ့သည်။ သုံးပတ်နီးပါးကြာပြီးနောက်တွင် ၂၀၁၁၊ ဇန်နဝါရီ ၄ ရက်နေ့တွင် မစ္စတာ ဘူဇီဇီ ဆုံးပါးသွားတော့သည်။
တူနီးရှားနိုင်ငံတစ်ဝှမ်းမှ လူငယ်အမြောက်အများ ဘူဇီဇီ လုပ်ရပ်ကို အတုခိုးကာ မိမိကိုယ်ကိုယ်မီးရှို့ခြင်းကြောင့် ဆေးရုံးများပြည့်သွားသည့်အခါတွင်လည်း ဒေါက်တာ ဂျာမီ ထိုဆေးရုံတွင် ရှိနေခဲ့သည်။
ဗန်နာရို့စ် တူးနီစ် ရပ်ကွပ်ရှိ ဆေးရုံတံတိုင်းပြင်ပတွင်ကား မစ္စတာ ဘူဇီဇီ ၏ သေဆုံးမှုက တူနီးရှားနိုင်ငံ၏ စံပယ်ပန်းတော်လှန်ရေး (Jasmine Revolution) ဖြစ်လာအောင် လှုံ့ဆော်ပေးလျှက်ရှိသည်။ “အလုပ်အကိုင်အခွင့်အလမ်း၊ လွပ်လပ်မှု၊ ဂုဏ်သိက္ခာ” ဟု ဆန္ဒပြသမားများမှ အော်ဟစ်ကြပြီး များမကြာမီတွင် မစ္စတာ ဘူဇီဇီကဲ့သို့ ရုန်းကန်နေရသည့် လူငယ်များမှ တူနီးရှားအလွှာစုံသို့ တော်လှန်ရေးကြီး ပျံ့နှံသွားတော့သည်။ ၂၀၁၁, ဇန်နဝါရီ ၁၄ရက် တွင် သမ္မတ ဘန် အယ်လီ တူနီးရှားနိုင်ငံမှ ထွက်ပြေးသွားပြီးနောက် တူနီးရှား ထကြွမှုသည် နိုင်ငံတဝှမ်းပျံ့နှံ့သွားတော့သည်။
တခြားသော တော်လှန်ရေးများသည်ကား သွေးမြေကျကာ အဆုံးသတ်ကြရသည်။ သို့သော် အချိန်အတိုင်းအတာတခုအထိ အာရပ်နွေဦးတော်လှန်ရေး၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သော ဒီမိုကရေစီ ကား တူနီးရှားနိုင်ငံတွင် ပွင့်နေသယောင် ထင်ရသည်။ တူနီးရှား နိုင်ငံ၏ လွပ်လပ်မှုများပိုတိုးလာသော်လည်း အစားအသောက်က ပိုမိုခက်ခဲလာပြီး ဒီမိုကရေစီ ကိုယ်တိုင်က သိက္ခာမဲ့ရန် အစပျိုးလေတော့သည်။
အစိုးရဟောင်း၏ ရာဇဝတ်မှုများမှာ အပြစ်ပေးမခံရဘဲ ကင်းလွတ်နေသည်။ ပါလီမန်ကလည်း တိုးမရ၊ ဆုတ်မရ အခြေအနေ၊ အကျင့်ပျက် လာဘ်ပေးလာဘ်ယူများက ပျံ့နှံ့၊ အလုပ်လက်မဲ့ တိုးလာကာ ဆင်းရဲမွဲတေမှုက အမြစ်စွဲလျှက်ရှိသည်။ နိုင်ငံရေးအရခွက်စောင်းခုတ်ခြင်းကာ ကံဆိုးမိုးမှောင်ကျပြီး အတွေ့အကြုံမရှိခြင်းတို့ကြောင့် တစ်ယောက်ကိုတစ်ယောက် ပြစ်တင်လွှဲချနေကြသော ဝန်ကြီးချုပ် ၁၀ ဦးတို့သည်လည်း ၁၀နှစ်အတွင်း အရေးတကြီးစီးပွားရေး အပြောင်းအလဲများကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။
နှောင်းပိုင်းတော်လှန်ရေးအစိုးရကို အစ္စလာန်မစ်ပါတီတစ်ခုဖြစ်သည့် အန်နာဒါ က လွှမ်းမိုးပြီး ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အစ္စလာန်မူဝါဒ စည်းကမ်းချက်များနှင့် မည်သည့်နိုင်ငံရေးသမားများ အုပ်ချုပ်လိုသည်ဟု မရေမရာဖြစ်နေသော လူထုကို ဘာသာရေးဆိုင်ရာ ကွဲပြားမှုများက နှစ်ခြမ်းခွဲအောင် ဖန်တီးလိုက်သည်။
တော်လှန်ရေးပြီးနောက် တူနီးရှားလူမျိုးများက ခေါ်ဝေါ်သည့် “အမှောင်ဆယ်စုနှစ် – black decade” အတွင်း ဘူဇီဇီ ကို အတူယူသူများ ရာနှင့်ချီ၍ ဆေးရုံသို့ ရောက်လာသည်။ တော်လှန်ရေးမတိုင်ခင် အလွန်ရှားပါးသော လုပ်ရပ်ဖြစ်သည့် မိမိကိုယ်ကိုမီးရှို့သည့် ဖြစ်စဥ်များသည် မကြာမီတွင် မီးလောင်ဒဏ်ရာ လူနာဆောင်၌ အဆင့် ငါး ခုမြောက် ကုသရသည့် အရာ ဖြစ်လာသည်။
ထို့နောက် ၂၀၁၉ တွင် စည်းကမ်းကြီးမားသည့် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ ပါမောက္ခတစ်ဦးဖြစ်သူ “ကိုင် ဆိယက်” သမ္မတအဖြစ် ရွေးကောက်ခြင်းခံရသည်။ တော်လှန်ရေးနှင့် ပတ်သတ်၍ တူနီးရှားနိုင်ငံသားများ၏ ဒေါသနှင့် နောင်တ တို့ကို ထိန်းချုပ်အသုံးချလျှက် သမ္မတ ကိုင် ဆိယက် က ၂၀၂၁၊ ဂျူလိုင်လတွင် ပါလီမန်ကို ဆိုင်းငံ့ပြီး ပါတီများကို ဘေးဖယ်လိုက်ကာ၊ ပြည်သူ့အခွင့်အရေးများကို လျော့ချလျက် လူတစ်ဦးတစ်ယောက် အုပ်ချုပ်သည့် အုပ်ချုပ်မှုကို အားပေးခဲ့သည်။ တူနီးရှားနိုင်ငံ၏ မရင့်ကျက်သေးသော ဒီမိုကရေစီ စမ်းသပ်မှုများကို ဖုံးကွယ်လိုက်ခြင်းပင် ဖြစ်သည်။
သို့ရာတွင် မြောက်မြားစွာသော တူနီးရှားနိုင်ငံသားများမှာ လက်ခုပ်သြဘာပေးကြသည်။
ဒေါက်တာ ဂျာမီလို လူစားများနှင့် သူမ၏ မြောက်မြားစွာသော လုပ်ဖော်ကိုင်ဖက်များက တိုင်းပြည်ကို ကယ်တင်လိုကြသည်။ ရွေးကောက်ခံခေါင်းဆောင်များ၏ ယောင်ဝါးဝါးလုပ်နေခြင်းများကို ဆယ်စုနှစ်တစ်ခုအကြာ စောင့်ကြည့်လာသော သူတို့အဖို့ မစ္စတာ ဆိုင်းယက် ထက် ပိုကောင်းသည့် ကယ်တင်ရှင်ကိုကား မတွေ့ရပေ။
သို့ရာတွင် ရွေးကောက်ခံသမ္မတဖြစ်လာပြီး တစ်နှစ်ကျော်အကြာတွင် ပြိုလဲနေသော စီးပွားရေး၊ ခေါင်ခိုက်နေသော ကုန်စျေးနှုန်း၊ သို့မဟုတ် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များ ရှားပါးခြင်းနှင့် ပတ်သတ်၍ကား အများကြီးလုပ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့်ပင်လျှင် ခန့်မှန်းခြေ တူနီးရှားနိုင်ငံသား ၁၅,၄၀၀ နီးပါး ယိုင်နဲ့နဲ့ စက်လှေများပေါ်တက်၍ ပြီးခဲ့သည့်နှစ်က ဥရောပဖက်ကို ရွက်လွှင့်ကြသည့်အထဲ အနည်းဆုံး ၅၇၀ ခန့် ရေထဲမျောမြုပ်သွားသဖြင့် ယင်းအချက်သည်ပင်လျှင် လူငယ်များ ကိုယ့်ကိုကိုယ်မီးရှို့ကြသည့် အကြောင်းရင်း တစိတ်တပိုင်းဖြစ်သည်။
တူနီးရှားနိုင်ငံတွင် စက်လှေဖြင့် ဥရောပကို တရားမဝင်သွားခြင်းကို “ဟာဂ”ဟု ခေါ်ဝေါကြပြီး စကားလုံးကို စာပေသဘောတရားအရ ဘာသာပြန်ဆိုပါက “မီးလောင်ကျွမ်းခြင်း” ဟု အဓိပ္ပာယ်ရသည်။
ပရမ်းပတာ ကသောင်းကနင်း အခြေအနေများ
မီးလောင်ဒဏ်ရာ ကုသဆောင်တွင် ဆရာဝန်များအားလုံးမှာ လူနာများခေါင်းပေါ်တွင်ပတ်ထားသည့် ထူထဲလှသော ပတ်တီးစကို ဖောက်ထွင်းကြားနိုင်လောက်အောင် အော်၍ ပြောကြပြီး ထိုအထဲတွင် ဒေါက်တာ ဂျာမီ၏ အသံမှာ အကျယ်ဆုံးဖြစ်သည်။ သူမ၏ “မင်္ဂလာနံနက်ခင်း” ဆိုသည့် အသံက ခရာသံသဖွယ်ကျယ်လောင်ပြီး ဝင်လာသည့်အခါတွင် ရယ်သံများ မိုးချုန်သံအလား ဟိန်းလျှက်ထွက်လာသည်။ ထိုအခါတွင် မျက်စတစ်ချက်ပစ်ပြီး ရယ်နေကြသော အခန်းအပြည့် အခန်းတစ်ခန်းစား ဝန်ထမ်းများကို အဆင်သင့်ရှိနေပြီး ထိုဝန်ထမ်းများကို အကူအညီတောင်းကာ ခိုင်းတော့သည်။
သူနာပြုတစ်ဦး၏ သမီးဖြစ်သူ ဒေါက်တာ ဂျာမီ မှာ သူမအတွက် အဖေဖြစ်သူမျှော်လင့်ထားသည့် ဆေးပညာရပ်ကို လေ့လာသင်ကြားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် မီးလောင်ဒဏ်ရာကုသဆောင်ဖွင့်ပြီး မကြာခင် ယင်းဌာန၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
သူမနှင့် တခန်းတည်းကျသည့် အဖော်ဖြစ်သူ အထွေထွေကုသရေးသမားတော် ဘန်ဂျီဟာ ဂါဆရီ နှင့် တော်လှန်ရေးကာလတွင်း မီးလောင်ဒဏ်ရာကုသဆောင်၌ ငါးရက်ဆက်တိုက် ကုန်ဆုံးခဲ့ရသည်။ ဆေးရုံကို တခြားဆရာဝန်၊သူနာပြု မည်သူမျှ မလာနိုင်သဖြင့် သူတို့ကိုယ်တိုင် အနှီးများကို လဲခြင်း၊ ကြမ်းတိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ရသည်။ အလွန်များပြားသော မိမိကိုယ်ကိုမီးရှို့သည့် လူနာများ ရောက်လာသောကြောင့် လူနာကုတင်များ မလောက်ငှတော့၍ လူနာများကို ထိုင်ခုံများတွင် တင်ထားရသည် အထိပင်ဖြစ်သည်။
သူမထံ တော်လှန်ရေးက ဆောင်ကြည်းပေးသည်မှာ ဗရမ်းဗတာအခြေအနေ နှင့် ကသောင်းကနင်းဖြစ်ခြင်းတို့သာ ဖြစ်သည် ဟု မကြာမကြာစဥ်းစားမိသည်။
နောက်ထပ် ဆယ်စုနှစ်တစ်ခုအတွင်း မြောက်အာဖရိက ၏ အဆင့်မြင့် မီးလောင်ဒဏ်ရာကုသသည့် စင်တာဖြစ်သည့် ဆေးရုံကို ရောက်ရှိလာသည့် လူနာအများစုမှာ တူနီးရှားနိုင်ငံ၏ မိမိကိုယ်ကို မီးရှို့ကြသည့် လူနာများဖြစ်ပြီး ဆေးရုံဝန်ထမ်းများ မလောက်ငှတော့သည်အထိ လူနာအရေအတွက် များပြားခဲ့သည်။
တိုင်းပြည်၏ စိတ်ဓာတ်ကျစရာ စီးပွားရေးအခြေအနေက မီးလောင်ဒဏ်ရာကုသဆောင်ရှိ စီနီယာ အထူးကု ထက်ဝက်ခန့်နှင့် ထောင်နှင့်ချီသော ဆရာဝန်များကို ပြည်ပတွင် ပို၍ကောင်းသည့် အခွင့်အလမ်းများရှာဖွေရန် အနေအထားကို တွန်းပို့ခဲ့သည်။ ထို့ကြောင့် ကျန်နေခဲ့သူများမှာ ငွေရနည်းပြီး အလုပ်များပိုတိုးလာသည်။
သို့ရာတွင် ဒေါက်တာ ဂျာမီ နှင့် ဒေါက်တာ ဂါဆရီတို့သည် ထိုလူနာဆောင်တွင် ဆက်လက်ကျန်ရှိနေခဲ့ကြသည်။ အခက်အခဲများကြားတွင် ခံနိုင်ရည်နှင့် ရှင်သန်ခြင်းက သူတို့အတွက် အသက်ရှင်သန်ရပ်တည်ခွင့်မရလောက်အောင်အထိ ဖြစ်စေခဲ့ ပြီး ပိုမိုဒုက္ခရောက်စေခဲ့သည်။
“ကျွန်တော် ထမင်းဖိုးတောင် မတတ်နိုင်တော့ဘူး”
အောက်တိုဘာလ အစောပိုင်း နံနက်တိုင်းတွင် တာဝန်ကျအလုပ်များကို လုပ်ဆောင်နေကြသော ဆရာဝန်တစ်စုသည် လက်များကိုဆေးကာ ရော်ဘာလက်အိတ်များဝတ်ဆင်ထားသည်။ အများစုမှာ အမျိုးသမီးဆရာဝန်များ ဖြစ်ကြပြီး ၄င်းတို့အထဲမှ အများစုမှာလည်း မျက်မှန်တပ်ထားကြသည်။ သူတို့အများစုမာ ပင်ပန်းလျှက်ရှိကြပြီး မိမိကိုယ်ကိုမီးရှို့၍ မီးလောင်ဒဏ်ရာရလာသော လူနာများထားရှိသည့် အခန်းရှေ့ရောက်လျှင် စကားမပြောဘဲ ဖြတ်သွားလေ့ရှိကြသည်။
နံရံပေါ်ရှိကပ်ထားသည့် တီဗီဖန်သားပြင်ပေါ်မှ အလင်းရောင်ဖျော့ဖျော့လေး လူနာမျက်နှာပြင်ပေါ်ကျလျက်ရှိသည်။ ညာလက်၌ ပတ်တီးမစည်းထားသည့် လက်ချောင်းများကို ဆန့်လိုက်၊ ဆုပ်လိုက်ဖြင့် တရက်ပြီးတရက် လဲလျောင်းလျက်အခန်းထဲတွင် နေရသည်။ ဒဏ်ရာပေါ်ရှိ ပတ်တီးများကို လဲစဥ်အတွင်း တုန်လှုပ်ချောက်ချားဖွယ် ဒုက္ခကိုခံစားရသည်။ ဒေါက်တာ ဂျာမီထံတွင် အဆူခံပြီးနောက် တာဝန်ကျများက လက်တွန်းကုလားထိုင်ပေါ်တွင်တင်၍ တွန်းသွားသည့်အခါ နာကျင်လွန်း၍ ညဉ်းနေရရှာသည်။
တာဝန်ကျများက သူ့ကို အိပ်ရာပေါ်မတင်သည့်အခါ “ ဖြည်းဖြည်း၊ ဖြည်းဖြည်းလုပ်ကြ” ဟု အော်ပြောသည်။ သည်တကြိမ်တွင် ဒေါက်တာဂျာမီ၏ လုပ်ဖော်ကိုင်ဖက် ဒေါက်တာ ဂါဆရီက သူ့ကိုသွားနှုတ်ဆက်သည်။ စကားကိုလည်း ညင်သာစွာပြောသည်။ “ငါတို့ကို ကူညီပါကွယ်၊ ငါတို့မင်းကို နေပြန်ကောင်းလာအောင် ကူညီပေးပါမယ်။” ဟု ဆိုသည်။ သို့ရာတွင် လူနာမှာ သူ့အတွက် အနှီးအသစ်တစ်ခုလှဲပေးခိုင်းသည်မှလွဲ၍ စကားတစ်ခွန်းမျှ မပြောပေ။
ဒေါက်တာ ဂေဆရီတွင် အေးဆေးတည်ငြိမ်ပြီး ရောမခေတ်မှန်စီရွေချထားသည့် သူတော်စင်တစ်ဦးကဲ့သို့ ချောမွတ်သော မျက်နှာထားရှိသည်။ နေ့စဥ်ဝတ်နေကျ အဖြူရောင်ခေါင်းစည်းပဝါ၊ အဖြူရောင်ကုတ်အကျီ ယူနီဖောင်းနှင့် ဘာသာတရားကိုင်းရှိုင်းသည့်ပုံရှိသည်။ အရပ်မှာ ဒေါက်တာ ဂျာမီထက် ခေါင်းတလုံးစာခန့် တိုပြီး သူ့အလုပ်ဖော်လှည့်လည် သွားလာနေကျ လျောက်လမ်းတွင် ညင်သာစွာ သွားတတ်သူဖြစ်သည်။
မနက်ပိုင်း တာဝန်ကျချိန်များတွင် ဒေါက်တာ ဂျာမီသည် သူနာပြုများကိုတိုးဝှေ့ဝင်ရောက်ပြီး သူများထံတွင် ရယ်စရာဟာသများကို ကပ်ပြီးပြောတတ်သောကြောင့် တောင်းပန်သည့်သဘောဖြင့် လက်မောင်းများကို ဖွဖွလေးပုတ်ကာ ဒေါက်တာ ဂေဆရီ၏ လက်မောင်းများကို နှိပ်ပေးတတ်သည်။ ကျေးဇူးတင်၊ နှုတ်ဆက်သည့်အခါများတွင်လည်း မဆီမဆိုင် နှုတ်ခမ်းစူက အနမ်းပေးတတ်သည်။ ဒေါက်တာ ဂေဆရီမှာ ပြုံးရုံသာပြုံးသည်။
အစောပိုင်းနှစ်များအတွင်း ပထမဆုံးအကြိမ် ဒေါက်တာ ဂေဆရီ မီးလောင်ကုသဆောင်ကို ရောက်ရှိသည့်အခါ သူလုပ်နိုင်သည့်အရာ များများစားစားမရှိချေ။ ပတ်တီးစများအောက်တွင် မီးလောင်ဒဏ်ရာများကို ပထမဆုံးအကြိမ်မြင်ပြီး အနံ့ကို ရှုရှိုက်မိသောအခါ မူးမေ့သွားသည်။
သို့ရာတွင် ၄င်းအလုပ်သည်ကား လုပ်ရကျိုးနပ်သည့် အလုပ်ဖြစ်သည်။ သူ့ထံကုသမှုခံယူခဲ့ဖူးသော လူနာများ ကျေးဇူးတင်၊ ဆုတောင်းပေးရန် မကြာမကြာလာတတ်သည်ဟု ဒေါက်တာ ဂေဆရီမှ ဆိုသည်။ တခါတရံ သူတို့သည် သူတို့ဒေသမှထွက်သော လက်ဆောင်များကို ယူလာတတ်ကြပြီး တီဇွာမြို့မှ သကြားလုံးကဲ့သို့ အလွန်ချိုသည့် သကြားလုံးများယူလာပေးတတ်ကြသည်။ တခါတုန်းကဆိုလျှင် တိုးတက်ဖွံ့ဖြိုးမှုနောက်ကျသော ကတ်ဆရိန်းဒေသမှ လယ်သမားတစ်ဦးသည် မနက်စောစောထ၍ လတ်ဆတ်သည့်နွားနို့စစ်စစ်တစ်ပုလင်းကို လာပို့ဖူးသည်။
သို့ရာတွင် ခရီးဝေးလွန်းသဖြင့် ဘန် အေရက်စ်သို့ ရောက်သည့်အခါတွင် နွားနို့မှာ ချဥ်သွားသဖြင့် သောက်မရတော့။
အခုချိန်တွင် ဆေးရုံဟောခန်းမကြီးလမ်းတွင် လူနာဟောင်းတစ်ယောက်စောင့်နေသည်။ သူ့တွင် တောင်းပန်စကားမှလွဲ၍ လက်ဆောင်များမပါလာ။
အာမက် ယာကိုဘီသည် ကားမတော်တဆဖြစ်စဥ်အတွင်း ခြေနှစ်ချောင်းစလုံးလောင်ကျွမ်းသွားပြီးနောက် ၂၀၁၂တွင် ပထမဆုံးအကြိမ် ဆေးရုံတက်ကုသရသည်။ ၂နှစ် အတွင်းပြန်ကောင်းနိုင်သော်လည်း အခုချိန်တွင် ဆယ်နှစ်နီးပါးရှိနေပြီ။ သူ့တွင် ပုံမှန်ဆေးထည့်ပတ်တီးလဲရန်၊ ပုံမှန်ဆေးခန်းပြရန် ငွေကြေးမတတ်နိုင်ခဲ့။ အသက် ၂၅နှစ်တွင် အောက်ခြေနှစ်ချောင်းစလုံးကို အပြည့်အဝ ထိန်းကာသွားမရသဖြင့် ထော့နဲ့ထော့နဲ့သွားသဖြင့် အလုပ်လည်း ရှာမရခဲ့ချေ။
တခြားသူများက လက်ခါပြသည့်အချိန် ဒေါက်တာ ဂါဆရီမှာ သူ့ကိုကြည့်၍ ပြုံးနေသည်။ သို့ရာတွင် သူပြောသည့် စကားက လေးနက်လွန်းသည်။ “ငါ မင်းကို မညာချင်ဘူး။ မင်းရဲ့ ခြေထောက်တွေဟာ စုတ်ပြတ်သတ်နေတာ၊ ဒီအတိုင်းဆက်သွားလို့မရဘူးလေ” ဟု ပြောသည်။
ပိုးဝင်သွားမည် ၊ ခြေဖြတ်ရမည်ကိစ္စကို မမှုဘဲ ဒူးကနေ ခြေအထိတွဲလောင်းကျနေသော ပတ်တီးစများကို သူ မလဲဖြစ်သည်မှာ လေးရက်တောင်ရှိခဲ့ပြီ။ အိမ်နီးချင်းသူနာပြုက သူ့ကို လျော့စျေးနှင့်ပတ်တီးများကို ရောင်းပေးသည်ဟု ဆိုသော်ငြားလည်း အက်ဆီးဒင့်ဖြစ်ပြီးနောက် အိမ်နီးချင်းများမှ ဆက်သွယ်ပေးသော ပရဟိတအဖွဲ့မှာလည်း လေးနှစ်အကြာ သူလမ်းပြန်လျှောက်နိုင်ချိန်တွင် လက်ရှောင်သွားလေသည်။
နှစ်များသည် ဆယ်စုနှစ်သို့ဝင်လာသည်။ တူးနီးရှားနိုင်ငံ၏ ဘဏ္ဏာရေးအခြေအနေမှာ အသင့်အတင့်ကနေ အနိမ့်ဆုံးကိုရောက်သွားပြီး မည်သူတစ်ဦးတယောက်ကမျှ ပေးကမ်းခြင်းမပြုကြတော့။ ထို့ကြောင့် သူ့၏စိတ်မရှည်မှုကို ကွယ်ဝှက်ခြင်းငှာ မတတ်နိုင်တော့သည့် အိမ်နီးချင်းအပေါ်တွင် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေသည်ဟု သူ့ကိုယ်သူ ခံစားမိလာသည်။
ဆေးရုံတစ်ခါပြလျှင် ဆယ် ဒိုင်နာ (သုံးဒေါ်လာခန့်) ကုန်ကျပြီး ပတ်တီးအသစ်လဲလျှင် ၂၀ ဒိုင်နာ ကုန်ကျသည်။ ပြင်ပဆေးခန်းများတွင်ဆိုလျှင်ကား စျေးမှာ သုံးဆလောက်အထိရှိသည်။ ထိုသို့စျေးကြီးသော်လည်း သူ့အနာပေါ်ရှိပတ်တီးများကို နေ့စဥ်နီးပါး လဲချင်ခဲ့သည်။
“ကျွန်တော်ထမင်းဖိုးတောင် မတတ်နိုင်တော့ဘူး၊ ဘယ်လိုလုပ်ပြီး ပတ်တီးအသစ်ဝယ်နိုင်မှာလဲ ဒေါက်တာ” ဟု မစ္စတာ ယာကိုဘီက ဒေါက်တာ ဂါဆရီကို ပြောသည်။
ထို့နောက် ဒေါက်တာ ဂါဆရီက သူ့ကို တင်္နလာ နေ့တွင် လာခဲ့ရန် ပြောလိုက်သည်။ သူမထံတွင် ယာကိုဘီကို ကူညီနိုင်ရန်အတွက် တခုခုရှိကောင်းရှိနိုင်သည်။ သူမသည် ဆွေမျိုးများကို အကူအညီတောင်းကြည့်မည် သို့မဟုတ် မိမိအိတ်ထဲကပဲစိုက်ကာ ကူညီနိုင်မည်လားကို ကြည့်ရတော့မည်။
မီးလောင်ဒဏ်ရာကုသဆောင်၏ တည်ထောင်သူ အကြီးအကဲ အာမန် အာလာ မက်ဆာဒီသည် လူနာအများစုအတွက် ပြောပလောက်သည့် ပြင်ပရုပ်ပိုင်းဆိုင်ရာ ကုသခများ၊ ကျပ်စည်းရန် အသုံးပြုသည့်ပစ္စည်းများ၊ လေဆာရောင်ခြည်ကုထုံး၊ ခြေတုလက်တုနှင့် ပတ်တီးများမတတ်နိုင်သော လူနာများအတွက် ရံပုံငွေရှာရန် အသင်းတစ်ခုကို တည်ထောင်ခဲ့သည်။
သို့ရာတွင် တော်လှန်ရေးပြီးနောက် တည်ထောင်ခဲ့သော စိတ်မချရသည့် လူထုကျန်းမာရေးစနစ်က တရားဝင်ခန့်အပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများအတွက်လောက်သာ အဆင်ပြေပြီး ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ တူနီးရှားနိုင်ငံသား ထက်ဝက်ခန့်မှာ မသေရုံတမယ် ရှင်သန်နေကြရပြီး တိကျသောအချက်အလက်များလည်း မရနိုင်ဖြစ်နေသည်။
သို့ရာတွင် ထိုကျန်းမာရေးအသင်းအဖွဲ့အနေဖြင့် ကိုဗစ်ဖြစ်သည့်အခါ ရံပုံငွေရှာဖွေခြင်းကို ရပ်ဆိုင်းခဲ့ပြီး လူအများအခက်အခဲဖြစ်လာသည်နှင့် လှူဒါန်းများလည်း နည်းပါးလာခဲ့သည်။ ယခုအချိန်တွင် ဒိုင်နာအကြွေများကို စာအိတ်ထဲတွင်ထည့်ကာ ပေးသူများမှာ ဝန်ထမ်းများသာ ဖြစ်ကြပြီး ဒေါက်တာ ဂါဆရီမှ အကူအညီလိုသူများအသုံးပြုနိုင်ရန် သိမ်းဆည်းထားပေးသည်။
“ကျွန်မတို့ အားလုံးဒီအလုပ်က ထွက်ရင် တူနီးရှားနိုင်ငံ ဘာဖြစ်သွားမလဲ”
အာဏာရှင်ဟောင်း ဘန်အာလီ လက်ထက်တုန်းက ငွေကြေးပြဿနာ သည်လောက်အထိမဆိုးဝါးပေ။ နိုင်ငံတော်က အကြီးအကျယ်ထိန်းချုပ်ထားသည့် အစိုးရဟောင်းလက်ထက် ပုဂ္ဂုလိက ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးလိုက်ပြီးနောက် နိုင်ငံ၏ လူလတ်တန်းစားတို့မှာ အဆင်ပြေလာပြီး ကျန်းမာရေးစနစ်က ခိုင်မာတောင့်တင်းလာကာ စျေးကွက်၏ ငွေကြေးတန်ဖိုး၊ စျေးနှုန်းတို့မှာ တည်ငြိမ်ခဲ့သည်။
သို့ရာတွင် နိုင်ငံအတွင်းပိုင်းရှိ ဒေသထက် တူနီးရှားကမ်းရိုးတန်းဒေသက ပို၍ကြွယ်ဝကြပြီး နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုကို ထိန်းချုပ်ထားသော အာဏာရှင် ဘန်အာလီ ခရီုနီများနှင့် ကျန်သည့် စီးပွားလုပ်ငန်းများကြားကွာဟချက် က အများဒေါသထွက်စရာဖြစ်ခဲ့ကာ တူနီးရှားနိုင်ငံ လူဦးရေ ၁၁သန်းခန့်ထဲမှ သုံးပုံတစ်ပုံခန့်ရှိသော မစ္စတာ ဘွာဇီဇီကဲ့သို့ လူငယ်များ အလုပ်အကိုင်အသည်းအသန် ရှာနေကြသည်။ မစ္စတာဘွာဇီဇီမိသားစု အဆိုအရ စည်ပင်အရာရှိများမှ သူရောင်းနေသော သစ်သီးများကို သိမ်းဆည်းပြီး ပါးရိုက်သွားသဖြင့် ရဲများ၏ စော်ကားမှုကိုဆန့်ကျင်သည့်အနေဖြင့် မစ္စတာ ဘွာဇီဇီ မိမိကိုယ်ကို မီးရှို့ဆန္ဒပြခဲ့သည်။
ဒီမိုကရေစီရပြီး ဆယ်စုနှစ်တစ်ခုအတွင်း ရွေးကောက်ပွဲများ၊ လွပ်လပ်စွာဖော်ထုတ်ခြင်းများ၊ လွပ်လပ်သော သတင်းမီဒီယာ၊ အားကောင်းသော အရပ်ဖက်အဖွဲ့အစည်း၊ အမှီအခိုကင်းသော အသင်းအဖွဲများ၊ ဤအရာများအားလုံးတို့သည် ပြင်သစ်ကိုလိုနီပြုသည့်ကာလ သို့မဟုတ် နောက်ထပ်အာဏာရှင် နှစ်ဆက်လက်ထက်တွင် တူနီရှားနိုင်ငံသားများ မရဖူးသောအရာများပင်ဖြစ်သည်။ သို့ရာတွင် ပိုမိုကောင်းမွန်သော လူနေမှုဘဝကိုရရန် တောင်းဆိုခဲ့သော တော်လှန်ရေးသမားတို့အတွက်ကား ထိုကဲ့သို့လက်ဆုပ်လက်ကိုင်မပြနိုင်သောအရာများမှာ အရာမထင်ဘဲ ရုပ်ဝတ္တုအရလည်း လျင်မြန်စွာပင် ကုန်ခမ်းသွားတော့သည်။
စျေးကြီးသည်များကို တင်သွင်းပြီး စျေးနည်းသည့်အရာများကိုသာ တင်ပို့နိုင်သော တူနီးရှားနိုင်ငံဟောင်းမှ အမွေရခဲ့သော နိုင်ငံခြားကိုပေးရမည့် အကြွေးများ၊ စီးပွားရေး လည်ပတ်လုပ်ကိုင်ပုံများက အတွေ့အကြုံရင့်ကျက်လှပါသည်ဆိုသော ခေါင်းဆောင်များအတွက်တောင် စိန်ခေါ်ချက်ဖြစ်စေခဲ့လောက်ပြီး တူနီးရှား၏ ခေါင်းဆောင်သစ်များမှာလည်း အတွေ့အကြုံနုနယ်ကာ စီးပွားရေးကို ပြုပြင်ပြောင်းလဲမည့်အစား ဖွဲ့စည်းပုံအသစ်ကိုသာ အာရုံစိုက်နေကြသည်။
အစောပိုင်းအစိုးရများမှာ သူတို့ချမ်းသာကြွယ်ဝဖို့အတွက်သာ ကြိုးစားခဲ့ကြပြီး နောက်ပိုင်းအစိုးရများမှာလည်း စီးပွားရေးကို ပြန်လည်ပြုပြင်ရန် ပျက်ကွက်ခဲ့ကြသည်။
နိုင်ငံ၏အသက်တမျှအရေးကြီးသော ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ထိခိုက်စေသည့် အစွန်းရောက် အစ္စလာမ်မစ်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ အိမ်နီးချင်းနိုင်ငံတွင်ဖြစ်နေသည့် ပြည်တွင်းစစ်၊ ဥရောပတွင်ဖြစ်ပျက်နေသည့် ငွေကြေးအကျပ်တည်းတို့ကဲ့သို့ ကံဆိုးမှုများမရှိခဲ့လျှင်၊ အနောက်နိုင်ငံများမှ အကြွေးဖြေလျော့မှုများနှင့် အကူအညီများသာ ပိုမိုရရှိခဲ့လျှင် သည်အကျပ်အတည်းကို ရှောင်ရှားခဲ့နိုင်မည်ဖြစ်သည်။
ထိုတိုက်ခိုက်မှုများသည် အစ္စလာမ်မစ်ပါတီလွမ်းမိုးထားသော ပါလီမန်ကြီးတစ်ခုလုံးကို နာမည်ကျဆင်းစေသည့် အီနာဒါပါတီအပေါ်သံသယကို ပိုမိုနက်ရှိုင်းစေသည်။
ဒီမိုကရေအပေါ်တွင် ယုံကြည်မှုကျဆင်းလာခြင်းကို မဲပေးသူနည်းပါခြင်းဖြင့် တိုင်းတာနိုင်သည်။ ၂၀၁၁ခုနှစ်တွင် တော်လှန်ပြီးနောက်ပထမဆုံးအကြိမ် ပါလီမန်ရွေးကောက်ပွဲအတွင်း မဲပေးသူဦးရေ ၉၂ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ၂၀၁၉ခုနှစ်တွင် အကျင့်ပျက်ခြမစားနိုင်လောက်ဟု ထင်ရသော ပုဂ္ဂိုလ် မစ္စတာ ဆိယက် ရွေးကောက်ခံသောအခါတွင် ၄၁ရာခိုင်နှုန်းသာ ရှိခဲ့သည်။
သို့တည်းမဟုတ် ဒီမိုကရေစီအပေါ် ယုံကြည်မှုနည်းပါးလာခြင်းကို မိမိကိုယ်ကိုမီးရှို့မှုများဖြင့် တိုင်းတာကြည့်၍ ရနိုင်သည်။ အသစ်ထပ်မံပေါ်ပေါက်လာသော စီးပွားရေးအကျပ်အတည်းများနှင့်အတူ ပိုမိုများပြားသည့် ပြည်သူများ မိမိကိုယ်ကို မီးရှို့လာကြပြီး တူနီးရှား၏ ဒီမိုကရေစီ စမ်းသပ်ဆဲကာလ ရှစ်နှစ်ထဲသို့ဝင်ရောက်လာသောအခါ ဒေါက်တာ မက်ဆာဒီ ခက်ခက်ခဲခဲစုဆောင်းထားသည့် မီးလောင်ဒဏ်ရာကုသဌာနမှ ဆရာဝန်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတော့သည်။ ကျန်ရစ်သူများမှာ ဒေါက်တာ မက်ဆာဒီ၊ ဒေါက်တာ ဂျမီ ၊ ဒေါက်တာ ဂေဆရီနှင့် စီနီယာ အထူးကု နှစ်ယောက်တို့သာ ကျန်ရစ်ခဲ့ပြီး ၄င်းတို့နှစ်ဦးထဲမှ တစ်ဦးမှာလည်း နိုင်ငံကိုထွက်သွား၊ မသွားကို စဥ်းစားလျက်ရှိနေသည်။
တူနီးရှားနိုင်ငံမှ ဆရာဝန်များ ရွှေ့ပြောင်းလေ့ရှိကြသော ပြင်သစ်နိုင်ငံတွင် လစာငွေများများစားစား အစပိုင်းတွင် မရကြပေ။ သို့ရာတွင် မီးလောင်ဒဏ်ရာကုသသည့် ဌာနမှ ငယ်ရွယ်သည့် ဆရာဝန်များ ထင်ကြသည်ကား ဆေးကုသရာတွင်သုံးသည့် ပစ္စည်းများ၊ အသုံးအဆောင်များ၊ လုပ်ငန်းဆောင်တာများ၊ မသမာ အာမခံ နှင့် အလုပ်လုပ်ချိန်များမှာ ပြင်သစ်တွင် ပိုမိုကောင်းမွန်သက်သာပြီး စိတ်ဓာတ်ကျစရာများနည်းပါးလိမ့်မည်ဟု ယုံကြည်နေကြသည်။
ပြင်သစ်နိုင်ငံတွင် မသေချာသော အနာဂတ်ကိုဖြစ်စေသော နိုင်ငံရေးပဋိပက္ခ၊ သို့မဟုတ် နိုင်ငံပြိုလဲစေလောက်သည့် စီးပွားရေးမျိုး ရှိလိမ့်မဟုတ်ပေ။
ဂျူလိုင်လတွင် မစ္စတာ ဆိယက်က ပြည်သူဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံအသစ်ပြောင်းလဲရန် ပြောကြားခဲ့ပြီး ပါလီမန်ကိုလည်း တာဝန်များလျှော့ချကာ မစ္စတာ ဘန် ဘာလီ ဘက်ထက်ကပင် မည်သူမျှ မနှစ်သက်ခဲ့သော သူ့ကိုသူ သမ္မတ အာဏာလို ရာထူးမျိုးကို မိမိကိုယ်ကို အပ်နှင်းခဲ့သည်။ အနောက်နိုင်ငံမှ ကျွမ်းကျင်သူများက ဖွဲ့စည်းပုံအသစ်သည် တူနီရှားနိုင်ငံ၏ ဒီမိုကရေစီအဆုံးသတ်ကို ပိုမို မြန်ဆန်သွားစေလိမ့်မည်ဟု သတိပေးပြောကြားခဲ့သည်။
ထို့နောက် မစ္စတာ ဆိယက် က ပြည်သူများကို ပါလီမန်အသစ်အတွက် မဲပေးကြရန် တိုက်တွန်းခဲ့ပြီး အီနာဒါပါတီနှင့် တခြားသော နိုင်ငံရေးပါတီများ၏ လွှမ်းမိုးမှုကို ဖယ်ရှားဆုံးခန်းတိုင်စေခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။ သို့ရာတွင် ဒီဇင်ဘာ ၁၇ ရက်နေ့ ရွေးကောက်ပွဲတွင် ၁၁ရာခိုင်နှုန်းသော မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်များသာ ရောက်ရှိကြသည်။
ဒေါက်တာ ဂါဆရီအဖို့ ဤအချိန်အတောအတွင်း မှတ်မိရန် ပိုခက်ခဲလာသောလည်း တော်လှန်ရေးကာလအတွင်း သူခံစားတွေ့ကြုံမျှော်လင့်ခဲ့ရသည့် မျှော်လင့်ချက်ကား တနေရာရာတွင် ရှိနေတုန်းပင်ဖြစ်သည်။ သူမက ဗိသုကာ ဘွဲ့အတွက် ကျောင်းတက်နေသည့် သူ့သားဖြစ်သူသာ ဥရောပသို့ အတွေ့အကြုံရရန် နှစ်အနည်းငယ်သွားလိုပါက နားလည်ပေးနိုင်သော်လည်း တချိန်ချိန်ကျလျှင် သူ့သားကို ပြန်လာစေချင်သည် ဟု ပြောပြသည်။
သူမသည် တူနီးရှားတွင်သာ ဆက်နေမည်ဖြစ်ပြီး “ကျွန်မတို့အကုန်လုံးသွားကြရင် တူနီးရှားနိုင်ငံ ဘာဖြစ်သွားမယ်ထင်လဲ” ဟု ပြောခဲ့သည်။
အမှောင်ကျသည့် နေ့ရက်များ
ဒေါက်တာ ဂျမီအဖို့ တော်လှန်ရေးသည် အမှောင်ကျနေ့ရက်များ အစပျိုးသည့် ကာလသာ ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သူသည် နေ့ရက်အများစုကို ဗိုက်နာ၊ နွမ်းနယ်၊ စိတ်ဖိစီးမှုများနှင့်သာ ဖြတ်သန်းခဲ့ရသည် ဟုဆိုသည်။
“ကျွန်မအတွက် လူတစ်ယောက်လောက်ရှာပေးကြပါ”၊ သူ့ကိုလက်ထပ်ဖို့ လက်စွပ်တောင်းမှာတော့မဟုတ်ဘူး၊ အနောက်နိုင်ငံတခုခုကိုသွားဖို့ ဗီဇာလိုချင်လို့” ဟု သူကပြောပြသည်။ “ကျွန်မကို ဒီနိုင်ငံက ခေါ်ထုတ်သွားဖို့ပေါ့” ဟု သူက ရယ်စရာအဖြစ် ပြောခြင်းဖြစ်သည်။ သို့ရာတွင် ဒေါက်တာ ဂျမီက အကယ်၍ သူမအနေဖြင့် အသက်ကြီးနေပြီဖြစ်သည့် သူ့အမေကိုသာ မထောက်ပံ့ရတော့ဆိုလျှင် နိုင်ငံက ထွက်သွားဖို့ ကြိုးစားနိုင်လောက်သည်။
ဆရာဝန်များအတွက် နောက်ဆုံးထိုးနှက်ချက်တစ်ခုကား ကိုဗစ် ၁၉ ဆေးရုံးဆေးခန်းများတွင် အကြီးအကျယ်ကျရောက်လာသည့် အချိန်တွင်ဖြစ်သည်။ အထူးကုများကို အရေးပေါ်အခြေအနေများသို့ တွန်းပို့ပြီး ကျန်းမာရေးဝန်ကြီးဌာအနေဖြင့်တောင် ပြည်သူများ၏ လစာငွေများကို ဖြတ်တောက်ယူရသည့်အထိဖြစ်ခဲ့သည်။
သေဘေးနှင့် ပရမ်းပတာအခြေအနေကြား မစ္စတာ ဆိယက် ကြိုးပမ်းသည်ကား သူ့အာဏာလက်မလွှတ်ရေးသာဖြစ်ခဲ့သည်။ ဒေါက်တာ ဂျမီက သူအစိုးအရအဖြစ်အာဏာရလာခြင်းကြောင့် စိုးရိမ်ဖွယ်ရာ စိတ်သက်သာရာရခဲ့သည်ဟု ဆိုသည်။ ဒေါက်တာ ဂေဆရီကား အကောင်းဆုံးအခြေအနေကိုသာ မျှော်လင့်လျှက်ရှိသည်။
လက်ရှိတွင် တစ်နှစ်ကျော်လာပြီဖြစ်သည်။ မစ္စတာ ဆိယက်ကလည်း ပြိုပျက်နေသည်များကို ပြုပြင်နိုင်စွမ်းမရှိ၊ ပိုမိုများပြားသော လူငယ်များက မိမိကိုယ်ကို မီးရှို့ဖို့ ကြိုးစားလာကြပြီး ထိုအကျဥ်းအကျပ်ကြားတွင် ကျန်းမာရေးဝန်ထမ်းများလည်း ဆက်မနေမိအောင် ကြိုးစားနေကြသည်။
တခုသော နေ့ခင်းဖက် ရှားရှားပါးပါး နားနေချိန်အတွင်း သမားတော်များထဲမှ တစ်ဦးကို ဒေါက်တာဂျေမီက “ဒီနိုင်ငံက ကမ္ဘာ့အကောင်းဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံပါ၊ ဒါပေမယ့် ကျွန်မ ဒီက ထွက်သွားချင်တယ်၊ ဘာလို့လဲဆိုတော့ သူတို့က ဒီနိုင်ငံကို ဖျက်ဆီးခဲ့ကြလို့လေ” ဟု ပြောသည်။
သူမ၏ မျက်နှာသည်ကား မောပန်းမှုများနှင့် နူးညံပျော့ပျောင်းနေသည်။ “ သူတို့က ကျွန်မတို့နေစေလောက်တဲ့ ဘယ်အကြောင်းပြချက်တခုကိုမှ မပေးနိုင်ကြဘူး” ဟု ပြောပြသည်။
သူမဆိုလိုသည်မှာ ရွေးကောက်ပွဲတစ်ခုပြီးတစ်ခု တာဝန်ကျေစွာဖြင့် မဲပေးခဲ့ကြသော နိုင်ငံရေးသမားများကို ဆိုလိုခြင်းဖြစ်သည်။ သိပ်မကြာခင်မှာပဲ သူမက ဒေါက်တာ မက်ဆာဒီကို “ ဒီနေ့စောစောပြန်ချင်တယ်၊ အိမ်ကိုပြန်မှာလေ” ဟု ခွင့်တောင်းသံကိုကြားရသည်။
နယူးယောက်တိုင်းမ်စ် သတင်းစာပါ – In a Hospital Ward, the Wounds of a Failed Democracy Don’t Heal ဆောင်းပါးရှည်ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။